“မင်္ဂလာရှိတဲ့ ကြက်နှစ် ဖြစ်ပါစေ” လို့ နှုတ်ခွန်းဆက် တောင်းဆုခြွေလိုက်ပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့မှာ တရုတ်တို့ရဲ့ ကြက်နှစ် စတင်ပါပြီ။ ဇန်နဝါရီ ၂၈ ကနေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်အထိ တရုတ်ရိုးရာ ရာသီခွင်အရ ကြက်နှစ်ဖြစ်ပါတယ်။ ပိုပြီးတိတိ ကျကျ ပြောရရင်တော့ ၂၀၁၇ ခုနှစ်ဟာ မီးကြက်ဖနှစ် ဖြစ်တာကြောင့် ကံကြမ္မာတွေ ဘယ်လိုရှိနေမလဲ ဆိုတာ လေ့လာတင်ပြလိုက်ပါတယ်။
ကြက်နှစ် ၅ မျိုး
ကြက်နှစ် ၅ မျိုး ရှိပြီး သူတို့ဟာ နှစ်ပေါင်း ၆၀ မှာ တကြိမ် ပြန်လည်တာပါ။
(၁) ရွှေကြက်နှစ်က (၁၉၂၁၊ ၁၉၈၁) စတဲ့ နှစ်တွေပါ၊ ရွှေကြက်နှစ်မှာ မွေးဖွားတဲ့ သူတွေဟာ အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေကြသူတွေ၊ သတ္တိဗျတ္တိကောင်းမွန်သူတွေ၊ အနာမခံရင် အသာမစံရ ဆိုတဲ့ စကားပုံလိုပဲ သူတို့ဟာ အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ပြီး ထိုက်ထိုက်တန်တန်ပဲ အောင်မြင်ပြည့်စုံသူတွေပါ။
(၂) ရေကြက်နှစ်က (၁၉၃၃၊ ၁၉၉၃) နှစ်တွေပါ။ ရေကြက်နှစ်မှာ မွေးဖွားသူတွေဟာ စမတ်ကျကျ နေထိုင်တတ်ပြီး စိတ်ကူးစိတ်သန်းနဲ့ တင်္ခဏုပ္ပတ္တိဉာဏ် ကောင်းပြီး ပြဿနာရဲ့ အဖြေကို လျင်လျင်မြန်မြန် တွေ့ရှိ ဖြေရှင်းနိုင်ကြသူတွေ ပါ။ သို့ပေမယ့် သူတို့ဟာ အလွန် မာနကြီးသူတွေ ဖြစ်နေတတ်သလို စိတ်နှလုံး နူးညံ့သိမ်မွေ့ပြီး စာနာတတ်သူလည်း ဖြစ်နေပြန်ပါတယ်။
(၃) သစ်သားကြက်နှစ်က (၁၉၄၅၊ ၂၀၀၅) နှစ်တွေပါ။ သစ်သားကြက်နှစ် မွေးဖွားသူတွေက ရယ်မောပျော်ရွှင်ဖွယ် တွေ ပြောဆိုတတ်ပြီး လေးလံဖိစီးမှုတွေကို ဖြေလျှော့ပေးတဲ့ သူတွေပါ။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့ မိသားစုတွေ အတွက် တကယ့် အရေးပါတဲ့ သူတွေ ဖြစ်နေသူတွေပါ။ သူတို့ဟာ နူးညံ့တဲ့ခံစားမှုလည်း ရှိနေပြန်တာကြောင့် အများရဲ့ ချစ်ခင်မှု ရသူတွေ၊ ငွေကြေးကိစ္စတွေမှာ ကံကောင်းသူတွေ၊ နေအထွက်မှာ ငွေပျောက်တတ်ပြီး၊ နေအဝင်မှာ ငွေရွှင် တတ်သူတွေလို့ ဆိုပါတယ်။ တနည်းအားဖြင့် သူတို့ဟာ လုပ်ငန်းနဲ့ ငွေကြေး ပုံမှန် မဟုတ်ဘဲ ဖြစ်နေတတ်သူပါ။
