ဈေးများ၊ ကျောင်းမုန့် ဈေးတန်းများတွင် ရောင်းချနေသော စားသောက်ကုန် ၁၈ မျိုးတွင် ခွင့်မပြုဆိုးဆေးများ အသုံးပြု ထားသည်ကို တွေ့ရှိရ၍ စားသုံးရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ယနေ့ ထုတ်ပြန်လိုက်သည်။
အဆိုပါ စားသောက်ကုန်များမှာ ဆီးယို၊ ငရုတ်သီး အရောင်တင်မှုန့်၊ ရှောက်ပေါင်း၊ ဆေးမန်ကျည်း၊ ငါးပိ၊ ပုစွန် အသားကပ် ကြော်၊ အချိုရည်(လိမ္မော်ရောင်)၊ ငရုတ်ပွ အရောင်တင်မှုန့်၊ ငရုတ်ဆီ၊ ရောင်စုံ သကြားလုံး၊ ရှယ် မျှင်ငါးပိထောင်း၊ သစ်သီး အရသာစုံ၊ မက်မန်းနှင့် ယိုစုံ အစရှိသည်တို့ ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
ယင်းသို့ အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေး များကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈ (က) အရ အရေးယူ မည် ဖြစ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားသည်။