စာရေးသူ – မလိခ
စာအုပ်အမည်- မြန်မာဝတ္ထုအညွန်းပေါင်းချုပ်
အမျိုးအစား – ဝတ္ထုအညွန်း
မြန်မာဝတ္ထု အညွန်းတွေကို ရေးသားဖို့ အတွက် ဆရာမင်းကျော်နဲ့ဆရာနတ်နွယ်တို့က ‘မလိခ’ ဆိုတဲ့ ဘုံကလောင်ကို မွေးဖွားခဲ့ကြပါတယ်။ ဒီမြန်မာ ဝတ္ထုအညွန်းတွေကို စတင်ရေးတဲ့အခါ နှစ်ဦးသဘောတူ စာအုပ်တွေကို ရွေးချယ်ပြီး ခွဲေ၀ ရေးသားခဲ့ကြတာပါ။ မြန်မာ ဝတ္ထုအညွှန်းပေါင်းချုပ်ဟာ မြန်မာဝတ္ထုရှည်သမိုင်း သဖွယ်ဖြစ်လာခဲ့ပြီး မြန်မာစာကျောင်းသားတွေ အတွက် ပြဋ္ဌာန်းပေးရတဲ့ အထိ အလေးထားရပါတယ်။ အခု ဒီပေါင်းချုပ် စာအုပ်မှာ ရှင်မဟာသီလဝံသရဲ့ ပါရာယန ဝတ္ထုကနေ ဝင်းဝင်းလတ်ရဲ့ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာများ အထိ ဝတ္ထု အညွန်းပေါင်း ၁၂၇ ပုဒ်ပါဝင်ပါတယ်။ မူလ ထုတ်ဝေခဲ့တဲ့ ပုဂံစာအုပ်တိုက်ရဲ့ အမှာစာ၊ ဆရာနတ်နွယ်ရဲ့ အမှာစာ တွေကို ဖတ်ရှုရမှာ ဖြစ်သလို စာဖတ်သူ ရှာချင်တဲ့ စာရေးသူ၊ စာအုပ်အမည်တွေ ကိုလည်း စာရေးသူအမည် အညွန်း၊ စာအုပ် အမည်အညွန်းတွေက တဆင့် လွယ်လွယ်ကူကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၁၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ- တက္ကသိုလ်မောင်အောင်ဆွေ
စာအုပ်အမည်- အနုပညာနှင့် အတူ ဖြတ်သန်းခြင်း
အမျိုးအစား – ကိုယ်တွေ့မှတ်တမ်း
ဆရာမောင်အောင်ဆွေရဲ့ ဖခင်ဟာ မြန်မာစာပေ ပညာရှင်ကြီး ဒဂုန်ဦးလှဘေ ဖြစ်ပါတယ်။ ဆရာမောင်အောင်ဆွေ ကိုယ်တိုင်လည်း စာအုပ်ပေါင်း ၇၀ ကျော် ရေးသားခဲ့ပြီး အမျိုးသားစာပေဆုကို အကြိမ်ကြိမ်ရခဲ့သူ တဦး ဖြစ်ပါတယ်။ ဆောင်းပါးပေါင်း ၄၁ ပုဒ် ပါဝင်တဲ့ ဒီစာအုပ်မှာ ဆရာတက္ကသိုလ် မောင်အောင်ဆွေရဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ စတဲ့ အနုပညာလောက ဖြတ်သန်းမှုတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ စန္ဒရားချစ်ဆွေရဲ့ ဂီတဖန်တီးမှုတွေ၊ မင်းသား မြတ်လေးရဲ့ ရုပ်ရှင်အနုပညာ အဘိဓမ္မာ၊ ဆရာကြီးသိန်းဖေမြင့်ရဲ့ စာရေးဆရာဖြစ်နည်း၊ ဂီတနက်သန် ကိုစောညိန်းရဲ့ ဂီတသြဇာ၊ ကာတွန်းသော်က၏ အနုပညာ၊ ပန်းချီမောင်မောင်သိုက်ရဲ့ ပန်းချီအတွက် အားထုတ်မှုတွေကို စုံစုံစေ့စေ့ ဖတ်ရှုရမှာပါ။ ဆရာသူရဇော်ရဲ့ အမှာစာ၊ ဆရာမောင်အောင်ဆွေရဲ့ အမှာစာနဲ့ ဝတ္ထုစာရင်းများလည်း ပါဝင်ပါတယ်။ မျိုးဆက်သစ် စာပေက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ- စည်သူကျော်
စာအုပ်အမည်- တော်လှန်မှုများထဲက ဗမာပြည်
အမျိုးအစား – ဘာသာပြန်
ဆွီဒင်လူမျိုး မြန်မာ့အရေး ကျွမ်းကျင်သူ ဘားတေးလ်လင့်တနာရဲ့ BURMA IN REVOLT စာအုပ်ကို ဆရာ စည်သူကျော်က ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဘာတေးလ်လင့်တနာရဲ့ ဒေါမာန်ဟုန်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ၏ နေထွက်ချိန်နဲ့ နေဝင်ချိန်၊ ကျောက်စိမ်းမြေ စတဲ့ စာအုပ်တွေကို မြန်မာ စာဖတ်ပရိတ်သတ် အများစုက သဘောတွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။ အခန်း ၁၀ ခန်း ပါဝင်တဲ့ ဒီ တော်လှန်မှုများထဲက ဗမာပြည် စာအုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ပုန်ကန်မှုရာဇဝင်၊ ဘိန်းနဲ့ မူးယစ်ဆေးဝါး အများအပြား ပေါ်ပေါက်လာရခြင်း အကြောင်း၊ အသက် နှစ်ဆယ် စွန်းစွန်း အရွယ်မှာ ကိုယ်ပိုင် စစ်တပ်ကို ဖွဲ့စည်းနိုင်ခဲ့တဲ့ အောလစ်ဗ်ယန်၊ ရှမ်းပြည် ကိုယ်ပိုင်လွတ်လပ်ရေး မရမချင်း ဆံပင်မညှပ်ဟု သန္နိဋ္ဌာန် ချထားသူ စဝ်နွံ၊ ကွမ်လုံတိုက်ပွဲကြီးနဲ့ ကွန်မြူနစ် လူလှိုင်းစစ်ဆင်ရေး စတဲ့ အကြောင်းတွေကို ရှားပါးဓာတ်ပုံတွေနဲ့ အတူဖတ်ရှုရမှာ ဖြစ်ပါတယ်။ ရန်ကုန်လမ်းမများ စာပေက တန်ဖိုး ၁ သောင်းကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ဘိုကလေးတင့်အောင်နှင့် အခြား
စာအုပ်အမည် – ဂီတဝင်္ကပါထဲက ဂီတလုလင်
အကြောင်းအရာ – အမှတ်တရ စာစု
စွယ်စုံအနုပညာရှင် ဂီတလုလင်မောင်ကိုကိုရဲ့ ကွယ်လွန်ခြင်း ၉ နှစ်ပြည့် အမှတ်တရ စာအုပ်ဖြစ်ပါတယ်။ ဆရာ မောင်ကိုကိုကို ချစ်ခင်ကြတဲ့ ဂီတ၊ ရုပ်ရှင်၊ သဘင်အနုပညာနယ်မှ ပုဂ္ဂိုလ် ၃၀ ကျော်ရဲ့ အမှတ်တရစာမူ တွေကို ဖတ်ရှုရမှာ ဖြစ်သလို ဆရာမောင်မောင်ကိုကို ကိုယ်တိုင် ရေးခဲ့၊ တီးခဲ့ ၊ ဆိုခဲ့တဲ့ သီချင်းတွေပါဝင်တဲ့ အခွေကိုလည်း နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဘဘဘိုကလေးတင့်အောင်ကတော့ `နှစ်ပေါင်းများစွာ အနုပညာလုပ်ငန်းကို အတူ ပူးတွဲပြီး မခွဲမခွာလုပ်ခဲ့ရတဲ့ ကျနော့် ညီလေး ဂီတလုလင်ကို ဘယ်သောအခါမှာမှ မေ့လို့ပျောက်လို့ မရတော့ပါ ခင်ဗျား’ လို့ ဆိုထားပါတယ်။ သီဟရတနာစာပေမှ တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။