ဒီနေ့ခေတ်မှာ လူငယ်တွေဟာ ကိုယ်စိတ်ဝင်စားရာ အနုပညာကို လေ့လာဖန်တီးလာကြတာ တွေ့ရပါတယ်။ အဲဒီထဲမှာ မန္တလေးက အသက် ၂၃ နှစ်အရွယ်၊ ဒဿနိကဗေဒဘာသာနဲ့ ဘွဲ့ရလူငယ်တဦးဖြစ်တဲ့ ကျော်ဇေယျ ဆိုသူဟာ Graffiti (ဂရပ်ဖတီ) အနုပညာ ဖန်တီးရတာကို စိတ်ဝင်စားတဲ့အပြင် BFace ဆိုတဲ့ အမည်နဲ့ ဂရပ်ဖတီရေးဆွဲရာမှာ အသုံးပြုတဲ့ Spray များကို ဂရပ်ဖတီသမားများအတွက် ထုတ်လုပ်ရောင်းချပေးနေသူလည်း ဖြစ်ပါတယ်။ အရင်က ဂရပ်ဖတီ အနုပညာဟာ လူငယ်တွေကြားမှာ Underground အနုပညာတခုအဖြစ် တည်ရှိခဲ့ရာက အခုနောက်ပိုင်းမှာ ပေါ်ပေါ်တင်တင်နဲ့ ဖန်တီးလာနိုင်ကြတာကို တွေ့ရပါတယ်။
ငယ်နာမည် ဗိုလ်သုလို့ခေါ်တဲ့ ကျော်ဇေယျဟာ ဂရပ်ဖတီနဲ့ ပတ်သက်ပြီး သီးသန့်သင်ယူခဲ့ခြင်းမျိုးမရှိဘဲ သူ့ရဲ့ တက်တူးဆရာက ဂရပ်ဖတီ ပုံကြမ်းတွေ ရေးဆွဲတာကို စိတ်ဝင်စားမိရာကနေ လေ့လာဖြစ်ပြီး ဂရပ်ဖတီများ စတင် ရေးဆွဲဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုကျော်ဇေယျကို သူရေးဆွဲဖြစ်နေတဲ့ ဂရပ်ဖတီအနုပညာနဲ့ ပတ်သက်ပြီးရော လက်ရှိ ဂရပ်ဖတီလောကရဲ့အခြေအနေနဲ့ ပတ်သက်လို့ရော သတင်းထောက် ထက်ဦးဝေ က မေးမြန်းထားပါတယ်။
မေး။ ။BFace လို့ အမည်ပေးဖြစ်တာကို အရင် စပြောပြပေးပါ။
ဖြေ။ ။ကျနော့်ငယ်နာမည်က ဗိုလ်သုလေ။ နောက်ပိုင်း ကျနော်က လူပုံတွေ အထူးသဖြင့် မျက်နှာပုံတွေ ဆွဲလာတော့ BFace ဆိုပြီး ပေးဖြစ်သွားတာပါ။
မေး။ ။ဒီဂရပ်ဖတီပညာကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာလား။
ဖြေ။ ။ငယ်ငယ်တုန်းက စိတ်တော့ဝင်စားတယ်။ ဒါပေမယ့် သေသေချာချာ မကြိုးစားဖြစ်ဘူး။ မလေ့လာဖြစ်ဘူး။ ကျနော်ငယ်ငယ်က ၃ တန်းလောက်ကပေါ့၊ ပန်းချီပြိုင်ပွဲပြိုင်ဖူးတယ်။ တတိယဆုရတယ်။ နောက်ပိုင်းမှာ ဆယ်တန်းအောင်ပြီးတော့မှ သေသေချာချာလုပ်ဖြစ်တာပါ။
မေး။ ။ဒီလိုဂရပ်ဖတီတွေ၊ ပန်းချီတွေဆွဲဖြစ်တာ ဘယ်လောက်လောက်ကြာပြီလဲ။ ဆွဲဖြစ်တဲ့ပုံရော ဘယ်နှပုံလောက်ရှိပြီလဲ။
ဖြေ။ ။ကျနော် ၆ နှစ်ကျော်ပါပြီ။ ဒီနှစ်လယ်မှာဆိုရင် ၇ နှစ်ပြည့်ပြီပေါ့။ ကျနော် ပုံ ၃၀၀ ကျော်လောက်ရှိပြီ။ အဲဒီထဲမှာ စာလုံးပုံတွေက ၅၀ လောက်ရှိမယ်။ ပန်းချီလည်း Portrait ပဲဆွဲဖြစ်ပါတယ်။
မေး။ ။ Portrait Graffiti ကိုပဲ သီးသန့်ဆွဲဖြစ်တာလား။
ဖြေ။ ။ ကျနော်က Portrait သီးသန့်လို ဖြစ်နေတာပေါ့။ ရှုခင်းပုံတို့ဘာတို့လည်း ကျနော်က မဆွဲဘူးလေ။ လူပုံတွေပဲ အသားပေးဆွဲဖြစ်တယ်။ အရင်တုန်းကတော့ စာလုံးပုံတွေဘာတွေဆွဲတယ်။ ဒါပေမယ့်အချိန်တွေကြာလာတာနဲ့အမျှ သိလာတာက ကျနော်စာလုံးတွေကို မနိုင်ဘူးဆိုတာပဲ။ အဲဒီတော့ ကိုယ်နိုင်တဲ့ကိုယ်အားသန်တဲ့ပုံတူတွေ၊ လူပုံတွေကို ဆွဲရင်းဆွဲရင်းနဲ့ Portrait သီးသန့်လို ဖြစ်သွားတာပါ။ စာလုံးတွေဘာတွေ အလုပ်လာအပ်ရင်တောင် တခြား စာလုံး ပုံဆွဲတဲ့ သူငယ်ချင်းတွေနဲ့ပဲ ချိတ်ပေးဖြစ်တယ်။
မေး။ ။ ဂရပ်ဖတီကို အသက်မွေးဝမ်းကျောင်းတခုအနေနဲ့လုပ်သွားမှာလား။ ဝါသနာတခုအနေနဲ့ပဲ လုပ်ဖြစ်မှာလား။
ဖြေ။ ။ အသက်မွေးဝမ်းကျောင်း အလုပ်ကရှိပြီးသားဆိုတော့ ဝါသနာတခုအနေနဲ့ပဲလုပ်သွားမှာပါ။ ကျနော့်မိဘတွေ လုပ်ခဲ့တဲ့ သစ်သီးယိုစုံလုပ်ငန်းလုပ်ပါတယ်။
ဂရပ်ဖတီကတော့ဝါသနာပါတာပေါ့နော်။ တကယ်တမ်းပြောရရင် စဆွဲတုန်းကတော့ ပိုက်ဆံနဲ့ဘာညာလိုက်ဆွဲတယ်ဗျ။ ဒါပေမယ့်အမြဲတမ်း ဒါပဲဆိုရင် ပိုက်ဆံကမလောက်ဘူးဗျ။ အဲဒီတော့ ကျနော်အသက်မွေးဝမ်းကျောင်းအတွက် သပ်သပ်လုပ်လုပ်လိုက်တယ်။ ဂရပ်ဖတီကတော့ ဝါသနာတခု အနေနဲ့ မပျောက်သွားဘူးပေါ့။ တခြားဝါသနာပါတာတော့မရှိပါဘူး။
မေး။ ။ပုံတွေရဲ့နောက်မှာ triangle တွေပါတာကရော ဘာကြောင့်လဲ။
ဖြေ။ ။တြိဂံကတော့ လူတိုင်းဆွဲတတ်တာပေါ့လေ။ ဒါပေမယ့် အဲလိုမျိုးလုပ်ဖို့တော့ သိပ်ပြီးမစဉ်းစားမိကြဘူးလေ။ ကိုယ်ပိုင်ဒီဇိုင်းပေါ့။ ပုံမှာလက်မှတ်ထိုးသလိုပါပဲ။ ပုံဟာကြည့်လိုက်ရင် ဘယ်သူဆွဲထားတယ်ဆိုတာ သိမှဖြစ်မယ်၊ သိသင့်တယ်လေ။ အဲဒီတော့ ဒီတြိဂံလေးတွေမြင်ရင် BFaceဆိုတာသိအောင်ပေါ့။ ကျနော့်ရဲ့အမှတ်အသားပါပဲ။
မေး။ ။ကိုယ့်ရဲ့အနုပညာကို ဘယ်လိုခံယူထားလဲ။
ဖြေ။ ။ကျနော့်ကိုယ် ကျနော် ပုံဆွဲတာ အများကြီးလိုနေပါသေးတယ်။ ကျနော်က ခပ်ငယ်ငယ်တုန်းကတော့ နာမည်ကြီးချင်တာဗျ။ ဒါပေမယ့်နောက်ပိုင်းမှာ သူငယ်ချင်းတွေနဲ့ပြောရင်းဆိုရင်း ကိုယ်လည်းပုံတွေဆွဲရင်းနဲ့ပဲ နာမည်ကြီးတာထက် လက်ရာကောင်းဖို့က ပိုအရေးကြီးတယ်။ အဓိကကျတယ်ဆိုတာကို ပိုသိလာတယ်။ အဲဒါနဲ့နောက်ပိုင်းမှာ လက်ရာကောင်းဖို့၊ ပိုသေသပ်ဖို့ကိုပဲပိုပြီး အလေးထားလာမိပါတယ်။ နောက်တခုက ဒီမှာက ပစ္စည်းတွေ ဝယ်ရခက်တာလည်း ပါတာပေါ့လေ။ ဘန်ကောက်မှာဆိုရင်တောင် ဒီလောက်မခက်ဘူးဗျ။
