အနုပညာသမိုင်းကြောင်းကို လေ့လာတဲ့ အခါ အနုပညာ လှုပ်ရှားမှု သမိုင်းစဉ် (History of Art Movement Timeline – 2,500,000 BCE – Present) ကိုလည်း သိမြင်လာရပါတယ်။ အနုပညာနယ်ပယ် ကျယ်ပြန့် ထွန်းကားလာတာဟာ အနုပညာ လှုပ်ရှားမှုတွေကြောင့် ဆိုတာလည်း လေးစား အသိအမှတ်ပြုရမှာပါ။ အနုပညာ လှုပ်ရှားမှု ဆိုရာမှာလည်း အနုပညာရှင် တဦးတယောက်ချင်းကစ အနုပညာရှင်တွေ စုပေါင်းလှုပ်ရှားမှုတွေ အားလုံးပါဝင်ပြီး သူတို့ရဲ့ အနုပညာ ဖန်တီးမှု၊ အတွေးစိတ်ကူးနဲ့ ရှာဖွေတွေ့ရှိမှုတွေကို ကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းထဲကို ပို့ဆောင် ပေးခဲ့ကြတာပါပဲ။
အခုခေတ် အနုပညာဖန်တီးမှုဆီ ရောက်ဖို့ မွန်းကြပ်ပိတ်လှောင်ထားတဲ့ ကန့်သတ်မှု အမျိုးမျိုးကို ကျော်လွန်ပြီးမှ ရောက်ရှိ၊ ရရှိခဲ့တာ ဖြစ်သလို အထူးသဖြင့် အနုပညာအပေါ် ထားရှိတဲ့ အနုပညာရှင်ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေက ဆောင်ကျဉ်းပေးခဲ့တယ် ဆိုတာ ကမ္ဘာ့အနုပညာသမိုင်းမှာ အသေအချာ ရှိနေပါတယ်။
ကျနော်တို့ဆီက အနုပညာလှုပ်ရှားမှုတွေကို လေ့လာကြည့်တဲ့အခါ ပုံသဏ္ဌာန် အနည်းငယ် ကွဲပြားပေမယ့် အလှအပ အခြေပြုတဲ့ အနုပညာတင်ပြမှုက အများစု ဖြစ်နေပြီး နွှယ်ဆက်အတွေး (Concepts) အခြေပြု အနုပညာ တင်ပြမှုက အားနည်း နေသေးပါတယ်။ Concept အခြေပြု အားနည်းနေတဲ့ ကြားက ကွန်းဆက် အားကောင်းကောင်းနဲ့ အနုပညာ လှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်လာတဲ့ Art+Plug အဖွဲ့ရဲ့ ပဉ္စမအကြိမ်မြောက် တင်ဆက်မှု အကြောင်း Artist ဟန်ဆန်းကို မေးမြန်းထားပါတယ်။
မေး။ ။ Art+Plug အဖွဲ့က ထူးခြားတဲ့ တင်ပြပုံတွေနဲ့ ပြပွဲတွေ လုပ်ခဲ့တာ ၅ ကြိမ်တောင်ဖြတ်သန်းလာခဲ့ပြီ ဆိုတော့ ပထမ အကြိမ် ပြပွဲအကြောင်းက စပြီး ပြောပြပေးပါဦး။
ဖြေ။ ။ ပထမအကြိမ်၊ ၂၀၁၃ ခုနှစ်၊ တကောင်းအနုပညာပြခန်း။ ဒုတိယအကြိမ်၊ ၂၀၁၄ ခုနှစ်၊ ပန်းဆိုးတန်း အနုပညာ ပြခန်း။ တတိယအကြိမ်၊ ၂၀၁၅ ခုနှစ်၊ Gallery 65 ။ စတုတအကြိမ်၊ ၂၀၁၆ ခုနှစ်၊ Gallery 65 ။ ယခု ၂၀၁၇ ခုနှစ်၊ Gallery 65 ။
မေး။ ။ Art+Plug အဖွဲ့ရဲ့ လာရာနဲ့ လားရာကို အကျဉ်းလေး ပြောပြပါဦး။
ဖြေ။ ။ ကျနော်တို့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ မြင့်စိုးဦး၊ မြင့်သူရ၊ ဝဏ္ဏအောင်၊ သိုးထိန်းနဲ့ ကျနော် ဟန်ဆန်းတို့ အားလုံးဟာ စာပေ၊ ပန်းချီ၊ ဒီဇိုင်း လုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်ပြီး အသက်မွေးနေကြသူတွေ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်က အနုပညာဖန်တီးဖို့ အနုပညာလက်ရာတွေကို တင်ပြဖို့ အဓိကပါ။
မေး။ ။ မှတ်မိသလောက် ဆိုရင် Art+Plug အဖွဲ့ရဲ့ တင်ပြပုံက တခြား ဘယ်သူ ဘယ်အဖွဲ့နဲ့ မတူတာကို သတိထားမိ တယ်။ အနုပညာနဲ့ တင်ပြမှုအကြောင်း၊ အဖွဲ့ရဲ့ အနာဂတ် ရည်မှန်းချက် အကြောင်းပြောပြပါဦး။
ဖြေ။ ။ တင်ပြပုံကွဲပြားရတဲ့ အကြောင်းအရင်းကတော့ Art+Plug အဖွဲ့က အသစ်ကို လိုလားလို့ ဖြစ်ပါတယ်။ အသစ် ဆိုရာမှာလည်း အတွေးအခေါ်၊ အယူအဆ၊ အနုပညာကို ချဉ်းကပ်ပုံနဲ့ ခံယူချက် ကွာခြားတဲ့ ဖန်တီးမှုတွေ ပေါ့။ ကျနော် တို့ဟာ အသစ်ကို ဦးတည်တဲ့ အတွက် မီဒီယံအသစ်ကို ရှာဖွေပါတယ်။ တင်ပြပုံ အသစ်ကို ရှာဖွေပါတယ်။ အတွေးအခေါ် အယူအဆ သစ်လွင်ဆန်းသစ်မှုကို ရှာဖွေပါတယ်။ ပင်မရေစီးကို မလိုက်တဲ့ အတွက် စမ်းသပ်မှုတွေကို လုပ်ကိုင်ပါတယ်။ အနုပညာ အယူအဆ ဝါဒတွေကို ဖက်တွယ်ထားခြင်းထက် ပွင့်လင်းတဲ့ ကျယ်ပြန့်တဲ့ လောကသစ္စာတရားကို ရှာဖွေ ဖော်ထုတ်ဖို့ ကြိုးစားကြခြင်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ Art+Plug ရဲ့ အနာဂတ် ရည်မှန်းချက်ကိုလည်း ပြောပါဦး။
ဖြေ။ ။ Art+Plug အဖွဲ့ရဲ့ အနာဂတ် ရည်မှန်းချက်ကတော့ စဉ်ဆက်မပြတ် အနုပညာလက်ရာများ ဖန်တီးနေဖို့ ဖြစ်ပါတယ်။ ပြည်တွင်းပြပွဲများ ကနေ ဒေသအတွင်း ပြပွဲများ၊ ထိုမှ တဆင့် နိုင်ငံတကာာပြပွဲများ ထံသို့ ဦးတည် ချီတက်ဖို့ ပါ။ အမြုတေ ရည်မှန်းချက်ကတော့ အနုပညာလက်ရာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်အောင် အားထုတ်နေဖို့ ပါပဲ။
Art+Plug အဖွဲ့ရဲ့ ပဉ္စမအကြိမ်မြောက် အနုပညာပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၇ က ၂၉ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပြီး မီဒီယံစုံ အသုံးပြု ဖန်တီးထားသည့် အနုပညာ လက်ရာပေါင်း ၂၀ ကျော် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ။