၂၀၁၆ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံအတွင်း ရုပ်ရှင်ရုံ ၁၀၀ လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာမှာ ပထမဆုံး တည်ဆောက်ပြီးစီးတဲ့ ရုပ်ရှင်ရုံဖွင့်လှစ်ပွဲနဲ့ အဆိုပါစီမံကိန်းကိုအကောင်အထည်ဖော်နေတဲ့ Paradiso Cinemas Co.,Ltd ရုံးဖွင့်ပွဲကို ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ ပုလဲလမ်း၊ ရွှေတောင်ကြားရပ်ကွက်မှာရှိတဲ့ ကုမ္ပဏီရဲ့ ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီ စီမံကိန်းဟာ ရုပ်ရှင်ရုံတွေ ရှားပါးလာမှုနဲ့ ရုံတင် ရုပ်ရှင်ဇာတ်ကားတွေကို အချိန်မီ ပြသနိုင်ဖို့အတွက် အကောင် အထည်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

ရုပ်ရှင်ရုံ ၁၀၀ လုပ်ငန်းစီမံကိန်းကို စတင်တော့မှာဖြစ်ကြောင်း ကြေညာတဲ့အချိန်နဲ့ ဖွင့်လှစ်နိုင်တဲ့အချိန်ဟာ ငါးလကြာမြင့်ခဲ့တာဖြစ်ပြီး ပထမဆုံး ရုပ်ရှင်ရုံကို မှော်ဘီမြို့ တပ်ကုန်းကြီးရပ်ကွက်၊ ရွာသစ်ကွင်းမှာ ဒီနေ့မှာပဲ စတင် ဖွင့်လှစ်တာ ဖြစ်ပါတယ်။
အခမ်းအနားမှာ ပထမဆုံးအနေနဲ့ Paradiso Cinemas Co.,Ltd ရဲ့ ဥက္ကဋ္ဌ Mr.Guy Robert Eugene က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုဥက္ကဋ္ဌ ဦးလွင်မိုးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။
ဦးလွင်မိုးက “ကျနော်တို့ရဲ့အဓိက ရည်မှန်းချက်ကတော့ ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မြန်မာ့ရုပ်ရှင် အရည်အသွေးတွေ မြင့်မားဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်နေခြင်းဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပြည်သူတွေရဲ့ ယုံကြည်မှုကို ကျနော်တို့ပြောထားတဲ့အတိုင်း လုပ်ဆောင်တဲ့အခါ အဓိက သက်သေပြနိုင်အောင် လုပ်ရပါတယ်။ အပြောနဲ့တင် ပြီးသွားလို့မရပါဘူး။ ကျနော်တို့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကထားလုပ်ဆောင်တာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်ရုံတည်ဆောက်တဲ့ မြေနေရာနဲ့ပတ်သက်ပြီး အရင်ရုပ်ရှင်ရုံအဟောင်းပေါ်မှာပဲ ပြန်လည် တည်ဆောက် ဖြစ်တာလားဆိုတဲ့ ဧရာဝတီရဲ့ မေးမြန်းမှုအပေါ်ကိုတော့ ဦးလွင်မိုးက “ကျနော်တို့ အရင်ရုပ်ရှင်ရုံနေရာတွေမှာ ဆောက်တာမဟုတ်ပါဘူး။ မြေနေရာအသစ်ပေါ်မှာ စတင်ဆောက်တာပါ။ ကျနော်တို့ သုံးတဲ့စက်နဲ့ System က အသစ်ဖြစ်တဲ့အတွက် ရုံအဟောင်းမှာ သုံးလို့မရပါဘူး။ ဒါကြောင့် မြေနေရာအလွတ်ပေါ်မှာ အသစ်ဆောက်တာက ကျနော်တို့အတွက် အကောင်းဆုံးပါပဲ” လို့ ဆိုပါတယ်။
အဲ့ဒီနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းနဲ့အတူ ရုံးခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
ရုပ်ရှင်ရုံ ၁၀၀ လုပ်ငန်းစီမံကိန်းအနေနဲ့ ဒီနှစ် နိုဝင်ဘာလအထိ ရုပ်ရှင်ရုံပေါင်း ၄၅ ရုံအထိဖွင့်လှစ်သွားဖို့ရှိကြောင်းနဲ့ ရုပ်ရှင်ရုံ လုံးဝမရှိတဲ့ ဒေသများမှာ ဦးစားပေးဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။