မြန်မာ-သြစတြီးယား နှစ်နိုင်ငံ ပူးပေါင်းတင်ဆက်မယ့် “Vienna Ball Yangon” ကပွဲ
မြန်မာနိုင်ငံနှင့် သြစတြီးယားနိုင်ငံတို့မှ နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်မည့် ရည်ရွယ်ချက်နဲ့ “Vienna Ball Yangon” ဆိုတဲ့ ရန်ပုံငွေ ကပွဲတခုကို ၂၀၁၇ ခုနှစ်၊ မတ်လ ၄ ရက်နေ့၊ ရန်ကုန်မြို့Novotel Yangon Max ဟိုတယ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါ “Vienna Ball” ကပွဲကို သြစတြီးယားနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးနဲ့ Rotary Club of Yangon တို့က ပထမဆုံး ပူးပေါင်း ကျင်းပတာဖြစ်ပြီး “Vienna Ball Yangon” ကပွဲ ကျင်းပမယ့်အကြောင်း သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ Novotel Yangon Max ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
“Vienna Ball” ကပွဲကို ဗီယင်နာမြို့တော် City of Vienna နဲ့အတူ Shwe Taung Group, Asia World, UAB Bank, MCC Solution, IKON Mart, FMI ၏ Shine Laundry နဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းများက ပံ့ပိုးကူညီပေးမယ်လို့ သိရပါတယ်။
ပံ့ပိုးကူညီငွေများ၊ လက်မှတ်ရောင်းချရာမှ ရရှိှတဲ့ ရန်ပုံငွေများကို Rotary Club of Yangon မှ ဖွံ့ဖြိုးမှု အားနည်းနေသော ဒေသများရှိ နွမ်းပါးသူများကို လှူဒါန်းသွားမှာဖြစ်ပြီး ဗီယင်နာရိုးရာကပွဲ အသွင်နဲ့ တခမ်းတနားကျင်းပမယ့် အဆိုပါ “Vienna Ball” ကပွဲကြီးဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး ကျင်းပတဲ့ ကပွဲကြီးတခုလို့ သိရပါတယ်။
“ဒီကပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေ၊ အလှူငွေများကို ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ မန်ကျည်းပင်စု ကျေးရွာမှာ ဆောင်ရွက်နေတဲ့ သောက်သုံးရေ သန့်ရှင်းရေး စီမံကိန်းနဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဒေသတွေမှာရှိတဲ့ စစ်ဘေးသင့်ဒေသခံ ပြည်သူတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်” လို့ Rotary Club of Yangon ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန်းဝင်းက ပြောပါတယ်။
ကပွဲအတွင်းမှာ Yangon United Symphony Orchestra မှ ထင်ရှားကျော်ကြားတဲ့ သြစတြီးယား ဂီတမှူးကြီး Mr.Goesta Muller ရဲ့ ဦးဆောင်မှုနဲ့အတူ တင်ဆက် ဖျော်ဖြေသွားမှာဖြစ်ပြီး မျက်နှာသစ် မြန်မာအက မောင်မယ် စုံတွဲများက နာမည်ကြီး ဗီယင်နာ အကဆရာ Mr.Heinz Heindenreic ရဲ့ လမ်းညွှန်ချက်အတိုင်း ကပြတင်ဆက်သွားမယ်လို့ သိရပါတယ်။
“Vienna Ball” ကပွဲဟာ Classic Black Tie ဝတ်စုံပွဲဖြစ်ပြီး ကပွဲအတွင်းမှာ ညစာစားပွဲနှင့်အတူ သြစတြီးယား အစားအစာများနဲ့ ဝိုင်များကို စမ်းသပ်မြည်းစမ်းနိုင်ခြင်း၊ သြစတြီးယား သံစုံတေးဂီတနှင့် အော်ပရာ တေးဂီတတို့ကို ခံစားနိုင်ခြင်း၊ မျက်နှာသစ် မြန်မာအကမောင်မယ်များနဲ့ ဗီယင်နာ ဘဲလေးအကသမားရဲ့အကကို ကြည့်ရှုခံစားနိုင်မယ့် ပွဲတပွဲ ဖြစ်ပါတယ်။
စိတ်ပါဝင်စားသူများအတွက် လက်မှတ်များကို Rotary Club of Yangon နဲ့ သြစတြီးယားနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးတို့မှာ ဝယ်ယူနိုင်ပြီး လက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၅၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဗီယင်နာအကကို စိတ်ဝင်စားတဲ့ ဧည့်သည်များကို အခမဲ့ အကသင်ပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။