သင့်မှာ ကိုယ်ပိုင် လိုဂိုရှိပြီလား၊ ဒီဇိုင်နာ စည်သူမြင့်မောင်မောင်နှင့် အင်တာဗျူး

ဧရာဝတီ
လိုဂိုဒီဇိုင်နာ ကိုစည်သူမြင့်မောင်မောင်
Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင်ကြရတော့မယ့် အနေအထားကို ရောက်နေပါပြီ။ ထုတ်ကုန် အရည်အသွေး ကောင်းမွန်မှု၊ နည်းပညာပြည့်ဝမှု အပြင် အခြား အရေးပါတဲ့ အချက်တခုက လိုဂို ဖြစ်ပါတယ်။ လိုဂို (Logo) ဆိုတာ logotype ဆိုတဲ့ ဂရိစကားရဲ့ အတိုကောက်ပါ။  သင်္ကေတ၊ အမှတ်အသား၊ အမှတ်တံဆိပ်လို့ အဓိပ္ပာယ် ရတဲ့ လိုဂိုကို စီးပွားရေးလုပ်ငန်းမှာ သာမက ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေးကျောင်းများနဲ့ အခြား လူမှုရေး အသင်းအဖွဲ့ တွေမှာလည်း လိုဂို ရှိကြပါတယ်။

လိုဂိုဟာ စီးပွားရေး လုပ်ငန်း အောင်မြင်ဖို့ အတွက် ဘယ်လောက် အရေးပါသလဲ၊ လိုဂို တခုကို ဘယ်လို ဖန်တီးယူသလဲ ဆိုတာ လိုဂိုဖန်တီးသူ ဒီဇိုင်နာ ကိုစည်သူမြင့်မောင်မောင်ကို ဧရာဝတီ သတင်းဌာနမှ ကော်ပီအယ်ဒီတာ နိုင်စွမ်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။    ။ ပထမဆုံး လိုဂိုနဲ့ Trademark အကြောင်း စပြောပေးပါလား။

ဖြေ။    ။ Logo, Trademark ဆိုပြီး ခေါ်နေကြပေမယ့် သူတို့ နှစ်ခုရဲ့ အဓိပ္ပာယ်က အနည်းငယ် ကွဲပြားပါတယ်။ Logo ဆိုတာ လုပ်ငန်းတခု၊ ကုန်ပစ္စည်းတခု၊ ကုမ္ပဏီတခုရဲ့ အမည်နာမကို စားသုံးသူ (Client) တွေ မှတ်မိလွယ်အောင် ပြုလုပ် ထားတဲ့ ပုံ (သို့မဟုတ်) စာလုံးကို ဒီဇိုင်း တခုလုပ်ထားတဲ့ ပုံ တခုလို့ အလွယ်ပြောနိုင်ပါတယ်။Trademark ဆိုတာက အဲဒီ Logo ကိုလည်း ပါမယ်၊ တခြား ပုံတခုခုလည်း ပါချင်ပါနိုင်တယ်၊ ပြီးရင် ကုန်ပစ္စည်းရဲ့ နာမည်တို့၊ လုပ်ငန်း နာမည်တို့ စုပေါင်းထားတဲ့ ဒီဇိုင်းကို Trademark လို့ ယေဘုယျ ပြောနိုင်ပါတယ်။

Logo နဲ့ Trademark အပြင် ဒီမှာ သိပ်မပြောကြတာကတော့ Emblem ပါ။ Logo နဲ့ Trademark ကိုတော့ စီးပွားရေး လုပ်ငန်းတွေမှာ အသုံးပြုကြပြီး အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ အားကစား အသင်းများမှာ အသုံးပြုကြတဲ့ အမှတ် အသားကို Emblem လို့ သုံးပါတယ်။ Emblem ဆိုတာက traditional, historical ပုံရိပ်တွေကို ကိုယ်စားပြုတဲ့ ပုံလို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။

မေး။    ။ လိုဂိုတခု ဖန်တီးဖို့ ဘယ်လို ပြင်ဆင်ပါသလဲ။

ဖြေ။    ။ Logo တခု ဖန်တီးဖို့ ဘယ်လို ပြင်ဆင်ရသလဲ ဆိုတော့ အရင်ဆုံး Client ကို မေးခွန်းများစွာ မေးရပါတယ်။ တချို့ Client တွေဟာ ဒီဇိုင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရှိကြသလို တချို့လူတွေကျ Logo နဲ့ ပတ်သက်တဲ့ Knowledge မျိုး မရှိကြပါဘူး။ Logo တခုကို လုပ်ငန်းနာမည် သိရုံလေးနဲ့ ဆွဲလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လုပ်ငန်းရဲ့ အမည်၊ ဘာလုပ်မှာလဲ။ ဥပမာ – အဝတ်အစား ရောင်းမယ် ဆို အမျိုးသမီးဝတ်လား၊ အမျိုးသားဝတ်လား၊ လူကြီးပိုင်းလား၊ ကလေးဝတ်လား။ ပြီးရင် မော်ဒန်ဒီဇိုင်းလား၊ ရိုးရာပုံစံတွေလား၊ ခုမှ လုပ်ငန်းစ မှာလား၊ နောက်ပိုင်းရော အမျိုးသမီးဝတ် ကနေ အမျိုးသားဝတ်ပါ ထည့်ရောင်းဖို့ အစီအစဉ် ရှိသလား စတဲ့ အသေးစိတ်ကို မေးမြန်းပြီး လေ့လာရပါတယ်။

R.V.D.P လို့အဆင့် ၄ ဆင့် သတ်မှတ်ပါတယ်။ Research, Visualize, Design, Presentation တွေပါ။ Client ကို မေးမြန်းတဲ့ Research အဆင့်ပြီးရင် ရလာတဲ့ Client ရဲ့ လိုအပ်ချက်တွေ အပေါ် မူတည်ပြီး လုပ်ငန်းနာမည်နဲ့ လိုက်ဖက်တဲ့ ပုံစံမျိုး၊ စာလုံး ပုံစံမျိုး အခြေခံကို ခဲတံနဲ့ စ အကြမ်းခြစ် ရပါတယ်။ အဲဒီအဆင့်ကို Visualize အဆင့်အဖြစ် သတ်မှတ်ပါတယ်။

အခြေခံပုံလေး ရလာတာတဲ့ အထဲကမှ အဓိပ္ပာယ်တခု ရှိမယ့် အိုင်ဒီယာမျိုးနဲ့ စတင် ဒီဇိုင်းဆွဲရပါတယ်။ ဒီနေရာမှာလည်း ခဲခြစ်ကို Scan ဖတ်ပြီး ကွန်ပျူတာမှာ ဆွဲရာကနေ ပုံကို ချောသထက် ချောအောင် စဉ်းစားရပါတယ်။ ပြောရရင် Design အဆင့်မှာ ကိုယ့် Logo ကို ဟန်ချက်ညီဖို့ လုပ်ရသလို Color fill ပြီဆိုရင်လည်း လုပ်ငန်းနဲ့ သင့်တော် လိုက်ဖက်မယ့် အရောင်တွေ စဉ်းစားရပါတယ်။ အဲဒီ အဆင့်တွေ အတိုင်း Client ဖက်က ရွေးချယ်နိုင်အောင် Logo တော်တော်များများ လုပ်ပြီးမှ Client ကို ပြရပါတယ်။ Presentation အဆင့်ပါ။ Presentation အဆင့်မှာလည်း အလုပ်များ ပါတယ်။ Logo ကို ဒီအတိုင်းပြရင် မမြင်သာပါဘူး။ ကုန်ပစ္စည်း Logo ဆို သူရဲ့ ကုန်ပစ္စည်း ထည့်ရမယ့် ဗူးပေါ်မှာ မြင်နေတဲ့ အနေအထားမျိုး ဖြစ်အောင် ပြရပါတယ်။

မေး။    ။ လိုဂိုဖန်တီးသူ ဖြစ်ဖို့ ငယ်ငယ်ကတည်းက အိပ်မက် မက်ခဲ့တာလား။

ဖြေ။    ။ ကျနော်က ငယ်ငယ်က Architect ဖြစ်ချင်ခဲ့တာပါ။ ကျနော် ဆယ်တန်းအောင်တဲ့ နှစ်မှာ ကျနော်တက်ချင်တဲ့ MIT တို့ YIT တို့ ပိတ်လိုက်ပြီး GTC ဖြစ်သွားပါတယ်။ အဲဒါနဲ့ ကျောင်းကို မရွေးချယ်မိခဲ့ဘဲ ကွန်ပျူတာ တက္ကသိုလ်ကို ရွေးမိသွားတယ်။ တကယ်တော့ လူငယ်တယောက်ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုလို့ပဲ ပြောရမှာ ပေါ့။ ကွန်ပျူတာ ကျောင်းတက်နေတုန်း ကျနော် Programming ကို လေ့လာခဲ့ပါတယ်။ ကျောင်းပြီးတော့ ဆယ်နှစ်တိတိ Web Programmer, Web Developer သမားဘဝနဲ့ ကျနော် ရပ်တည်လုပ်ကိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကိုယ်က ဒီဇိုင်းကို ဝါသနာပါခဲ့တော့ အမြဲလိုလို လေ့လာခဲ့ပါတယ်။ ကျနော် ဆယ်တန်းအောင်ကတည်းက Photoshop ကို ၂၀၀၁ ခုနှစ်လောက်ကတည်းက သင်ယူတတ်မြောက်ထား ပါတယ်။ Photoshop လက်ဦးဆရာကတော့ မန္တလေးက ဆရာမြင့်အောင်ချစ်ပါ။

၂၀၁၂ ခုနှစ်လောက်က စတင်ပြီး ကျနော် ဝါသနာပါတဲ့ ဒီဇိုင်နာ ဘဝကိုပဲ ရဲရဲ ရွေးချယ်ပြီး Programmer ဘဝကို စွန့်လွှတ်ခဲ့ပါတယ်။ ခုဆို Branding Logo, Advertising Design, Stationery Design အပြင် 3D Visualization ကိုပါ Freelance သမား အဖြစ်ရပ်တည်နေတာပါ။ နည်းပညာပိုင်း Photoshop, Illustrator, Corel Draw, Sketch-up, Vray, Bryce, Poster တို့ အပြင် ခဲခြစ်နဲ့ Conceptual ဆွဲပြီး အခြေခံကျကျ တဆင့်ချင်းရေးဆွဲပါတယ်။

မေး။    ။ အောင်မြင်တဲ့ လိုဂိုဒီဇိုင်းသမား အတွက် အရေးကြီးတဲ့ အချက်တွေက ဘာတွေလဲ။

ဖြေ။    ။ အောင်မြင်တဲ့ လုပ်ငန်းသမား၊ ဒီဇိုင်နာ ဖြစ်ဖို့ဆို ကိုယ်လုပ်နေတာကို ကိုယ်ချစ်ဖို့ လိုတယ်။ ပြီးရင် ရိုးသားဖို့ လိုတယ်။ ပြီးတော့ စေတနာထားပြီး လုပ်ပေးရမယ်။ ဒီဇိုင်းသမားကို အနုပညာသမားလို့ အချို့က ဆိုတယ်။ ကျနော့် အနေနဲ့ ကွန်းဆက်အခြေပြု ဖန်တီးမှု လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးရတာ အပြင် မက်ဆေ့ဂျ် တခုခု ပေးနိုင်အောင် ရည်ရွယ်ပေါင်းစပ် ဖန်တီးရတာမို့ပါ။ ဒီဇိုင်းဆွဲတာဟာ ခံစားမှုကို အသားပေးလို့ မရပါဘူး။ ကိုယ်ဆွဲမယ့် ဒီဇိုင်းကိုယ်တာဝန်ယူ ရပါတယ်။

ဒါကြောင့် ကိုယ်လုပ်နေတာကို ကိုယ်ချစ်ဖို့၊ ရိုးသားဖို့၊ စေတနာထားဖို့၊ တာဝန်ယူဖို့ ဒီလေးခုကို တစိုက်မတ်မတ် လက်ကိုင်ထားဖို့ပဲ။ နိုင်ငံရေး မတည်ငြိမ်တာတွေ၊ အစိုးရမကောင်းတာတွေ၊ ခရိုနီက ဘာဖြစ်တာတွေ အဲဒါတွေ အကြောင်းပြနေမယ့် အစား ကိုယ့်အလုပ်ကိုယ် တစိုက်မတ်မတ်လုပ်နေဖို့ လိုပါတယ်။

(ရန်ကုန်အခြေစိုက် လိုဂိုဒီဇိုင်နာ စည်သူမြင့်မောင်မောင်သည် စီးပွားရေး၊ ကျန်းမာရေး၊ ဖက်ရှင်၊ အားကစား စသည့် လုပ်ငန်းများ အတွက် လိုဂိုဒီဇိုင်းများစွာ ရေးဆွဲနေသူ ဖြစ်ပြီး၊ ဒီဇိုင်းဆိုင်ရာ ဗဟုသုတများကိုလည်း facebook.com/sithu.designer မှ ဖြန့်ဝေပေးနေသူ ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading