Lifestyle

ကမ္ဘာသိ ဗမာ့ဦးသန့်

Want create site? Find Free WordPress Themes and plugins.

စာရေးသူ- ကျော်သက်ဟန်

စာအုပ်အမည်- ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်နှင့် မြန်မာနိုင်ငံ
ဦးသန့်အရေးအခင်းလှုပ်ရှားမှု

အမျိုးအစား- နိုင်ငံရေး

ထုတ်ဝေသည့်တိုက်- စိတ်ကူးချိုချို

ထုတ်ဝေသည့်ကာလ-၂၀၁၆၊ သြဂုတ်

တန်ဖိုး- ၇၀၀ ကျပ်

မြန်မာနိုင်ငံမှာ ဦးသန့်လို့ဆိုလိုက်တာနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ဦးသန့်အရေးအခင်းစသဖြင့် တွဲမြင် တွဲသိလေ့ရှိကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာမှာ တာဝန်ထမ်းဆောင်ဖူးတာ တစွန်းတစ သိကြရုံကလွဲပြီး ဦးသန့်အရေးအခင်းဆိုရင် လေးဆယ်ကျော်တန်းတွေတောင် သိမှတ်ရုံလောက်ပဲရှိပါတယ်။

ဦးသန့်ဆိုတာ ဘယ်လိုလူစားလဲ။ ဘယ်လိုမျိုး အရည်အချင်းတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်လို ရာထူးမျိုးကို ရရှိခဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတာ ခုခေတ်နောက်ပိုင်းမျိုးဆက်သစ်တွေ သိမှတ်ဖို့ စစ်အစိုးရကာလတလျှောက် ပြည်တွင်းမှာ ဦးသန့်နဲ့ပတ်သက်တဲ့စာအုပ်စာတမ်း ရှားပါးခဲ့မှုကြောင့်ပဲဖြစ်ပါတယ်။

၁၉၇၁၊ ဒီဇင်ဘာ၂၇ရက်နေ့ထုတ်ဝေတဲ့ နယူးယောက်တိုင်းမ်သတင်းစာ အယ်ဒီတာ့အာဘော်ခန်းကနေ ချီးကျူးဂုဏ်ပြုရေး သားခဲ့ရတဲ့ဦးသန့်၊ အမေရိကန်သမ္မတဂျွန်အက်ကနေဒီက ၁၉၆၂ မှာ “ကမ္ဘာကြီးသည် ဦးသန့်အား နက်ရှိုင်းစွာ ကျေးဇူး အ ကြွေးတင်ရှိခဲ့ပြီ” လို့ ပြောခဲ့ရတဲ့ ဦးသန့်၊ ကုလသမဂ္ဂရုံးချုပ်ရှေ့က ကျွန်းကို ဦးသန့်ကျွန်းလို့ဂုဏ်ပြု အမည်ရေးထိုးခံရတဲ့ ဦးသန့်၊ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ ဦးသန့်လမ်း၊ ဦးသန့်မြို့နယ်အစရှိသဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းတော်တော်များ များက ဂုဏ်ပြုခံခဲ့ရပေမယ့် မြန်မာနိုင်ငံသားတယောက်ဖြစ်ပါရက်နဲ့ မြန်မာပြည်မှာတော့ စစ်အာဏာရှင်ကာလတလျှောက် သူ့အမည်၊ သူ့ဂုဏ်ပုဒ်တွေဟာ ဖျောက်ဖျက်ခံခဲ့ရပါတယ်။

ယခုစာအုပ်ကတော့ စာရေးဆရာကျော်သက်ဟန် ပြုစုရေးသားထားပြီး ဦးသန့်နဲ့ပတ်သက်တဲ့အကြောင်းအရာများကို ရေး သားထားတဲ့စာအုပ်ဖြစ်ပါတယ်။ အပိုင်း၂ ပိုင်းပါရှိပြီး ပထမပိုင်းမှာ ဦးသန့်ကိုယ်ရေးအကျဉ်း၊ ငယ်စဉ်ဘဝ၊ ဦးသန့်ဓလေ့စ ရိုက်၊ ဥပဓိရုပ်နှင့် စာပေလေ့လာပုံ၊ ပြည်သူ့ဝန်ထမ်းဘဝ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပထမသက်တမ်း ကာ လ (ကျူးဘားဒုံးပျံအရေးအခင်းနှင့် ကွန်ဂိုစစ်)၊ ဒုတိယသက်တမ်းကာလ (အာရပ်အစ္စရေးပဋိပက္ခနှင့် ဗီယက်နမ်စစ်ပွဲ)၊ အ ထွေထွေအတွင်းရေးမှူးချုပ်၏တာဝန်နှင့် တစ်နေ့တာလုပ်ငန်း၊ အငြိမ်းစားယူခြင်း၊ ကွယ်လွန်ခြင်းနှင့် ထားရစ်ခဲ့သော အမွေ တို့ ပါဝင်ပါတယ်။

စာအုပ်ရဲ့ဒုတိယပိုင်းမှာတော့ ဦးသန့်အရေးအခင်းလှုပ်ရှားမှု(က) အရေးအခင်း၏နောက်ခံအကြောင်း၊(ခ) ကန့်ကွက်ဆန္ဒပြ မှုများနှင့်ကြားဖြတ်ယူသွားခြင်း၊(ဂ) နှိပ်ကွပ်ဖြိုခွဲခြင်း၊ ကိုယ်ရေးအချက်အလက်၊ ရရှိခဲ့သော ဂုဏ်ထူးများနှင့် အထိမ်းအမှတ်များတို့ ပါဝင်ပါတယ်။

ကမ္ဘာ့အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ဦးသန့်ကို ဗြိတိသျှခေတ် ၁၉၀၉ ဇန်နဝါရီ ၂၂ရက်မှာ ပန်းတနော်မြို့မှာ မွေးခဲ့တာဖြစ်ပါတယ်။ ယခုအချိန် ဦးသန့်ဟာ သက်ရှိထင်ရှား ရှိမယ်ဆိုရင် အသက် ၁၀၈ နှစ် အရွယ်ရှိပါပြီ။

ဦးသန့်ရဲ့ငယ်ဘဝတွေကို ပြန်ကြည့်မယ်ဆိုရင် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းတွင် ပညာသင်ကြားနေစဉ် ၁၁ နှစ်အရွယ် ၁၉၂၀ တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်မှုမှာ ပါဝင်ခဲ့တယ်။ ဖခင်ကွယ်လွန်ပြီး ငွေကြေး အခက်အခဲကြောင့် တက္ကသိုလ်လေးနှစ်စာမေးပွဲကို မတက်နိုင်တော့ဘဲ ၁၉၂၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ဆရာဖြစ် လက်မှတ်၂ နှစ်သင်တန်းကိုသာ တက်နိုင်ခဲ့ပါတယ်။

တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်မှာ ဝန်ကြီးချုပ်ဖြစ်လာမယ့် ဦးနုနဲ့ အတူတူ ပါမောက္ခဒီဂျီအီးဟောလ်လက်အောက် မှာ သမိုင်းပညာကို သင်ယူခဲ့ပြီး ဦးနုနဲ့လည်း ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းများဖြစ်လာခဲ့ပါတယ်။ နောင်တွင် ၁၉၅၁ မှ ၁၉၅၇ ထိ ဦးသန့်ဟာ ဝန်ကြီးချုပ်ဦးနုအတွင်းဝန်အဖြစ် ဦးနုပြောမယ့်မိန့်ခွန်းများ ရေးသားပေးခြင်း နိုင်ငံခြားခရီးများကို စီစဉ်ပေးရခြင်း ပြည်ပဧည့်သည်များကို တွေ့ဆုံခြင်းစတဲ့ ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ရပါတယ်။
ထိုအကြောင်းရင်းတွေကပဲ အာဏာရှင်ဦးနေဝင်းက ဦးသန့်အပေါ် အငြိုးထားစရာထဲက အချက်တချက်ဖြစ်ခဲ့ပါတယ်။

၁၉၃၁ မြန်မာတနိုင်ငံလုံးဆိုင်ရာ ဆရာဖြစ်စာမေးပွဲမှာ ပထမရပြီး အသက်၂၅ နှစ်အရွယ်မှာ ကျောင်းအုပ်ဆရာ တယောက် ဖြစ်ခဲ့ပြီး သတင်းစာနဲ့ မဂ္ဂဇင်းများမှာ သီလ၀ ကလောင်အမည်နဲ့ စာပေများရေးသားခဲ့ပါတယ်။

ဦးသန့်ဟာ အပြည်ပြည်ဆိုင်ရာကွန်ဖရင့်များတွင်လည်း ပါဝင်ခဲ့ပြီး ဘက်မလိုက်လှုပ်ရှားမှုကို အားပေးသည့် အင်ဒိုနီးရှား နိုင်ငံ ဘန်ဒေါင်းမြို့မှာ ကျင်းပတဲ့ အာရှ-အာဖရိကထိပ်သီးအစည်းအဝေးရဲ့ အတွင်းရေးမှူးလည်း ဖြစ်ခဲ့ပါတယ်။
၁၉၅၇ မှ ၁၉၆၁ ထိ ကုလသမဂ္ဂဆိုင်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ဖြစ်ခဲ့ပြီး အဲဒီကစလို့ ကမ္ဘာ့ အရေးခင်းကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

၅ နှစ်တကြိမ် ရွေးချယ်တင်မြှောက်ပြီးမှ ထမ်းဆောင်ခွင့်ရတဲ့ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံသား ဦးသန့်ဟာ ၁၉၆၁ နိုဝင်ဘာ ၃၀ မှ ၁၉၇၁ ဒီဇင်ဘာ ၃၁ ရက်ထိ ၂ ကြိမ် ဆက်တိုက် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

၁၉၆၁ စက်တင်ဘာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဒက်ဟမ္မားရှိုးလ် ကွန်ဂိုနိုင်ငံအသွား လေယာဉ်ပျံပျက်ကျ ကွယ်လွန်ခဲ့ပြီး ၎င်းရဲ့နေရာတွင် ဦးသန့်ကို အထွေထွေညီလာခံမှ ဆုံးဖြတ်ချက် အမှတ် ၁၆၈ အရ လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နဲ့ တညီတညွတ်တည်း ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပထမသက်တမ်းမှာပဲ ကျူးဘားဒုံးပျံအရေးအခင်း၊ ကွန်ဂိုပြည်တွင်းစစ် စတဲ့အရေးတွေကို ကိုင်တွယ်ဖြေရှင်းခဲ့ရပါတယ်။
အဲဒီကမ္ဘာ့အရေးအခင်းတွေကို အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်ချက်များကြောင့်ပဲ ၁၉၆၅ နိုဘယ်ငြိမ်းချမ်းရေးဆု အတွက်လည်း တစ်ပြေးခဲ့ပါသေးတယ်။

နိုဘယ်ဆုငြိမ်းချမ်းရေးဆုကော်မတီဥက္ကဌနဲ့ကော်မတီဝင်များဟာ ဦးသန့်ကို နိုဘယ်ဆု ပေးရေး၊ မပေးရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ကြလို့ ၁၉၆၆၊ ၆၇ခုနှစ်များတွင် ဆုပေးအပ်ခဲ့ခြင်းမရှိပေ။

အဲ့ဒီလောက် ကမ္ဘာက တန်ဖိုးထား ချစ်ခင်ခဲ့တဲ့ ဦးသန့်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို ၂ကြိမ်ဆက်တိုက် တာ ဝန်ထမ်းဆောင်ပြီး ၁၉၇၁ ခုနှစ်မှာ အနားယူခဲ့ပါတယ်။ ၁၉၇၄ အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ အဆုတ်ကင်ဆာ ရောဂါနဲ့ နယူးယောက်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာရှင်ဦးနေဝင်းက ဦးနုထံကနေ ၁၉၆၂ မတ်လ၂ ရက်မှာ အာဏာသိမ်းထားချိန်ဖြစ်ပါတယ်။ ဦး သန့်ရဲ့ကျော်ကြားမှုတွေကို အာဏာရှင်က အငြိုးကြီးကြီးနဲ့ နယူးယောက်မြို့ကုလရုံးချုပ်ရှေ့က နိုင်ငံတော်အခမ်းအနားနဲ့ ထားတဲ့ဦးသန့်ရုပ်အလောင်းကို လေယာဉ်ဖြင့် ပြန်သယ်လာစေပါတယ်။

ဒီမှာတင် ဦးသန့်အရေးအခင်းဆိုပြီး သမိုင်းတွင်မယ့် ကျောင်းသားလှုပ်ရှားမှုကြီးကို အာဏာရှင်ကြီးက စတင်လိုက်ပါတော့ တယ်။ ဦးနေဝင်းဟာ ဦးသန့်ရုပ်အလောင်းကို ဘာဂုဏ်ပြုအခမ်းအနားမပါဘဲ မြှုပ်နှံသင်္ဂြိုဟ်ဖို့အတွက် ကျိုက္ကဆံမြင်းပြိုင် ကွင်းမှာ ထားလိုက်ပါတယ်။

၁၉၇၄ ဒီဇင်ဘာ ၅ ရက်နေ့မှာတော့ ဦးနေဝင်းလုပ်ရပ်တွေကို လက်ပိုက်ကြည့်မနေနိုင်တော့တဲ့ ကျောင်းသားတွေဟာ ဦးသန့် ရုပ်အလောင်းပါတဲ့အခေါင်းကို ဆွဲယူလုယက်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ မြေနေရာဟောင်း မှာ ဂုဏ်ပြုမြှုပ်နှံလိုက်ကြပါတယ်။ ဦးသန့်အလောင်းထားဖို့ ယာယီ အာဇာနည်ဂူဗိမာန်တခုကိုလည်း ပြုလုပ်နိုင်ခဲ့ကြပါတယ်။

၁၉၇၄၊ ဒီဇင်ဘာ ၁၁ ရက်မှာတော့ အာဏာရှင်ကြီး ဦးနေဝင်းဟာ ဦးသန့်ဂူဗိမာန်ရှိရာ တက္ကသိုလ်နယ်မြေကို မုန်တိုင်းစစ် ဆင်ရေးအသွင်ဖန်တီးကာ ပစ်ခတ်စီးနင်းပြီး ဦးသန့်ရုပ်အလောင်းကို ရွှေတိဂုံဘုရားခြေရင်းမှာ ဆောင်ယူသင်္ဂြိုဟ်ပစ်လိုက်ပါတယ်။ မခံရပ်နိုင်ကြလို့ လမ်းမပေါ်ထွက် ဆန္ဒပြကြွေးကြော်ကြတဲ့ ပြည်သူပေါင်းများစွာ ကျောင်းသားပေါင်းများစွာ သေ ကြ၊ ထောင်ကျခဲ့ကြရပါတယ်။

ကမ္ဘာက လေးစားအသိမှတ်ပြုထားတဲ့ မြန်မာ့ဂုဏ်ဆောင်သူ ဦးသန့်ကို အာဏာရှင်ဦးနေဝင်းက အငြိုးကြီးကြီးနဲ့ ဦးသန့် ဂုဏ်ပုဒ်တွေကို ဖုံးကွယ်ဖို့ကြိုးစားရာကနေ ကမ္ဘာသိ ဦးသန့်နဲ့ ဦးသန့်အရေးအခင်းအကြောင်းများကို ယခုစာအုပ်မှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading