ပန်းချီအောင်ထက်လွင်ရဲ့ Illumination 31 (အလင်း ၃၁) လို့ အမည်ပေးထားတဲ့ တတိယအကြိမ် တကိုယ်တော် ပန်းချီပြပွဲကိုဖေဖော်ဝါရီ ၅ က ၉ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 38 cm ပတ်လည်နဲ့ 18cm x 38cm ပန်းချီကားပေါင်း ၃၁ ကား ပြသ သွားမှာ ဖြစ်ပြီး ပန်းချီ ကားတွေဟာ ၂၀၁၆ နှောင်းပိုင်းနဲ့ လတ်တလောကာလ အတွင်း ရေးဆွဲခဲ့တဲ့ အလင်း အသားပေး တင်ပြထားတဲ့ အင်ပရက်ရှင်နွယ်တဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်ဖွား၊ ပန်းတနော်ဇာတိသား၊ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်) က ပန်းချီ အထူးပြုနဲ့ ဘွဲ့ရရှိခဲ့သူ၊ Diploma in Computer Arts ကို ဆက်လက်တက်ရောက်နေသူ၊ အုပ်စုပြပွဲ များစွာမှာ ပါဝင်ပြသူ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို၂၀၁၅ ခုနှစ်၊ ဒုတိယအကြိမ် တကိုယ်တော် ပြပွဲကို ၂၀၁၆ ခုနှစ် တွေမှာ ပြသနိုင်ခဲ့တဲ့ ပန်းချီအောင်ထက်လွင်ကို ဧရာဝတီ သတင်းဌာနမှ ကော်ပီအယ်ဒီတာ နိုင်စွမ်းက တွေ့ဆုံမေးမြန်း ထားပါတယ်။
မေး။ ။ ပထမအကြိမ်၊ ဒုတိယအကြိမ် တကိုယ်တော် ပန်းချီ ပြပွဲတွေနဲ့ အခု တတိယအကြိမ် ပြပွဲမှာ အနုပညာ ဖန်တီးမှုတွေ ဘာတွေ ကွာခြားသွားပြီလဲ။
ဖြေ။ ။ ဒီပြပွဲမှာ ကျနော်ရေးဖြစ်နေတာက အလင်းအမှောင်ကို အဓိကချဉ်းကပ်မိလာရင်း အလင်းတွေကို အရသာရှိအောင်ရယ်၊ နောက်ပြီး ရေဆေးရသ ပေးနိုင်အောင် ပေါင်းစပ်ပြီး ရေးဖြစ်လာတာပါ။ ရေးနေရင်း ပန်းချီကားတချို့ စုဆောင်းမိလာပြီး တကိုယ်တော်ပွဲ လုပ်ဖို့ဖြစ်လာတာပါ။ ဖန်တီးမှု အပြောင်းအလဲ အနေနဲ့ အရင်က မြို့ပြပုံရိပ်ကို အသားပေးရေးတယ်၊ နောက်တော့ မြို့ပြရဲ့ အလင်း အမှောင်ကို အဓိကထား လာတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ မြို့ပြရယ်မှ မဟုတ်ဘဲ ဆင်ခြေဖုံးလေးတွေပါ အလင်းအောက်မှာ လှနေတာတွေ့တော့ ရေးဖြစ်တယ်။
မေး။ ။ တတိယအကြိမ် တကိုယ်တော်မှာ ပြသမယ့် ပန်းချီကားတွေက ကိုယ်တိုင် တကယ့် နှစ်သက်အားရတဲ့ ပန်းချီကားတွေလို့ ပြောနိုင်လား။
ဖြေ။ ။ အသေအချာ ပြောနိုင်ပါတယ်၊ အကောင်းဆုံးတွေလို့ ခံစားပြီး ရေးထားပါတယ်၊ မြို့ပြရော ဆင်ခြေဖုံးတွေပါ ပါတယ်၊ အရင် ပြပွဲတုန်းကလိုတော့ မြို့ပြရယ်လို့ သီးခြား မဟုတ်ပါဘူး ပေါ့။
မေး။ ။ အရင်က အရောင်ကို အလေးထားတာ တွေ့ရတယ်။ နောက်တော့ အလင်းကို အလေးထား ရေးဆွဲတင်ပြ လာတာ တွေ့ရတယ်။ အဲဒီ အပြောင်းအလဲက အောင်ထက်လွင်ရဲ့ သီးခြားဟန်ကို ဖြစ်စေခဲ့တာလို့ ယူဆပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်၊ အခုကျတော့ အလင်းထဲက အရောင်ပေါ့။ ကျနော့် အနေနဲ့ တမင်ပြောင်းယူခဲ့တာ မဟုတ်ဘူး၊ ရေးနေရင်းနဲ့ တွေ့လာတာ လို့ ပြောချင်ပါတယ်။ ဥပမာ အရင်က အလင်းထိတဲ့ နေရာတွေကို အရောင်တွေနဲ့ နီးစပ်အောင်ရေးတယ်၊ အခုကျတော့ တချို့ဟာတွေဆို လုံးဝအဖြူချန်လိုက်တယ်၊ ပိုလင်းတယ်လို့ ခံစားမိလာတယ်။
မေး။ ။ နိုင်ငံတကာ ရေဆေးအဖွဲ့မှာလည်း အသက်အငယ်ဆုံး အဖွဲ့ဝင် အနုပညာရှင် တဦးလို့လည်း သိရတယ်။ တခြားနိုင်ငံက ပညာရှင်တွေနဲ့ မြန်မာနိုင်ငံက ပညာရှင်တွေရဲ့ ဖန်တီးမှု ကွာခြားချက်က ဘာ ဖြစ်မယ် ထင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့…၊ အဓိကကတော့ လွပ်လပ်တဲ့ ခံစားမှုပါ။ နောက် အနုပညာမြောက်တဲ့ လွတ်လပ်မှုပေါ့။ အဲဒါတွေ ကို အရင် မြင်မိပါတယ်။ ဘာကနေ မလွတ်လပ်တာလဲ ဆိုတော့ တခုခုနဲ့ ငြိနေတာမျိုးပါ၊ တချို့က ဈေးကွက်၊ တချို့က ခံစားမှုပေါ့။ ဘောင်ကျဉ်းနေတာမျိုးပေါ့။ ကျနော့်အမြင်ပါ။
မေး။ ။ အောင်မြင်တဲ့ အနုပညာသမား ဆိုတာ ဘယ်လိုမျိုး ဖြစ်တယ်လို့ ယုံကြည် ခံယူထားပါသလဲ။
ဖြေ။ ။ ကိုယ်လုပ်နေတာက ဘာဆိုတာ သိမယ်၊ ကိုယ် ဘာကို လုပ်မလဲ ဆိုတာ သိမယ်၊ ဘယ်လမ်းကြောင်းကို သွားမယ် ဆိုတာတွေ ကွဲကွဲပြားပြား သိပြီး ရိုးသားတဲ့ အနုပညာလက်ရာတွေ ဖန်တီးနေတယ် ဆိုရင် အောင်မြင် နေတာပါပဲ။ နောက် ကိုယ်လုပ်တာတွေနဲ့ ပျော်နေမယ်ဆိုရင်ပေါ့။ အဲဒီလို ဆိုရင် အောင်မြင်တဲ့ အနုပညာသမားလို့ မြင်ပါတယ်။
အများအားဖြင့် Expression ပန်းချီကား အများစု တွေ့နေရတဲ့ အနေအထားမှာ ပန်းချီအောင်ထက်လွင်ရဲ့ အင်ပရက်ရှင်း နွယ်တဲ့ ပန်းချီကားတွေက ကြည့်ရှုသူကို ရသတမျိုး ရရှိစေပါလိမ့်မယ်။ ။