Lifestyle

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွင်းလူတဦး၏ စာအုပ်အပေါ် ဝေဖန်ချက်

Want create site? Find Free WordPress Themes and plugins.

အောင်နိုင်ဦး၏စာအုပ်သည် ကမ္ဘာ့အရှုပ်ထွေးဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအနက် တခုကို နားလည်ရန် ကြိုးစားနေသော မည်သူမဆို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ထူးခြားသော အတွင်းသရုပ်ကို နားလည်သဘောပေါက်နိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် ရိုလန်ကိုဘီယာက စာအုပ်၏နောက်ကျောဖုံးတွင် ထောက်ခံရေးသားထားသည်။

သို့သော် ပြဿနာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟု ခေါ်နေကြသော ဖြစ်စဉ်၊ ပြည်တွင်းပြည်ပမှ ပါဝင်ပတ်သက်သူများ၏အခန်းကဏ္ဍနှင့် မည်သည့်အတွက်ကြောင့် အမှားအယွင်းများဖြစ်နေရသည့်အပေါ် မည်သည့် ခွဲ ခြမ်းစိတ်ဖြာ သုံးသပ်မှုမျှ မပါသော အတော်အတန်အဆက်အစပ်မရှိသည့် အလွန်တိုသော အက်ဆေး ၆၅ ပုဒ်ကို စုစည်း ထားခြင်းသာဖြစ်နေသည်။

မြန်မာနိုင်ငံ၏ယခင်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ မတ်လတွင် ရာထူးလက်ခံပြီး မကြာမီမှာပင် အစိုးရတပ်ဖွဲ့များနှင့် လူမျိုးစု ခုခံရေးတပ်မတော်မျိုးစုံတို့အကြား ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပေါ်နေသော ပြည်တွင်းစစ်အတွက် အဖြေရှာလိုသောသူ၏ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုနှစ်သြဂုတ်လတွင် သူက လက်နက်ကိုင်အုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ကြေညာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟူသော ဝေါဟာရ စတင်ပေါ်ပေါက်လာသည်။ ဥရောပသမဂ္ဂနှင့် အခြားသောနိုင်ငံများသည် ထိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံရေးအရ၊ ဘဏ္ဍာရေးအရ ထောက်ခံကြသည်။

သို့သော် ခါးသီးသောအမှန်တရားမှာ ငြိမ်းချမ်းရေးစီမံချက်များကို ကြေညာပြီးနောက် မြန်မာနိုင်ငံ၏စစ်မြေပြင်များ၌ တိုက်ပွဲများသည် ၁၉၈၀ ခုနှစ်များနောက်ပိုင်းတွင် အပြင်းအထန်အဆင့်သို့ ရောက်လာခြင်းဖြစ်သည်။ ထိုတိုက်ပွဲများသည် ၂၀၁၁ ဇွန်လတွင် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်ကို မီးကုန်ယမ်းကုန် ထိုးစစ်ဆင်ခြင်းဖြင့် စတင်သည်။

လက်တွေ့တွင် ထိုအုပ်စုသည် ၁၉၉၄ ခုနှစ်ကပင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သည်။ လူမျိုးစုအုပ်စုများနှင့် အပစ်အခတ်ရပ်စဲခြင်းမှာ အသစ်အဆန်းမဟုတ်သကဲ့သို့ ဦးသိန်းစိန်သမ္မတဖြစ်မှ ပေါ်ပေါက်လာသောကိစ္စလည်း မဟုတ်ပေ။

၁၉၈၀ ခုနှစ်များနှောင်းပိုင်းနှင့် ၁၉၉၀ ခုနှစ်များအစောပိုင်းတို့တွင် နှစ်ဒါဇင်မျှရှိသောလက်နက်ကိုင်တပ်ဖွဲ့ကြီးငယ်များသည် ထိုကဲ့သို့သော သဘောတူခဲ့ကြပြီး KIA မှာ စာချုပ်လက်မှတ်ရေးထိုး သဘောတူရန် တောင်းဆိုသော တခုတည်းသော အဖွဲ့ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ထိုစာချုပ်လည်း ပျက်စီးသွားခဲ့သည်။

စစ်ပွဲဖြစ်ပွားရာဒေသမှ ရွာသူရွာသား တသိန်းခန့်ကို ထွက်ပြေးစေခဲ့သည့် ကချင်ထိုးစစ်ကို စတင်ပြီးနောက် အစိုးရတပ်များ သည် အစိုးရနှင့်လက်မှတ်မထိုးထားသော်လည်း အခြားသောအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိ အဖွဲ့တဖွဲ့ ဖြစ် သည့် ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party ၏ ရှမ်းပြည်တပ်မတော် SSA ကို ဆက်လက်တိုက်ခိုက်သည်။

