မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ အူရီဒူးမှ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍ သာမက ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကဏ္ဍများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ လုပ်ဆောင်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး အူရီးဒူးမြန်မာအနေနဲ့ Pact Myanmar နဲ့ ပူးပေါင်းပြီး ကျေးလက် ပြည်သူများအတွက် အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
အူရီဒူးမြန်မာရဲ့ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုများမှတဆင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှာ ယခင်က လူဦးရေ ၆၃,၀၀၀ မှာ ဆရာဝန်တယောက် နှုန်းဖြင့်သာ ဆေးကုသခွင့် ရရှိခဲ့ရာမှ ယခုအခါ လူဦးရေ ၂၅,၀၀၀ မှာ ဆရာဝန်တယောက်နှုန်းဖြင့် ဆေးကုသခွင့်ရရှိမှု တိုးတက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါ မတ္တရာမြို့နယ် ဒေသအတွင်းမှာ အူရီဒူးမြန်မာမှ ကလေး အယောက် ၃,၀၀၀ ကျော်နဲ့ မိခင်ပေါင်း ၁,၁၀၀ ကျော်အတွက် ကိုယ်ဝန်ဆောင်စဉ်နဲ့ မီးဖွားပြီးချိန်အတွင်းမှာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့အနေနဲ့ ‘Pact – Ooredoo ရွာအရောက် ကျန်းမာရေးဝန်ဆောင်မှု’ကို အခမဲ့ ပေးအပ်နိုင်ဖို့ အမေရိကန် ဒေါ်လာ ၁ သန်းကျော်ကိုရင်းနှီးမြှုပ်နှံပြီး ပံ့ပိုးကူညီခဲ့ပါတယ်။ အူရီဒူးမြန်မာရဲ့ အဓိက ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရရှိစေရေးကို အဓိက ကူညီပံ့ပိုး လိုတာပဲဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာမှ Chief Legal and Regulatory Officer, Mr. Christopher Perice က ပြောပါတယ်။
ယခုအခါ အဆိုပါ “Pact – Ooredoo ရွာအရောက် ကျန်းမာရေးဝန်ဆောင်မှု” လုပ်ငန်းကို မတ္တရာမြို့နယ်အပြင် ဘုတလင်မြို့နယ်နဲ့ ဆင်ပေါင်ဝဲ မြို့နယ်များကိုပါ အခမဲ့ တိုးချဲ့ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
အူရီဒူးမှ အဆိုပါဒေသများကို သွားရောက်တဲ့အခါ ကျေးလက်နေ ပြည်သူများကို ရွာအရောက် ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့ ရောက်ရှိလာမယ့်နေ့ရက်၊ ရောက်ရှိမယ့်အချိန်နှင့် ရောက်ရှိမယ့်နေရာတို့ကို အခမဲ့ SMS ပေးပို့ပြီး ကြိုတင် အကြောင်းကြားပေးခဲ့တယ်လို့ သိရပါတယ်။
ယင်းကဲ့သို့ ကြိုတင် အကြောင်းကြားပေးတဲ့ SMS စာတိုပေးပို့မှုများကို ရွာပေါင်း ၁၅ ရွာကို ပေးပို့သွားမှာဖြစ်ပြီး SMS စာတို လက်ခံရရှိမယ့် ရွာများကတော့ ဆင်ကုန်း၊ ဝဲစု၊ သာလွန်ဖြူ၊ ကြပ်ပြင်၊ ညောင်ပင်သာ၊ မြင်စည်း၊ နန်းတော်ကျွန်း၊ တောင်ကလာ၊ သပြေချောင်၊ မြသီတာ၊ သပြေသာ၊ အလယ်ပုံ၊ ဝါးရင်းတုတ်နဲ့ သပြေအိမ့်ရွာ တို့ဖြစ်တယ်လို့ သိရပါတယ်။
“အခြေခံအားဖြင့် ကျေးလက်နေ ပြည်သူတွေကို ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး ဝန်ဆောင်မှု ရရှိနိုင်အောင် အူရီဒူးမြန်မာမှ ကူညီ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆက်သွယ်ရေး ကဏ္ဍကနေ ကျန်းမာရေး ကဏ္ဍအတွက် ပံ့ပိုးကူညီပေးတဲ့ Telemedicine ဝန်ဆောင်မှုကနေတဆင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ လူထုအတွက် ဝေးလံတဲ့နေရာတွေက ဆေးရုံ၊ ဆေးခန်းတွေကို အချိန်ပေးပြီး သွားစရာမလိုဘဲ အချိန်တိုအတွင်းမှာ ဆရာဝန်များကို လူနာများနဲ့ ချိတ်ဆက်ပေးရန် ကူညီပေးနိုင်ပါတယ်” လို့ Mr. Christopher Perice က ဆိုပါတယ်။
“Pact – Ooredoo ရွာအရောက် ကျန်းမာရေး ဝန်ဆောင်မှုအဖွဲ့” ဟာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ အပြင်၊ အခမဲ့ ဓာတ်ခွဲခန်းစမ်းသပ်မှုများ၊ အခမဲ့ ကျန်းမာရေး စစ်ဆေးပေးခြင်းများနဲ့ အဟာရ ပြည့်ပြည့်ဝဝ ရရှိစေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးမှုများ စတဲ့ အခမဲ့ ဝန်ဆောင်မှုများ ပေးလျက်ရှိတယ်လို့ သိရပါတယ်။