Interior design ဒီဇိုင်း ဆိုတာ ဘာလဲ
အရင်ခေတ်တွေတုန်းက Interior design တခုကို နိုင်ငံရပ်ခြား ပညာရှင်တွေဆီကနေ ငွေကြေး အမြောက်အများပေးပြီး ဝယ်ယူခဲ့ရတာပါ။ အခုကာလမှာတော့ Interior design က မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးပါလာနေတဲ့ အပြင် မြန်မာ Interior ဒီဇိုင်နာတွေလည်း ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။ Interior design အကြောင်း တင်ပြရရင် …၊

Interior design ကိုအိမ်အလှဆင်တာပဲလို့သိထားကြပါတယ်။ တကယ်တော့ Interior Design ဆိုတာအများထင်သလိုအိမ်အလှဆင်တာသက်သက်မဟုတ်။သူ့မှာ လေးနက်သည့်အဓိပ္ပာယ်တွေအများကြီးရှိပါတယ်။
အိမ်အလှဆင်ဖို့ဟိုပစ္စည်းလေးရွေး၊ဟိုအိမ်သုံးပရိဘောဂလေး ရွေး၊လုပ်နေတာမျိုးက ဒီဇိုင်နာတဦး မဟုတ်သေးပါဘူး။ Home Decorator လို့ခေါ်ရမှာပါ။ သူတို့ကအိမ်ကိုအမြင်လှအောင်ဆွဲဆောင် ဖန်တီးတတ်သူပါ။

Interior designer ကတော့အိမ်တလုံးရဲ့ တည်နေရာနဲ့ ဝန်းကျင်၊ ဆောက်လုပ်ထားပုံ၊ အခန်းဖွဲ့စည်းပုံ၊ အခန်းရဲ့ အကျယ်အဝန်း၊ လေအဝင်အထွက်၊ အလင်းရရှိမှု သာမက အဲဒီ အိမ်နဲ့ အခန်းမှာ နေထိုင် အသုံးပြုမယ့် သူရဲ့ အလုပ်အကိုင်၊ ဝါသနာတွေကိုပါ ထည့်သွင်း တွက်ချက် ဖန်တီးယူရပါတယ်။
ဥပမာ – စာဖတ်ဝါသနာ ပါတဲ့ သူ အတွက် Interior Design ဖန်တီးတဲ့ အခါ သူရဲ့အိမ်လေးကစာအုပ်စာပေ ထားဖို့နေရာ၊ အခန်း၊ အလင်းရရှိမှု၊ အထူးသဖြင့် သဘာ၀ အလင်းရောင် အားပြု သုံးနိုင်အောင် ဖန်တီးပေးရတဲ့ အပြင် စာဖတ်ခန်း/ စာကြည့်တိုက်လို သက်တောင့်သက်သာနဲ့ ဖြစ်အောင် ဖန်တီးရပါတယ်။
တကယ်လို့သာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အားလပ်ရက်တွေမှာ အနားယူစရာ အိမ်ကလေးမျိုး ဖန်တီးရမယ် ဆိုရင်တော့ စားသောက်စရာ ဘားခန်း၊ ချက်ပြုတ်ခန်း၊ စားသောက်ခန်း ပါတဲ့ အိမ်တွင်းဒီဇိုင်းမျိုး ဖန်တီးပေးရမှာပါ။ ပြောရရင် ကလပ်လေးတခုလို ဖြစ်ဖို့ပေါ့။

ဒါမှမဟုတ် ပန်းချီ ပန်းပု အပါအဝင် ရှေးဟောင်း ပစ္စည်းတွေ ထားသိုထိန်းသိမ်းဖို့ ဆိုရင်တော့ အဲဒီ အိမ်လေးကို အနုပညာ ဆန်ဆန် အခန်း၊ ပြတိုက်လို အခန်းလေး ဖြစ်အောင် ဒီဇိုင်းရေးဆွဲ ဖန်တီးရမှာပါ။
ဒါကြောင့် Interior Designer ဆိုတာ အလှဆင်ဖန်တီးမှု (Decoration) မဟုတ်ဘဲ နေရာ၊ အသုံးပြုသူနဲ့ အသုံးပြုမယ့် ရည်ရွယ်ချက်ကို လိုက်လျောညီထွေ ဖြစ်စေဖို့ ဘက်ပေါင်းစုံကနေ စဉ်းစားစီစဉ်ပေးရပါတယ်။ ဒီဇိုင်းရေးဆွဲရပါတယ်။
ဒီနေရာမှာ ဒီဇိုင်းဆိုတဲ့ စကားကို နည်းနည်း ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။ ဒီဇိုင်းဆိုတာ လိုက်လျောညီထွေ ပြေပြစ်ပြည့်စုံတဲ့ ဖန်တီးမှု၊ တနည်းအားဖြင့် အနုပညာ ဖန်တီးမှုပါ။ ပန်းချီ အနုပညာရှင်နဲ့ ဒီဇိုင်းပညာရှင် တို့ကြား မတူတဲ့ အချက်တွေ ရှိပါတယ်။ ပန်းချီဆရာက သူဖန်တီးတဲ့ ပန်းချီကား တခုကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ အလေးထား နေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ လွတ်လပ်စွာ ဖန်တီးမှုကို အလေးထားပါတယ်။ ဒါပေမယ့် ဒီဇိုင်နာတဦးမှာတော့ ဖန်တီးဖို့ အကန့်အသတ်တွေ များပြားတဲ့ အပြင် အလုပ်အပ်သူရဲ့ လိုလားချက်၊ ပတ်ဝန်းကျင် အနေအထား လိုအပ်ချက် စတဲ့ အချက်တွေကို အဘက်ဘက်က ထည့်သွင်းစဉ်းစားပြီး ဖန်တီးရပါတယ်။
Interior Designer တဦးဟာ ဗဟုသုတ ပြည့်ဝနေဖို့ လိုသလို ဒီဇိုင်းတခုဖန်တီးရာမှာအရေးကြီးတဲ့ Theme and Concept ရှိဖို့ပါ။ Concept ဆိုတာ နွှယ်ဆက် အတွေး သို့မဟုတ် ဆက်စပ်အတွေး၊ ထပ်ဆင့်ရလာတဲ့ အတွေးနဲ့ ခံစားမှုလို့ ပြောနိုင်ပါတယ်။Concept မရှိတဲ့ ဒီဇိုင်းတခုဟာ ဖရိုဖရဲ ဖြစ်နေတတ်ပါတယ်။