(၄) မြေကြက်နှစ်က (၁၉၀၉၊ ၁၉၆၉) ခုနှစ်တွေပါ။ မြေကြက်နှစ်ဖွားတွေက မြေရဲ့ သင်္ကေတ လိုပဲ သူတို့ဟာ တက်ကြွ လန်းဆန်း ရှိနေတတ်ပြီး အရာရာတိုင်းမှာ ရက်ရောတတ်တဲ့ သဘာဝရှိပါတယ်။ သူတို့ဟာ ခရီးသွားခြင်းကို နှစ်သက် တတ်ပြီး မိတ်ဆွေသစ်တွေ ဖွဲ့ရတာ၊ မိတ်ဆွေတွေကြား ဂုဏ်သိက္ခာကို ကောင်းကောင်း ထူထောင်နိုင်တာ၊ မိတ်ဆွေ တွေရဲ့ လေးစားမှု ခံရတာ၊ ပြီးတော့ ကိစ္စရပ် အတော်များများမှာ အကောင်းဘက်က ပိုမြင်တတ်တာတွေဟာ သူတို့ရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာ ဖြစ်ပါတယ်။
(၅) မီးကြက်နှစ်က (၁၉၅၇၊ ၂၀၁၇) ဖြစ်တာကြောင့် အခုနှစ်က တရုတ်ရိုးရာအရ မီးကြက်နှစ် ဖြစ်ပါတယ်။ မီးကြက်နှစ်မှာ မွေးဖွားသူတွေက သစ္စာတရားကြီးသူ၊ ပေးထားတဲ့ ကတိစကားကို အမြဲတည်သူ၊ အလုပ်ချိန်နဲ့ ပတ်သက်ပြီး အလွန်တိကျသလို အလုပ်တာဝန်နဲ့ ပတ်သက်ပြီးတော့လည်း အလွန်ခိုင်မာ တိကျသူပါ။ မီးကြက်နှစ်ဖွားတွေဟာ စိတ်မရှည်တတ်သူတွေ ဖြစ်နေတတ်ပြီး ဘဝမှာ တခုခု လွဲချော်နေတာမျိုး၊ တခုခု မပြည့်စုံတာမျိုး ခံစားနေရတတ်သူတွေ လို့ ဆိုပါတယ်။ သူတို့ဟာ သက်လတ်ပိုင်း အရွယ်မှာ အောင်မြင်မှုတွေ ရတတ်လေ့ ရှိပါတယ်။
အောင်မြင်ထင်ရှား ကြက်နှစ်ဖွား အနုပညာရှင်တွေကတော့ ဘရစ်နေစပီးယား (Britney Spears)၊ ဂျပ်စတင် တင်ဘာလိတ် (Justin Timberlake)၊ အယ်လ်တန်ဂျွန် (Elton John)၊ ဂျင်နီဖာ အနစ္စတန် (Jennifer Aniston)၊ ဂျက်ဆီကာ အယ်လ်ဘာ (Jessica Alba) မတ်ထ်ဒေမွန် (Matt Damon)၊ နာတာလီပေါ့ထ်မန်း (Natalie Portman)၊ တို့ဖြစ်ပြီး အထူးထင်ရှားတဲ့ စာရေးဆရာကြီးက ရုဒ်ယတ် ကပ်ပလင် (Rudyard Kipling) တို့ ဖြစ်ပါတယ်။ အောင်မြင်တဲ့ တင်းနစ် အားကစား သမားတွေကတော့ အန်နာကောနီကိုဗာ (Anna Kournikova)၊ ရော်ဂျာဖီဒါးရား (Roger Federer) နဲ့ ဆရီနာ ဝီလီယမ်စ် (Serena Williams) တို့က ကြက်နှစ်ဖွားများ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ဟာ ကြက်နှစ်ဖွား အားလုံးအတွက် ကံကောင်းခြင်းတွေနဲ့ အတူ ကံခေတာလည်း ပါလာတတ်တာကြောင့် သတိထား လုပ်ကိုင်ဖို့ အကြံပြုပါတယ်။ ကြက်နှစ်ဖွားတွေ အတွက် ကံအကောင်းဆုံး ဂဏန်းတွေက ၅၊ ၇၊ ၈ စတဲ့ ဂဏန်းတွေဖြစ်ပြီး ကံကောင်းတဲ့ ရက်တွေက လစဉ် ၄ ရက်နဲ့ ၂၆ ရက်တွေ ဖြစ်ပါတယ်။ ကံကောင်းတဲ့ အရောင်က ရွှေရောင်၊ အညိုရောင်နဲ့ အဝါရောင်တွေ ဖြစ်ပြီး ကံကောင်းစေတဲ့ ပန်းတွေက သစ္စာပန်းနဲ့ ကြက်မောက်ပန်းတွေ ဖြစ်ပါတယ်။ ကံအကောင်းဆုံးလ တွေက ၂ လပိုင်း၊ ၅ လပိုင်းနဲ့ ၁၁ လပိုင်းတွေ ဖြစ်ပါတယ်။