Lifestyle

မြန်မာ့ခရီးသွားလုပ်ငန်း တခေတ် ဆန်းဦးမလား

Want create site? Find Free WordPress Themes and plugins.

ဦးလာယုက ကြက်ရိုးခြောက် ၂ ချောင်းကို သူ၏ ဓားဖြင့် ခြစ်ရင်း မျက်လုံးနှင့် မမြင်နိုင်သည့် သတင်းစကားတခုကို ရှာဖွေနေသည်။ ပန်ပက်ရွာမှ သက်ကြီးရွယ်အို နတ်ဆရာတယောက်ဖြစ်သည့် ဦးလာယုက ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ရိုးရာဓလေ့တခုကို သရုပ်ဖော်ပြနေခြင်း ဖြစ်သည်။ ထို့နောက် ဟောကိန်းထုတ်သည့် အချိန်သို့ ရောက်လာသည်။

“လာမယ့်နှစ်အတွင်းမှာ ခင်ဗျားရဲ့ကံက အလွန် ကောင်းမွန်လိမ့်မယ်လို့ အရိုးတွေက ကျနော့်ကို ပြောတယ်။ တကယ်လို့ နိုင်ငံရပ်ခြားမှာ နေမယ်ဆိုရင် ခင်ဗျားကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး” ဟု ဦးလာယုက ကြက်ခြေထောက်ရိုး ၂ ချောင်းကို သူ့လက်တွင်းတွင် လှည့်ရင်း ကျမ၏ အနာဂတ်ကို ဟောပါသည်။ တောင်ကုန်းများထူထပ်သည့် ကယားပြည် နယ်ရှိ သူ့အိမ်၏ မျက်နှာကြက်ဆီသို့ မီးပုံမှ မီးခိုးများက ဖြည်းဖြည်းချင်း တလိမ့်လိမ့် တက်နေသည်။

ဘာသာရေး ခေါင်းဆောင်တယောက် အနေဖြင့် သူဆောင်ရွက်ရသည်များထဲတွင် ဗေဒင်ဟောခြင်းက အရေးပါသည့် အစိတ်အပိုင်း တခုဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့ပိုင်း တောင်ကုန်းများပေါ်မှ အိမ်စုလေး ၅ ခု စုပေါင်းထားသည့် ပန်ပက်ကျေးရွာသို့ ရောက်လာသော နိုင်ငံခြားသား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အရာတခုလည်း ဖြစ်သည်။

ခေါင်ရည်သောက်နေတဲ့ ကယန်း ကငန် မျိုးနွယ်စုဝင်တဦး

သို့သော်လည်း မကြာသေးမီ အချိန်အထိ ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းက ထိုဒေသတွင် တွေးကြည့်လို့ပင် မဖြစ်နိုင်သည့် ကိစ္စတခု ဖြစ်ခဲ့ပါသည်။ ၁၉၅၀ နှစ်များက စတင်၍ ကယားပြည်နယ်သည် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ စစ်ပွဲနယ်မြေ ဖြစ်ခဲ့သည်။
ပဋိပက္ခများကြောင့် သိန်းနှင့်ချီသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခဲ့ကြရပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့်အထိ အဆိုပါဒေသသည် ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေဆဲ ဖြစ်ခဲ့ရသည်။

ရှိရင်းစွဲ မြန်မာ့ရတနာများ

သို့သော်လည်း လွန်ခဲ့သော ၄ နှစ်က စ၍ အခြေအနေများ စတင်ပြောင်းလဲလာခဲ့သည်။ အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ကြားမှ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်က မဖော်ထုတ်ရသေးသည့် အလှတရားများ ရှိနေသည့် မြန်မာနိုင်ငံ၏ ဖုံးကွယ်နေသော ရှားပါးရတနာကို ကမ္ဘာလှည့် ခရီးသည်များ ဆက်တိုက် လာရောက်နိုင်စေခဲ့ သည်။ ကွဲပြားစုံလင်သည့် တိုင်းရင်းသား မျိုးနွယ်စုများက လူသိနည်းသည့် နေရာတခုမှ ထူးခြားသည့် အတွေ့အကြုံများကို ရရှိစေသည်။

ယခုအခါတွင် ရန်ကုန်မြို့နှင့် ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့တို့ကြားတွင် လေယာဉ်များ နေ့စဉ်ပျံသန်းပေးနေ သည်။ အနီးပတ်ဝန်းကျင်မှ လှပသည့် ဒေသတခု ဖြစ်သော အင်းလေးကန်မှ တဆင့် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် လှေများကလည်း ဆက်တိုက် ရောက်လာနေသည်။ ကယားပြည်နယ်တွင် ယခုလောက်အထိ အလုပ်မများခဲ့ဖူးပါ။

ကြေးခွေပတ် ကယန်း ပဒေါင်မိသားစု

“ရန်ကုန်မှာ နိုင်ငံခြားသား အသိုင်းအဝိုင်းက အလျင်အမြန် ကျယ်ပြန့်လာပြီးတော့ လူတွေက သီတင်းပတ်ကုန် ရက်တွေမှာ သွားစရာနေရာ ရှာဖွေလာကြတယ်” ဟု မကြာသေးမီကမှ လွိုင်ကော်တွင် တည်းခိုခန်းတခု ဖွင့်လှစ်ခဲ့သည့် Jens Uwe Parkitny က ပြောသည်။ သူက ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ် တွင် မွေးဖွားခဲ့သော ဓာတ်ပုံဆရာ တဦးဖြစ်သည်။

အပစ်အခတ် ရပ်စဲအပြီး များမကြာမီ အချိန်တွင် ကယားပြည်နယ်သို့ ပထမဆုံး ရောက်ရှိခဲ့စဉ်ကတည်းက နှစ်လိုဖွယ် ကောင်းသည့် ကျေးလက်ဒေသ၏ အလားအလာကို Jens Uwe Parkitny မြင်တွေ့ခဲ့သည်။ သူ ကြိုတင် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်ပါသည်။ သူ၏ တည်းခိုခန်းကို စတင်ဖွင့်လှစ်ခဲ့သည့် အောက်တိုဘာလမှ စ၍ သီတင်းပတ်ကုန် ရက်တိုင်းတွင် ကြိုတင်မှာကြားမှုများဖြင့် အခန်းပြည့်နေခဲ့သည်။ “လွိုင်ကော်က တကယ့် အသစ်ပဲ။ ဟိုတုန်းက မြန်မာနိုင်ငံအတိုင်း ခံစားရတုန်းပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်က အရှေ့တောင်အာရှ အနေအထားက ဒီလိုမျိုး နေမှာပဲလို့ ခံစားရတယ်” ဟု သူက ပြောသည်။

နှစ်လိုဖွယ်ရာ နေရာလေး ဆုံးရှုံးသွားနိုင်

ကယားပြည်နယ်မှ ပြည်သူများက အခြေအနေကို အလျင်အမြန် အသုံးချ၍ ကမ္ဘာလှည့် ခရီးသည်များထံမှ ဒေါ်လာငွေများ၏ နောက်သို့လိုက်ရင်း ကမ္ဘာဟောင်းမှ နှစ်လိုဖွယ်ရာ အငွေ့အသက်များ မကြာမီ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

“ကျနော်တို့မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတက အကန့်အသတ်နဲ့ ပဲရှိတယ်။ အရင်းအမြစ်ကလည်း အကန့်အသတ် ရှိနေယ်။ တကယ်လို့ ခရီးသွားလုပ်ငန်း အရမ်း တိုးတက်လာပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေ ပိုရောက်လာရင် ကျနော်တို့ရဲ့ ချစ်စရာကောင်းတဲ့ နေရာလေးကို ကျနော်တို့ ဆုံးရှုံးရနိုင်တယ်” ဟု ကုလသမဂ္ဂနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တို့ ပူးပေါင်းထားသည့် အဖွဲ့အစည်း ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ (ITC) မှ ဦးဝင်းနိုင်က ပြောသည်။ ရေရှည်ခိုင်မြဲသည့် ခရီးသွားလုပ်ငန်း မှတဆင့် ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရန် ITC  ရည်မှန်းထားသည်။

ဧည့်သည် အရေအတွက် တိုးပွားလာသော်လည်း ခရီးသွားလုပ်ငန်းသည် စီးပွားရေးလုပ်ငန်း ဖြစ်သည်ဆိုခြင်းက ဒေသခံများ အတွက် စိန်ခေါ်မှုတခု၊ အယူအဆသစ်တခု ဖြစ်နေဆဲပင် ဖြစ်သည်။ အများစုက ပြင်ပကမ္ဘာမှ ရောက်လာသည့်သူများနှင့် အသားမကျနိုင်ကြသေးပါ။

တခါတရံ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများကို ရိုသေလေးစားမှု မပြတတ်သည့် ဧည့်သည်များနှင့် တိုင်းရင်းသား အသိုင်းအဝိုင်းများ ကြားတွင် ပွတ်တိုက်မှုများ ရှိနေသည်။ ဧည့်သည် ဝန်ဆောင်မှုများမှာ ယေဘုယျအားဖြင့် အားနည်းချက်များ ရှိနေပြီး ဈေးက အဆမတန်ကြီးနေသည်။ ဒေသတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ခရီးသည်များ သွားလာလုပ်ကိုင် နိုင်သည်များကလည်း အကန့်အသတ် ရှိနေဆဲဖြစ်သည်။ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေးကလည်း တိုးလာနေသည့် စိန်ခေါ်မှုတခု ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံမှ အဆင်းရဲဆုံး ဒေသများထဲတွင် တခုအပါအဝင် ဖြစ်သည့် အရှေ့ပိုင်းမှ ကယားပြည်နယ် ဆက်လက် တိုးတက်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ လိုအပ်နေသည်ဆိုခြင်းက မငြင်းနိုင်ပါ။

၂၀၁၄ ခုနှစ်တွင် လူမှုအသိုင်းအဝိုင်း အခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်းတခုကို ITC က မြန်မာအစိုးရ၊ ကုလသမဂ္ဂ ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) တို့နှင့် ပူးပေါင်း၍ အကောင်အထည် ဖော်ခဲ့သည်။ ရေရှည်အတွက်ဖြစ်သည့် ခရီးသွား လုပ်ငန်းများမှတဆင့် အလုပ်အကိုင်များ ဖန်တီးပေးရန်၊ ဒေသခံ အသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းများ ဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်ထားသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပဋိပက္ခများ နောက်ပိုင်းတွင် ပျောက်ကွယ်လု ဖြစ်နေသည့် ကျေးရွာများကိုလည်း ပြန်လည် တည်ထောင်ပေးနေရာ ပန်ပက်ကျေးရွာလည်း အပါအဝင် ဖြစ်သည်။

လည်ပင်းတွင် ကြေးကွင်းများ ဝတ်ဆင်ထားသောကြောင့် လူသိကြပြီး လူ ၁၀ဝ၀ ကျော်ရှိသည့် ကယန်း (ပဒေါင်) တိုင်းရင်းသားများ အသိုင်းဝိုင်းကလည်း အစီအစဉ်၏ အဓိကနေရာတွင် ပါဝင်ပါသည်။

ဒေသတွင်း ဧည့်လမ်းညွှန်များအဖြစ် ကျေးလက်နေ ပြည်သူများကို လေ့ကျင့်ပေးခဲ့သည်။ သူတို့က ဧည့်သည်များကို ကျေးရွာ ပတ်ဝန်းကျင်တွင် လိုက်လံပြသ၍ သူတို့၏ သမိုင်းကြောင်းများနှင့် ရိုးရာအလိုက် နေထိုင်သည့် ဘဝများကို ရှင်းပြကြမည် ဖြစ်သည်။ ခြေလျင်သွားရမည့် ခရီးစဉ်များအတွင်းတွင် ငွေထည်လုပ်ငန်းမှသည် အထည်ရက်လုပ်ခြင်း၊ ပန်းပုထုခြင်း နှင့် အနာဂတ် ဟောပြောခြင်းများအထိ ကျွမ်းကျင်မှု အမျိုးမျိုးကြောင့် လူသိများသည့် ကျေးရွာများသို့ သွားရောက် လည်ပတ်ခြင်းများလည်း ပါဝင်မည် ဖြစ်သည်။

“ခရီးသည်အများစုက လည်ပင်းက ကြေးကွင်းတွေအကြောင်း မေးကြတော့ ကျနော်တို့က သူတို့ မေးခွန်းတွေ အားလုံး ဖြေနိုင်တယ်။ ဒါကြောင့် သူတို့ ကျေနပ်ကြတယ်။ ပန်ပက်ကို လာတာ တန်တယ်လို့ ခံစားကြရတယ်” ဟု ပန်ပက်ကြေးရွာမှ ဒေသခံဧည့်လမ်းညွှန်များ၏ ခေါင်းဆောင်ဖြစ်သော ဦးမောင်သာက ပြောသည်။

မျှော်လင့်ချက်ဘဝများ

ယခင်ကဆိုလျှင် ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် ပန်ပက်ကျေးရွာသို့ ဓာတ်ပုံ အနည်းငယ်မျှ ရိုက်ရန်အတွက်သာ သွားနိုင်ကြသည်။ နေနိုင်သည့် အချိန်ကလည်း ၁ နာရီပင် မရှိပါ။ ဧည့်သည်များနှင့် ကျေးရွာသားများကြားတွင် ဆက်သွယ်ပေး နိုင်မှုကလည်း နည်းပါးသည့်အတွက် ကြေးကွင်းစွပ် အမျိုးသမီးများမှာ ဓာတ်ပုံ ရိုက်ပေးရသည့်အတွက် ဒေါ်လာ အနည်းငယ်မျှသာ မျှော်လင့်နိုင်သည်။ ITC ၏ အသိုင်းအဝိုင်း အခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်းနောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသခံများကြားမှ ကွက်လပ်က ကျဉ်းမြောင်းလာခဲ့ပါသည်။

တချိန်တည်းမှာပင် လူမှုအသိုင်းအဝိုင်းလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ကမ္ဘာလှည့် ခရီးသည်များ လာရောက်လည်ပတ်မှု များလာသည့်အတွက် အစိုးရက အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့မှု ပိုမိုပြုလုပ်လာခဲ့သည်။ ယခုအခါ ပန်ပက်ကျေးရွာတွင် ရေပေးဝေရေး စနစ်၊ အင်တာနက်နှင့် ပိုမိုကောင်းမွန်သော လမ်းများရှိနေပြီ ဖြစ်သည်။ ငွေကြေးနှင့် ဘဝနေထိုင်မှုများလည်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ဦးမောင်သာက ၁ လလျှင် အမေရိကန်ဒေါ်လာ ၉၀ ခန့် ဝင်ငွေရှိနေပြီ ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းမှ ၂၃ ဒေါ်လာ ရရှိပြီး ကျန်ငွေများမှာ ခြေလျင်ခရီးသွားများကို လမ်းညွှန်ပေးရာမှ ရရှိခြင်း ဖြစ်သည်။ ဧည့်လမ်းညွှန်များ မဟုတ်သည့် အခြား ကျေးရွာသားများ၏ ဝင်ငွေလည်း တိုးတက်လာသည်ကို တွေ့ရသည်။ ဒေသခံ အိမ်တအိမ်သို့ တကြိမ်သွားရောက်လျှင် ကမ္ဘာလှည့် ခရီးသည်များက ၂ ဒေါ်လာသာ ပေးရန် လိုသည်။ ခရီးစဉ်ပြီးဆုံးသည့် အချိန်တွင် ဧည့်သည်များက ကျေးလက် ပြည်သူများ လက်ဖြင့် ပြုလုပ်သည့်ပဝါများ၊ လက်ကောက်များနှင့် လက်စွပ်များကို အမှတ်တရအဖြစ် ဝယ်ယူသွားကြသည်။

“ပုဝါတွေ ရောင်းလို့ရတဲ့ ငွေက ကျမတို့ မိသားစုအတွက် အဓိက ဝင်ငွေပါ။ ကျမတို့ တနေ့လုံး အလုပ်လုပ်ခဲ့ရတယ်။ ဒါပေမယ့် ကမ္ဘာလှည့်ခရီးသည်တွေ စပြီး ရောက်လာတဲ့ အချိန်ကစပြီးတော့ ပိုအဆင်ပြေလာပါတယ်” ဟု ရက်ကန်းလုပ်သည့် ကယန်းတိုင်းရင်းသူ တဦးဖြစ်သည့် ဒေါ်မူအေးက ပြောသည်။ ယခင်က စိုက်ပျိုးရေးလုပ်ငန်းကသာ သူတို့အတွက် အဓိက ဝင်ငွေရသည့်လုပ်ငန်း ဖြစ်ပြီး ခက်ခဲစွာ ရုန်းကန်ခဲ့ရသည်။

စိန်ခေါ်မှုကြီး

ကမ္ဘာလှည့်ခရီးသည် အများအပြားကို မြင်ရသည့်အခါ ပန်ပက်ကျေးရွာမှ ပြည်သူများ အံ့သြခဲ့ကြရသည်။ ပြီးခဲ့သည့် နှစ်အတွင်းက ဦးမောင်သာနှင့် အခြား ဧည့်လမ်းညွှန်များ တလလျှင် ဧည့်သည် ၁၀ ဦးခန့် လိုက်လံပြသပေးခဲ့ရသည်။ သို့သော်လည်း ယခုနှစ်တွင် ခရီးသည် အရေအတွက်က ၂ ဆတိုးလာပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရင်းအမြစ် စီမံခန့်ခွဲရေးတို့က ယခင်ကထက် ပိုမို အရေးကြီးလာသည်။

“ကျနော်တို့ စနစ်တကျနဲ့ ဆက်လုပ်သွားမယ်ဆိုရင် ဒီမှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ အလားအလာ ကောင်းတွေကို မြင်တွေ့နိုင်ပါတယ်” ဟု ဦးမောင်သာက ပြောသည်။

လူမှုအသိုင်းအဝိုင်း အခြေပြု ခရီးသွားလုပ်ငန်း အစီအစဉ်ကို ၂၀၁၇ တွင် ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်။ ITC က ရေရှည်တွင် ပန်ပက်ကျေးရွာက ကိုယ့်ဘာသာ ရပ်တည်သွားနိုင်ရန် အထောက်အကူ ဖြစ်မည်ဟု ၎င်းတို့ ယုံကြည်သည့် အခြေခံအုတ်မြစ်ကို တည်ထောက်ပေးခဲ့သည်။

ဧည့်လမ်းညွှန်များကို လေ့ကျင့်ပေးခြင်း ပုံမှန်ပြုလုပ်ပေးနေပြီး ခရီးသွားလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ်များကို စနစ်တကျ ခွဲဝေနိုင်ရန် စာရင်းအင်း နည်းစနစ်တခုကိုလည်း တည်ထောင်ပေးနေသည်။ ကျေးရွာပြည်သူများ အနေဖြင့် ခရီးသွားလုပ်ငန်း ကွင်းဆက်အတွင်းမှ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများ ဖြစ်ကြသည့် ဖောက်သည်များ ရန်ကုန်နှင့် ပြည်ပရှိ ခရီးသွားလုပ်ငန်း အေဂျင်စီများနှင့် ဆက်သွယ်ပေးမည့် အကူအညီများလည်း ရရှိမည် ဖြစ်သည်။

သို့သော်လည်း အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ရန်အတွက် မဟုတ်ဘဲ ခရီးသွားလုပ်ငန်း တိုးတက်လာသည့် အချိန်တွင် သဘာဝအရင်းအမြစ်များ ထိခိုက်ပျက်စီးမှု မရှိစေဘဲ ရေရှည်တည်တံ့ ရပ်တည်နိုင်သည့် ပုံစံတခုဖြစ်လာစေရန် ကျေးရွာနေ ပြည်သူများ စီမံခန့်ခွဲနိုင်စေမည့် ထိရောက်သော စနစ်တခုကို ဖန်တီးပေးရန် ဖြစ်သည်။

“အနာဂတ်မှာ ကမ္ဘာလှည့် ခရီးသည်တွေ အများကြီး လက်ခံရဖို့ ကျနော်တို့ မျှော်လင့်နေပါတယ်။ ဒီအတွက် ကျနော်တို့ ပြင်ဆင်ထားစရာတွေ အများကြီး ရှိနေတုန်းပါတယ်။ ဒေသခံတွေ အတွက်ကတော့ တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှုတခုပါ” ဟု ဦးဝင်းနိုင်က ပြောသည်။

(Channel News Asia မှာ ဖော်ပြထားတဲ့ Pichayada Promchertchoo ရဲ့ Myanmar’s tourism boom faces manpower challenges ကို ဘာသာပြန်ဆိုပါတယ်။)

Did you find apk for android? You can find new Free Android Games and apps.
Loading