ပလောင်လူမျိုးစုများဖြင့် ဖွဲ့စည်းထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် Ta’ang National Liberation Army (TNLA) ရှိရာ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားသည်။ ၎င်း၏မိခင်အဖွဲ့အစည်းဖြစ်သော ပလောင် ပြည်လွတ်မြောက်ရေးတပ်မတော် Palaung State Liberation Army သည် ၁၉၉၁ ခုနှစ်တွင် အစိုးရနှင့် နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူထားသော်လည်း ပလောင်လူမျိုးစုများအကြား ဆက်လက်ဖြစ်ပေါ်နေသော မကျေနပ်မှုများကြောင့် TNLA ကို ဖွဲ့စည်းရန် ဦးတည်စေခဲ့ပြီး နိုင်ငံ၏ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်လာစေသည်။

ထို့နောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အစိုးရတပ်များနှင့် အခြားသောလက်နက်ကိုင်အုပ်စုတစုဖြစ်သည့် မြန်မာအမျိုး သားဒီမိုကရေစီမဟာမိတ်တပ်မတော် Myanmar National Democratic Alliance Army (MNDAA) တို့အကြား တရုတ် လူမျိုးစုများအဓိကနေထိုင်ရာ ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားပြန်သည်။ သို့သော် ယခုတကြိမ်တွင်မူ စစ်ကို စတင်သူမှာ အစိုးရတပ်များမဟုတ်ဘဲ လူမျိုးစုလက်နက်ကိုင်များဖြစ်သည်။

အောင်နိုင်ဦး၏စာအုပ်တွင် ထိုအချက်များအနက် မည်သည့်အချက်ကိုမျှ ဖော်ပြထားခြင်းမရှိပေ။ ထိုအစား အင်ဂိုလာတင်းနစ် Angolan Tennis မည်သို့သောကစားနည်းဖြစ်ပါစေနှင့် ဟိုက်ဒါဂွေကျောက်စိမ်းလှေ၏ ဝိဉာဉ် အမည်ရှိ ကနေဒါနိုင်ငံ ဗင်ကူးပါးလေဆိပ်ရှိ ရုပ်တုအကြောင်း ရေးသားတင်ပြထားသည်။

ထိုစာအုပ်၏အဓိက အားနည်းချက်မှာ မြန်မာ့ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခတွင် အဓိကကျသော အခန်းမှ ပါဝင်သူမှာ တရုတ်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ အောင်နိုင်ဦးက တရုတ်နိုင်ငံကို လူတိုင်းသိသော်လည်း ထုတ်မပြောကြသူအဖြစ် ရည်ညွန်းခေါ်ဆိုပြီး အံ့သြစရာကောင်းသည်မှာ တရုတ်ကို အိန္ဒိယ၊ KIA တို့နှင့် တအုပ်စုတည်းထားခြင်းဖြစ်သည်။

KIA သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးရန်ငြင်းဆန်သည်ဟုလည်း အောင်နိုင်ဦးက ပြောသည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA မှာ ၂၀၁၅ အောက်တိုဘာလက သမ္မတ သက်တမ်းကုန်ခါနီးတွင် ဦးသိန်းစိန်က သိက္ခာဆယ်ရန် ပြုလုပ်ခဲ့သော အစီအစဉ်သာဖြစ်သည်။

ထိုစာချုပ်သည် လက်နက်ကိုင်အုပ်စု ၃ စုနှင့် ခုခံရေးတပ်မတော်များဟု ခေါ်ရန်ခက်ပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများ NGOs ဟုသာ ခေါ်နိုင်သည့် သေးငယ်သောအုပ်စု ၅ စုတို့ကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ မည်သည့် အဓိကအဖွဲ့အစည်းမျှ ဦးသိန်းစိန်၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခြင်းမရှိပေ။

အောင်နိုင်ဦးက KIA သည်သာလျှင် ထိုစဉ်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသော တခုတည်းသောအဖွဲ့ဖြစ်သည်ဟူသောအချက်ကို လျစ်လျူရှုထားသည်။

တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံ၏ပြည်တွင်းစစ်တွင် ဆုပေးဒဏ်ပေးပြုလုပ်နိုင်သောတခုတည်းသော ပြည်ပအင်အားကြီးနိုင်ငံဖြစ်ပြီး ဘေဂျင်းသည် ၂၀၁၁ ခုနှစ်မှစကာ မြန်မာနိုင်ငံသို့ စုပြုံဝင်ရောက်လာကြသော အနောက်တိုင်း ငြိမ်းချမ်းရေးသမားများကို ကျော်တက်ပြီး ၎င်း၏ဝှက်ဖဲကို ကောင်းကောင်းအသုံးချသည်။

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် Myanmar National Democratic Alliance Army (MNDAA) သည် ဗမာပြည်ကွန်မြူနစ်ပါတီ Communist Party of Burma (CPB) မှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ဗမာပြည်ကွန်မြူနစ် ပါတီ သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ တရုတ်နိုင်ငံထံမှ အကြီးအကျယ် အထောက်အပံ့ရပြီး ထိုအချိန်မှ ၁၉၈၉ ခုနှစ်တွင် တပ်ဖွဲ့အောက်ခြေတာဝန်ယူထားသည့် တောင်တန်းဒေသ လူမျိုးစုများက အသက်အရွယ်ကြီးပြီး ဗမာအများစုပါဝင်သော ရှေးရိုးမော်ဝါဒီခေါင်းဆောင်ပိုင်းကို ပုန်ကန်သောအခါ ပါတီပြိုကွဲချိန်အထိ အကန့်အသတ်နှင့် အကူအညီများ ရခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီကို အဓိကဆက်ခံသောအဖွဲ့ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် United Wa State Army (UWSA) သည် နိုင်ငံတွင် အင်အားအကြီးဆုံးလူမျိုးစုလက်နက်ကိုင်အုပ်စုဖြစ်ပြီး တရုတ်နိုင်ငံက ဗမာပြည် ကွန်မြူနစ်ပါတီသို့ပင် ပေးအပ်ခြင်းမရှိသော လူသယ်ဆောင်နိုင်သော လေကြောင်းကာကွယ်ရေးစနစ် Man-portable Air Defense Systems ( MANPADS) များ၊ ဟော်ဝစ်ဇာအမြောက်ကြီးများ၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ၊ နောက်ဆုံး ပေါ် တရုတ်စက်သေနတ်များနှင့် အခြားသော အော်တိုမက်တစ်လက်နက်များဖြင့် အကြီးအကျယ် လက်နက်တပ်ဆင် ထားသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည်လည်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိသော်လည်း ၎င်းသည် ၁၉၈၉ ခုနှစ်ကပင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည်။ ယခုအခါ ၎င်းသည် စစ်ပွဲများတွင် မပါဝင်သော်လည်း အခြားအုပ်စုများ၊ အထူးသဖြင့် MNDAA, TNLA နှင့် SSA တို့သို့ လက်နက်ခဲယမ်းထောက်ပံ့ပေးသည်။

တရုတ်နိုင်ငံသည် UWSA ၏နောက်ကွယ်တွင် ရှိနေပြီး တချိန်တည်းမှာပင် မြန်မာ စစ်တပ်သို့လည်း တိုက်လေယာဉ်များ အပါအဝင် စစ်လက်နက်ကိရိယာများ ရောင်းချနေသည်။ မကြာသေးမီလများက တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင်ရန် ကမ်းလှမ်းပြီး သူ၏ အင်အားကို စတင် ပြသလာသည်။

ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး All-Burma Students Democratic Front ၏ နိုင်ငံခြားရေးရာ ပြောခွင့်ရသူဖြစ်ခဲ့ပြီး နောက်ပိုင်း ဦးသိန်းစိန်သမ္မတ ဖြစ်လာပြီး မြန်မာ နိုင်ငံသို့ မပြန်မီက ချင်းမိုင်ရှိ Vahu Development Institute ၏အဖွဲ့ဝင်ဖြစ်ခဲ့သော အောင်နိုင်ဦးက ငြိမ်းချမ်းရေး လုပ်ငန်း စဉ်သည် လမ်းကြောင်းမှန်ပေါ်တွင်သာ ရှိနေသေးသည်ဟု ကျွနု်ပ်တို့ကို ယုံကြည်စေလိုသည်။ သို့သော် မြန်မာ့နယ်စပ်ဒေသများမှ အခြေအနေများကို ကြည့်ပါက ယင်းသည် ထူးခြားသော ကောက်ချက်ဟု ဆိုရမည်ဖြစ်သည်။

သံအမတ်ကြီး ကိုဘီယာကမူ “ဥရောပသမဂ္ဂက နိုင်ငံရေးအရ၊ ဘဏ္ဍာရေးအရ အကောင်းဆုံးကြိုးစားခဲ့သော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်ကြောင်း သမိုင်းက သက်သေပြလိမ့်မည်” ဟု သူ၏ ထောက်ခံချက်တွင် ရေးသားခဲ့သည်။

မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနောက်တိုင်း၏နိုင်ငံရေးအရ ထောက်ခံမှုသည် ကျွနု်ပ်တို့ခေတ်၏ အရေးမပါ အရာမရောက်ဆုံးသော မိုက်မဲမှုဖြစ်ကြောင်းသာ သမိုင်းက သက်သေပြဖွယ်ရှိသည်။ ဘဏ္ဍာရေးအရ ပံ့ပိုးမှုကြောင့် ပြည်ပ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အများအပြားတို့ ရန်ပုံငွေနှင့် အာရုံစိုက်ခံရရေးအတွက် အလုအယက် ယှဉ်ပြိုင်လာကြပြီး ငြိမ်း ချမ်းရေးလုပ်ငန်းသည် မြန်မာနိုင်ငံတွင် လွန်စွာ တွက်ခြေကိုက်သောလုပ်ငန်းဖြစ်လာကာ နယ်စပ်ဒေသမှ သာမန် ပြည်သူများမှာကား ဆက်လက်ဒုက္ခခံစားနေကြရသည်။

မြန်မာပြည်၏ပြည်တွင်းစစ်အတွက် စာအုပ်တအုပ်အုပ် ရေးရမည်ဆိုပါက မည်သည့်ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေးသမား၏ အမြင်ဖြင့်မျှ မရေးသင့်ဘဲ ထိုဒုက္ခရောက်နေသူများ၏အမြင်မှသာ ရေးသင့်ပေသည်။

(Bertil Lintner ၏ Book Review: Pathway to Peace စာအုပ်ဝေဖန်ချက်ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading