Lifestyle

ဂျပန်နိုင်ငံက ချစ်သူများနေ့ အကြောင်း

အများအားဖြင့်ချစ်သူများနေ့ (Valentine’s Day) ဆိုတာဟာ ချစ်သူစုံတွဲတွေအတွက်သာ သီးသန့်ဆင်နွှဲဖို့ရာ ဖြစ်နေပြီး တကိုယ်တည်းသမားများနဲ့ မသက်ဆိုင်တဲ့နေ့လေးတနေ့လို ဖြစ်နေပါတယ်။ သို့ပေမယ့် ဂျပန်နိုင်ငံမှာတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ လူကြီးလူငယ်မရွေး၊ ချစ်သူရှိသူတွေရော ချစ်သူမရှိသူတွေပါ အားလုံးပါဝင်ဆင်နွှဲကြတဲ့ နေ့တနေ့အကြောင်း ပြောပြပါမယ်။

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ချစ်သူများနေ့ရဲ့ ထူးခြားချက်က Valentine’s Day မှာ မိန်းကလေးကနေ ယောက်ျားလေး ဘက်ကို ချောကလက်လက်ဆောင် ပေးလေ့ရှိတဲ့ဓလေ့ဖြစ်ပါတယ်။ သို့ပေမယ့် ချောကလက်ပေးတိုင်း ချစ်ကြိုက်တယ် ဆိုတဲ့သဘောမျိုးမဟုတ်ဘဲ ခင်မင်သူအမျိုးသား သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေကို ခင်မင်မှုနဲ့ ကျေးဇူးတရားကို ဖော်ကျူးတဲ့ Giri-choko (Obligation chocolate) လည်းရှိသလို မိန်းကလေးဘက်ကနေ အချစ်ကို ဖွင့်ဟဝန်ခံတဲ့အဓိပ္ပာယ်ဆောင်ကို ဖော်ကျူးတဲ့ ချောကလက်အနေနဲ့ Honmei-choko (True Love chocolate) ရှိပါတယ်။

အခုလို မိန်းကလေးဘက်ကနေ ချောကလက်ပေးတဲ့ဓလေ့ဖြစ်ပေါ်လာပုံကဂျပန်ပြည်တွင်းမှာ Valentine’s Day ကို စတင်မိတ်ဆက်ဖို့ ကြိုးစားတဲ့ခေတ်တွေတုန်းက မှားယွင်းဘာသာပြန်ခဲ့တာကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။ အခု နောက်ပိုင်းမှာတော့ Gyaku-choko (Reverse chocolate) လို့ ခေါ်တဲ့အမျိုးသားက ချောကလက်ပေးတာမျိုးနဲ့ ဂျပန်မိန်းကလေးတွေကြားမှာ အပေးများတဲ့ Tomo-choko (Friendship chocolate) စတဲ့ ဂျပန်ရဲ့ ဓလေ့က ခေတ်စားလာပါတယ်။

ချစ်သူများနေ့နဲ့ ဆက်စပ်နေတဲ့ဂျပန်တွေရဲ့အဖြူရောင်နေ့ (White Day) က လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ Valentine’s Day အပြီးတလအကြာဖြစ်တဲ့ မတ်လ ၁၄ ရက်နေ့မှာ အဖြူရောင်နေ့ (White Day) ဖြစ်ပြီး ဒီ White Day မှာတော့ Valentine’s Day တုန်းက ချောကလက်လက်ဆောင်ရထားတဲ့ အမျိုးသားတွေဘက်က ပေးသူ အမျိုးသမီးကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့လက်ဆောင်တခု ပြန်ပေးရတာ ဖြစ်ပါတယ်။ Honmei-choko လက်ခံရရှိထားတဲ့အမျိုးသားတွေအဖို့ White Day မှာ မိန်းကလေးတွေကို တုံ့ပြန် အဖြေပေးတဲ့ သဘောလည်း သက်ရောက်ပါတယ်။

Valentine’s Day တုန်းက လက်ခံခဲ့တဲ့ လက်ဆောင်ထက် သုံးဆပိုများတဲ့ Triple the return လို့ခေါ်တဲ့ တန်ဖိုးရှိတဲ့အရာကို လက်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ မပေးခဲ့ဘူးဆိုရင်တော့ အမျိုးသားဘက်က အထက်စီးက နေတယ်လို့ ယူဆခံရမှာပါ။ တကယ်လို့ တူညီတဲ့တန်ဖိုးရှိတဲ့လက်ဆောင်ကို ပြန်လည်လက်ခံရရှိပါက ဆက်ဆံရေးဖြတ်တောက်ခြင်းကို ပြောလိုတာလို့ ဆိုလိုပါတယ်။

ယခုအခါမှာတော့ ချောကလက်အပြင် ချိုချဉ်၊ ကွတ်ကီး၊ လက်ဝတ်ရတနာ၊ အသုံးအဆောင်ပစ္စည်း စသဖြင့် လက်ဆောင်အမျိုးမျိုးကို ပေးလေ့ရှိနေကြပါပြီ။ White Day ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ရဲ့ အဆိုအရ အဖြူရောင်ကို ရွေးချယ်ရတာက အဖြူရောင်ဟာ စင်ကြယ်ခြင်းကို ကိုယ်စားပြုပြီး သကြားရဲ့ အရောင်မှာလည်း အဖြူရောင် ဖြစ်တာကြောင့် White Day ဟာ“ဖြူစင်ချိုမြိန်သောဆယ်ကျော်သက်အချစ်”ကို ကိုယ်စားပြုပါတယ် လို့ ဆိုပါတယ်။ ကနဦးအစကတော့“Ai ni Kotaeru White Day” (Answer Love on White Day) လို့ ခေါ်ကြပါတယ်။

တကယ်တော့ ဂျပန်လူမျိုးတွေမှာ Valentine’s Day လိုပဲ သူတို့ ရိုးရာချစ်သူများနေ့လို့ ဆိုနိုင်တဲ့ Tanabata(Evening of the seventh)က ရှိပြီးသားပါ။ နှစ်စဉ် ဇူလိုင်လ ၇ ရက်မှာ ပြုလုပ်တဲ့ အဲ့ဒီပွဲကို ကြယ်စင်ပွဲတော် (Star Festival) လို့လည်း ခေါ်ပါတယ်။

Ref:wikipedia

Loading