ပရိသတ်များ စိတ်ဝင်စားနေတဲ့ Mynamr Idol သီချင်းဆိုပြိုင်ပွဲ Season2 ပြိုင်ပွဲဝင် ၁၀ ဦးရဲ့ ယှဉ်ပြိုင်မှုကို အခုလာမယ့် ကြာသပတေးနေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။
Season2 ပြိုင်ပွဲဝင်များရဲ့ ယှဉ်ပြိုင်မှုပုံစံက အရင် Season1 အတိုင်း တပတ်ကို Vote အနည်းဆုံး ရရှိသူ တယောက်ကို ထုတ်ပယ်သွားမှာ ဖြစ်ပါတယ်။ အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ ယှဉ်ပြိုင်ပြီး သောကြာနေ့မှာ Votting စနစ်နဲ့ ထုတ်ပယ်ခြင်းကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီ တခေါက်ယှဉ်ပြိုင်မှုမှာ အကဲဖြတ်ဒိုင်တွေဖြစ်တဲ့ မြန်မာပြည်သိန်းတန်၊ မေဆွိ နဲ့ တင်ဇာမော်တို့ ရွေးချယ်ပေးထားတဲ့ ပြိုင်ပွဲဝင် ၁၀ ဦးကတော့ ရဲနောင်၊ ဇင်ကြီး၊ သားငယ်၊ အေမီဇင်၊ ပိုးမီ၊ ဘယ်လီလမင်းအေး၊ မိုင်မိုင်ဆိုင်၊ ချမ်းငြိမ်း၊ ဖြူလေး နဲ့ ယွန်း တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်စတင်တော့မယ့် Myanmar Idol Season2 ပြိုင်ပွဲမှာ ပရိသတ်အားပေးမှု ရရှိထားကြတဲ့ ပြိုင်ပွဲဝင်တချို့ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က အခုလိုမေးမြန်းထားပါတယ်။
ရဲနောင်
ကျနော်ကတော့ ဧရာဝတီတိုင်း မအူပင်က လာရောက်ယှဉ်ပြိုင်တာပါ။ အသက်က ၂၃နှစ်ရှိပါပြီ။ ပညာအရည်အချင်းက နောက်ဆုံးနှစ် အဝေးသင်မြန်မာစာကို ဖြေထားပါတယ်။ Myanmar Idol ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖြစ်တဲ့အခါ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဒီကိုလာဖို့ လမ်းစရိတ်ကအစ မရှိတာမျိုးတွေ ကြုံခဲ့ပါတယ်။ ကျနော်အမေက လမ်းစရိတ်ပေးလိုက်တဲ့အတွက် ကျနော်လာပြိုင်ဖြစ်တာပါ။
ကျနော်က သီချင်းဆိုပြိုင်ပွဲတော်တော်များများဝင်ပြိုင်ဖူးပါတယ်။ ဒါကိုလည်း အရမ်းဖြစ်ချင်ပါတယ်။ အခု ဝင်ပြိုင်ဖြစ်တာကလည်း ကျနော် ဒီလမ်းကြောင်းပေါ်မှာ ရပ်တည်ချင်လို့ပါ။ နောက်ပြီး ကျနော့် အမေကိုလည်း အကောင်းဆုံးစောင့်ရှောက်ချင်တယ်။ ကျနော့်က မအူပင်ကလေ။ ရန်ကုန်နဲ့နီးတယ်ဆိုပေမယ့် ဂီတသမားတွေ သိပ်မရှိကြဘူးလေ။ ကျနော်ဝါသနာပါလို့ ကျနော်ကိုသင်ပေးတဲ့ အကိုဆရာတွေတော့ ရှိပါတယ်။ ကျန်တာကတော့ အွန်လိုင်းပေါ်ကပဲ သင်ယူလေ့လာရတာ များပါတယ်။
အခုဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်က ရှေ့မှာ Season 1 တုန်းက ပြိုင်ခဲ့တဲ့သူတွေ ၁၁ ယောက်လုံးက အကုန်လုံး အောင်မြင်တယ်လေ။ သူတို့ရဲ့ အောင်မြင်မှုကိုလည်း ကျနော် အရမ်းအားကျပါတယ်။ သူတို့ဘဝက ရုတ်ချည်း အရမ်းပြောင်းလဲသွားလို့ ကျနော်က ဝင်ပြိုင်တာပါ။ အဲ့ဒီမှာဆိုရင် ကိုစော်လားထော်ဝါး နဲ့ ကိုMဇော်ရိန် တို့ကို ပိုအားကျတယ်။ သီချင်းဆိုတဲ့အခါ ကျနော်ရဲ့အားနည်းချက်က ကီးအမြင့်ကြီးတွေဆိုရင် မနိုင်ဘူး လျော့ဆိုရတယ်။ အားသာချက်ကတော့ ကျနော်ကိုယ်တိုင်ရေးထားတဲ့သီချင်းဆိုရင် ကျနော် ကောင်းကောင်းဆိုနိုင်ပါတယ်။ အခု ပြိုင်ပွဲစတော့မယ်ဆိုတော့ သက်လုံကောင်းအောင် မနက်ပိုင်းဆို ကျနော်ပြေးတယ်။ Gym ဆော့တယ်။ ညနေဘက်ဆို ရေကူးပါတယ်။
အခုပြိုင်ပွဲမှာ Winner မရရင်လည်း ကျနော်လုပ်နိုင်သမျှကို အစွမ်းရှိသလောက် လုပ်သွားနိုင်မယ်ဆိုရင် အရမ်းကျေနပ်မိမှာပါ။ Winner လည်း ကျနော်မမျှော်မှန်းထားမိပါဘူး။ ဒါပေမယ့် ကျနော့်ကိုအားပေးကြတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ သူတို့လည်း ကျနော်ရေးတဲ့သီချင်းလေးတွေကိုခံစားမိတယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲပြီးသွားရင်လည်း ဒီလမ်းကြောင်းပေါ်မှာပဲ ကျနော်ဆက်ရှိနေမှာပါ။
ကျနော်ရဲ့ ပြိုင်ပွဲဝင်နံပါတ်ကတော့ ၁ ပါ။
ပိုးမီ
ညီမနာမည်က ပိုးမီပါ။ အသက်ကတော့ ၂၈ နှစ် ရှိပါပြီ၊ ဒီပြိုင်ပွဲကို ရန်ကုန်ကနေ ယှဉ်ပြိုင်တာပါ။ ဇာတိကတော့ ပဲခူးတိုင်းအနောက်ပိုင်း ပုတီးကုန်းကပါ။ အရင်ကလည်း သီချင်းတွေ ဆိုဖူးပါတယ်။ အတွေ့အကြုံလေးလည်း ရှိတယ်ဆိုတော့ ဒါလေး တခုကိုတော့ အားကိုးမိပါတယ်။ ဒါပေမယ့်လည်း Myanmar Idol ပြိုင်ပွဲဟာ အဆို တခုထဲလည်း မဟုတ်ဘူး။ Idol ဆိုတဲ့ စကားအတိုင်း အကုန်လုံး Perfect ဖြစ်နေရမယ်။ အဲ့ဒီလိုလူကို ရွေးချယ်မှာ ဖြစ်တဲ့အတွက် ညီမဘက်က အများကြီး ကြိုးစားဖို့လိုသေးတယ်။
ညီမက အရင်တုန်းက ကံမကောင်းတတ်ဘူးလေ။ အခု Myanmar Idol မှာ ပါလာတော့ ပထမဆုံးအနေနဲ့ ကံကောင်းတာပေါ့။ ပထမဆုံးအနေနဲ့ ညီမရဲ့ အဖေကို သတိရမိတယ်။ မျက်ရည်ကျမိတယ်။ ဖေဖေက ဆုံးသွားတာ ၇ နှစ်လောက်ရှိပြီလေ။ ဖေဖေက ညီမကို အရမ်းဖြစ်စေချင်ခဲ့တာ။ အရင်တုန်းက ဆိုကရေးတီးမှာ သီချင်းတွေ ဝင်ပြိုင်ခဲ့ဖူးတော့ အဲ့ဒီပွဲတွေမှာ ဆုရခဲ့ရင် ဖေဖေက သူ့ပုခုံးပေါ်ညီမကို တင်ပြီးတော့ပျော်နေခဲ့ဖူးတာပါ။ ဒါကြောင့်အခု အရွေးခံရတော့ ပထမဆုံးအနေနဲ့ အဖေ့ကို သတိရပြီး ငိုမိတယ်။ ငယ်ငယ်တုန်းက ဆိုကရေးတီး ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ဖူးပေမယ့် အခုကြီးတော့ မပြိုင်တော့ဘူး။ Myanmar Idol ပြိုင်ပွဲက ပထမဆုံးဝင်ပြိုင်တဲ့ ပြိုင်ပွဲပါပဲ။
