၈ ကြိမ်မြောက် ကျင်းပမယ့် BarCamp Yangon 2017 နည်းပညာ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park တွင် ဇန်နဝါရီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက် နေ့များမှာ မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
BarCamp Yangon ကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု လေ့လာနိုင်ရန် စီစဉ်ထားပြီး တက်ရောက်လိုသူများ လွယ်ကူစေရန် လက်ရှိတွင် အွန်လိုင်းမှတဆင့် အခမဲ့ Register ပြုလုပ်နိုင်သလို ပွဲအတွင်းမှာလည်း မည်သူမဆို အခမဲ့ Register ပြုလုပ်ပြီး ဝင်ရောက် လေ့လာနိုင်တယ်လို့ သိရပါတယ်။
“BarCamp Yangon ပွဲဟာ နည်းပညာ တခုတည်းအတွက် ရည်ရွယ်ကျင်းပတာ မဟုတ်ပါဘူး။ စိတ်ပါဝင်စားသူ မည်သူမဆို ကျနော်တို့ရဲ့ BarCamp Topic Board မှာ မိမိပြောကြားလိုတဲ့ အကြောင်းအရာကို ကပ်ပြီး နည်းပညာ၊ ဗဟုသုတ၊ ကဗျာ၊ ပညာရေးဆိုင်ရာ စတဲ့ မည်သည့် ကဏ္ဍမဆို ဝေမျှနိုင်ပါတယ်” လို့ BarCamp Yangon Organizer Team Leader ဖြစ်သူ ကိုမင်းဦးက ပြောပါတယ်။
BarCamp Yangon 2017 ကို More Experience! ဆိုတဲ့ Theme နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး Theme ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဘားကမ့် ရန်ကုန်သို့ တက်ရောက်ပြီး အတွေ့အကြုံများ ပိုမို မျှဝေနိုင်စေရန်နဲ့ ပိုမို ရရှိနိုင် စေရန်အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
“BarCamp ကို နိုင်ငံတွေရဲ့ မြို့နာမည်တွေအပေါ်မှာ အစွဲပြုပြီး BarCamp ဘန်ကောက်၊ BarCamp ဖနွမ်းပင် စသဖြင့် နိုင်ငံအများစုမှာ ကျင်းပလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၀ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး တက်ရောက်သူပေါင်း ၃၀၀၀ ကျော်နဲ့ နိုင်ငံတကာမှာ ကျင်းပနေတဲ့ BarCamp ပွဲတွေထက် လူအများဆုံး တက်ရောက်တဲ့ BarCamp အဖြစ် Wikipedia မှာ မှတ်တမ်းတင်ခံခဲ့ရပါတယ်” လို့ ကိုမင်းဦးက ပြောပါတယ်။
နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ BarCamp ပွဲမှာ ထူးခြားဆန်းသစ်တဲ့ အစီအစဉ်များ ပြုလုပ်လေ့ရှိပြီး ယခုနှစ်မှာလည်း အစီအစဉ် တခုအနေနဲ့ White Room လို့ အမည်ရတဲ့ သတင်းအချက်အလက် အသိပညာပေးတဲ့ နေရာတခု စီစဉ်ထားပေးတယ်လို့ သိရပါတယ်။
BarCamp Yangon ပွဲကို တက်ရောက်မယ့်သူများနဲ့ နိုင်ငံခြားမှ Barcamper များ အဆင်ပြေနိုင်စေရန် BarCamp Yangon Mobile Application တခု ပြုလုပ်ထားပြီး အဆိုပါ Application မှ ပွဲအတွင်းမှာ ပြောကြားမယ့် ခေါင်းစဉ်များ၊ ဟောပြောမယ့် အခန်းနေရာများနဲ့ အခြား အကြောင်းအရာများကို ပွဲနေ့မှာ အချိန်နဲ့တပြေးညီ တင်ပေးသွားမယ်လို့ သိရပါတယ်။
BarCamp Yangon 2017 ပွဲ ဖြစ်မြောက်ရေးအတွက် ကမ္ဘောဇဘဏ်နဲ့ ချင်းတွင်းကောလိပ်တို့မှ အဓိက ပံ့ပိုး ကူညီပေးတာဖြစ်ပြီး ရန်ကုန်ဘားကမ့်ပွဲများကို ၂၀၁၀ ခုနှစ်မှ စတင်ကာ MCPA (Myanmar Computer Professionals Association) မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းနဲ့ အိုင်တီလူငယ်များ ဦးဆောင် ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲ ဖြစ်ပါတယ်။
BarCamp Yangon ဟာ လူငယ်များအချင်းချင်း နှီးနှောဖလှယ်မှု၊ အသိပညာမျှဝေမှုများ အများဆုံးသော ဘားကမ့်တခုအဖြစ် အာရှတွင်သာမက ကမ္ဘာမှာပါ ၇ ကြိမ်တိတိ အကြီးဆုံးဘားကမ့်အဖြစ် စံချိန်တင်ခဲ့ပြီး
မြန်မာနိုင်ငံမှာရှိတဲ့ အနယ်နယ်အရပ်ရပ်မှ လူငယ်များ ပါဝင်ဆင်နွှဲမှုကြောင့် မြို့ပေါင်း ၁၅ မြို့နဲ့အတူ နည်းပညာ နဲ့ ကွန်ပျူတာတက္ကသိုလ်များမှာပါ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ တနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘားကမ့်ပေါင်း ၁၀ ခု အထက် ကျင်းပလျက်ရှိပြီး အကြိမ်ရေအားဖြင့် ကမ္ဘာ့ ဒုတိယ အများဆုံးကျင်းပတဲ့ နိုင်ငံလို့ သိရပါတယ်။