အဆိုပြိုင်ပွဲတွေအများကြီးရှိပေမယ့် စိတ်မဝင်စားဖြစ်တော့ ဝင်မပြိုင်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲကျတော့ Season1 ကို ကြည့်ဖြစ်တဲ့အခါ အရမ်းသဘောကျတယ်။ Top11 လုံးက အခုဆို သူတို့ရဲ့လမ်းကြောင်းနဲ့သွားနေပြီဖြစ်တဲ့အတွက် အားကျတယ်။ အဲဒီတော့ ကိုယ်လည်း သူတို့လိုဖြစ်ချင်တယ်။ ဒါကြောင့် အခုတခေါက်လုပ်တဲ့ Myanmar Idol ကို ဝင်ပြိုင်ဖြစ်တာပါ။
အဆိုပိုင်းနဲ့ပတ်သက်ရင် ညီမမှာ အားနည်းချက်တွေ ရှိသေးတယ်။ ကိုယ်က အသံလုံးကြီးတယ်။ Rock ဂီတကို ပိုအားသန်တယ်။ Pop ဆိုရင် အသံက နည်းနည်းမာနေတယ်။ ထိန်းဖို့ခက်တာတွေ ရှိတယ်။ အဲဒါကို ကြိုးစားပြင်ရဦးမယ်။ အဲ့ဒါကလည်း ရှေ့ဆက်ပြီးတော့ အန်တီထရေစီ၊ ဆရာ ဥက္ကာဦးသာ တို့လမ်းညွှန်မှုအောက်မှာ အကောင်းဆုံးကြိုးစားသွားမှာပါ။
ညီမ လျှောက်လမ်းချင်တဲ့ ဂီတလမ်းကြောင်းအတွက် Myanmar Idol က ပထမဆုံးတက်လှမ်းခွင့်ရတဲ့ လှေကားထစ်ပါပဲ။ ဒီလှေကားထစ်ပေါ်ရောက်မှ ရှေ့ဆက်လှမ်းမယ့် လမ်းက အဆင်ပြေမှာပါ။ ဒီပြိုင်ပွဲကို စဝင်ပြိုင်ကတည်းကတော့ အကောင်းဆုံးလုပ်ချင်တဲ့စိတ် Winner ဖြစ်ချင်တဲ့စိတ်နဲ့ ဝင်ပြိုင်ခဲ့တာပါ။ တကယ်လို့ ကိုယ့်ကြိုးစားမှုက သူများကို မမီခဲ့ဘူး၊ Winner မဖြစ်ခဲ့ဘူး၊ လွဲချော်ခဲ့ရင်လည်း ညီမ ကျေနပ်ရမှာပါ။ ဒါကလည်း ညီမရဲ့ ပန်းတိုင်ဖြစ်တဲ့အတွက် အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ။
ဒီနောက်ဆုံး ၁၀ ယောက်ထဲမှာ ညီမ မပါခဲ့ရင် အရင်လို Unplugged အဆိုတော်ဘဝလေးမှာပဲ ပြန်နေရမှာပါ။ ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေတော့ သိခွင့်ရခဲ့ပြီလေ။ အဲဒါတွေကိုအသုံးချပြီး နောက်ထပ် အခွင့်အရေး ထပ်ရခဲ့ရင် Season3 မှာ ထပ်ပြိုင်ဖြစ်မှာပါ။
ညီမရဲ့ပြိုင်ပွဲဝင် နံပါတ်ကတော့ ၆ ပါ။
ယွန်း
ညီမနာမည်က ယွန်းပါ။ နာမည်က တလုံးထဲပါပဲ။ ညီမက ရှမ်းပြည်နယ် တောင်ပိုင်း အေးသာယာက လာရောက် ယှဉ်ပြိုင်တာပါ။ ညီမ အရင်ကတော့ ခေါက်ဆွဲရောင်းတာပါ။ ရှမ်း ပအို့ လူမျိုးပါ။ ပညာအရည်အချင်းက ဆယ်တန်းမဖြေရသေးဘူး။ ပြန်ဖြေဖို့ အစီအစဉ် ရှိပါတယ်။
အခု Myanmar Idol ကို ဝင်ပြိုင်ဖြစ်တာက အရင်ပြိုင်ခဲ့တဲ့သူတွေကို အားကျလို့ ဒီနှစ်မှာဝင်ပြိုင်ဖြစ်တာပါ။ ဒီနှစ်မှာ အမတွေကလည်း ဖောင်ယူလာပေးတယ်။ ဒါနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ အခုပြိုင်ပွဲတလျှောက်မှာလည်း အဆင့်တိုင်း အကုန်လုံးက ခက်ခဲခဲ့တယ်။ ဒါကြောင့် အကုန်လုံးကြိုးစားယှဉ်ပြိုင်ခဲ့ရတယ်။ အမှတ်တရဆိုရင် Group လိုက် ယှဉ်ပြိုင်တုန်းက သီချင်းဆိုရတာ ခက်ခဲခဲ့တယ်။ အားလုံး သီချင်းတပုဒ်ကိုညီအောင် သီဆိုခဲ့ရတာလေ။ သေချာညှိပြီးဆိုရတာ နည်းနည်းခက်ပါတယ်။
ဂီတကို လုပ်ချင်တာက ဂီတက တခြားသူတွေကို ပျော်ရွှင်စေတယ်။ ညီမက တခြားသူတွေကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒရှိတယ်။ ဒါကြောင့် အကောင်းဆုံးလုပ်ပြီး လုပ်မယ်လို့လည်း ယုံကြည်ပါတယ်။ ညီမက သီချင်းဆိုရင် R&B ပုံစံလေးတွေ ဆိုရတာ ပိုပြီး အားသန်ပါတယ်။ အဆိုတော်ထဲမှာ မနီနီခင်ဇော် တို့ကို ကြိုက်တယ်။
အခုလာပြိုင်တော့ အိမ်နဲ့လည်း အမြဲအဆက်အသွယ် ရှိနေတယ်။ အဖေရော၊ အမေရော တအိမ်လုံးကရော အားပေးကြတယ်။ ဒါကြောင့် အဖေရော အမေရော တမိသားစုလုံးရော အားမပျက်အောင် ညီမဘက်က ကြိုးစားသွားမှာပါ။ မိဘတွေ ပံ့ပိုးပေးတဲ့အတွက်လည်း ညီမအတွက် အားအရမ်းဖြစ်စေတယ်။ ငွေကြေး မဟုတ်ရင်တောင် သူတို့ရဲ့ အားပေးစကားနဲ့ကို သိပ်ကို အားဖြစ်စေပါတယ်။
အခုလို နောက်ဆုံး ပြိုင်ပွဲဝင် ၁၀ ယောက်ထိ ပါလာတာ ကိုယ်အကောင်းဆုံးကြိုးစားခဲ့လို့ ပါလာတယ်လို့လည်း ထင်ပါတယ်။ အခုပြိုင်ပွဲတလျှောက်မှာလည်း အကောင်းဆုံးဆက်ပြီး ကြိုးစားသွားမှာပါ။ ရှေ့ဆက်ပြီးလည်း ညီမ ဂီတဘက်ကိုပဲ ဆက်ပြီးလုပ်သွားမှာပါ။ ပညာရေးဘက်ကိုလည်း အချိန်ပေးပြီး ဆယ်တန်းလည်း ပြန်ဖြေမှာပါ။
အခုစပြိုင်ရတော့မယ် Live Show အတွက် အန်တီထရေစီတို့၊ ဆရာဥက္ကာဦးသာ တို့ သင်ပေးတဲ့အတိုင်း အကောင်းဆုံးကြိုးစားသွားမယ်။ ညီမအတွက်က သီချင်းဆိုနေရရင်တော့ ဘာအခက်အခဲမှ မရှိပါဘူး။ အဓိက ကိုယ်နဲ့လိုက်မယ့်သီချင်းမျိုးကို ဆိုရင်ပိုကောင်းတာပေါ့။ ဂီတအမျိုးအစားအကုန်လုံးကိုကြိုက်ပါတယ်။ ဘယ်ဟာကိုမှ မကြိုက်ဘူးဆိုတာ မရှိပါဘူး။
အခုပြိုင်ပွဲအတွက် ရန်ကုန်ကို ပထမဆုံးရောက်ဖူးတာပါ။ ဒီကို အမတွေ လိုက်ပို့ပေးတယ်။ အခု အဖေအမေနဲ့ တမိသားစုလုံးကို အရမ်းသတိရနေတယ်။
ညီမရဲ့ ပြိုင်ပွဲဝင် နံပါတ်ကတော့ ၁၀ ပါ။