မေး။ ။မန္တလေးဆိုတာ အရင်ကတည်းက ယဉ်ကျေးမှုမြို့တော်ဖြစ်နေတော့ ဒီလိုဂရပ်ဖတီတွေကို Public Area တွေမှာ ဆွဲတာတွေအတွက် ဝေဖန်တာမျိုး၊ တားမြစ်ခံရတာမျိုး ရှိဖူးလား။
ဖြေ။ ။မရှိဖူးပါဘူး။ ဒီမှာက ညီကြတယ်လို့ ပြောရမှာပေါ့။ ကျနော်ဂရပ်ဖတီဆွဲလို့ ရဲလည်းတခါမှ အဖမ်းမခံရဖူးဘူး။ တခေါက်မှာတော့ ကျနော်က ဓမ္မာရုံဘေးမှာ သူငယ်ချင်းတွေနဲ့ပုံဆွဲနေတုန်းမီးသတ်သမားတွေကလာပြီးတော့ “ဖြည်းဖြည်းမောင်း”ဆိုတာလေး ရေးခိုင်းသွားသေးတယ်။ ကျန်တာတော့ရှော့မရှိပါဘူး။ ကျနော်တို့လည်း ကြုံဖူးပါတယ်။ သူများရပ်ကွက်ကို သွားဆွဲတာလေ။ အဲမှာ တယောက်က သူများနံရံမှာ မလုပ်ပါနဲ့ကွာလို့ လာပြောတာမျိုးတော့ ကြုံဖူးပါတယ်။ ဒါပေမယ့် အဲဒါလည်း အေးဆေးပါပဲ။ သူလည်း အေးအေးဆေးဆေး လာပြောတယ်။ ကျနော်တို့လည်း သူ့ကို အေးအေးဆေးဆေး တုံ့ပြန်လိုက်ပါတယ်။ ကျန်တဲ့ ပြဿနာ ကြီးကြီးမားမားတွေတော့ မကြုံခဲ့ရပါဘူး။
နောက်တခုက ပန်းချီဆရာတွေက အသက်ကြီးတဲ့ သူတွေများတယ်လေ။ ကျနော်ပန်းချီပြပွဲလုပ်တုန်းကဆိုရင် ပြခန်းပိုင်ရှင် ဦးလေးကပျော်နေတာ။ ဘာလို့ပျော်တာလဲမေးကြည့်တော့ “လူငယ်တွေအများကြီးလာလို့တဲ့၊ ငါတို့က ဒါမျိုးဖြစ်စေချင်တာ”တဲ့၊ အဲ့ဒီလိုဆိုတော့ ဂရပ်ဖတီရယ် ဘာရယ်ညာရယ် မဟုတ်တော့ဘူး။ ဒီတော့ လူငယ်တွေ အများစု စိတ်ဝင်စားတဲ့အရာဖြစ်တယ်၊ လမ်းကြောင်းမှားနေတာလည်း မဟုတ်တော့ သူတို့သဘောကျကြပါတယ်။
မေး။ ။ဂရပ်ဖတီဆွဲတဲ့အနုပညာရှင်တွေထဲက လေးစားအားကျရတဲ့ပုဂ္ဂိုလ်မျိုးရှိလား။
ဖြေ။ ။ဟုတ်၊ ရှိတယ်ဗျ။ Belin ဆိုတဲ့သူပေါ့။ သူကစပိန်က။ သူဆွဲတဲ့ပုံတွေ အရမ်းကိုကြိုက်တာပါ။ သူဆွဲထားတဲ့ ပုံတပုံကို ကြည့်ပြီး ကိုယ့်ဘာသာတခြား ပုံတပုံကိုဆွဲရင်တောင် လက်တက်လာတယ်လို့ ခံစားရတယ်။ အရမ်း ပညာသားပါတယ်။
မေး။ ။ပုံဆွဲတဲ့နေရာမှာ ကြုံတွေရတဲ့ အခက်အခဲတွေနဲ့ အတွေ့အကြုံတချို့အကြောင်းပြောပါဦး။
ဖြေ။ ။အခက်အခဲကတော့ Spray ပေါ့။ ကျနော်တို့ဆီမှာ အရောင်တော်တော်ရှားတယ်။ ကိုယ်တိုင် စပ်တယ် ဆိုပေမယ့်လည်း မလွယ်ဘူးလေ။ မတော်တဆ မျက်စိထဲဝင်သွားတာတို့ ဘာတို့ဆိုရင် အရမ်းစပ်တာ။ ကန်းမလိုတောင် ဖြစ်ဖူးတယ်။
ကျနော်တို့နိုင်ငံမှာက ATM Spray ပဲအသုံးများကြတယ်။ ယိုးဒယားကထုတ်တာ ဝါ၊ စိမ်း၊ နီ၊ ပြာ အဲဒါလောက်ပဲ ရှိတယ်။ စပိန်ကထုတ်တဲ့ Spray တွေကျတော့ အရောင်စုံတယ်၊ ဒါပေမယ့် ဈေးကြီးတယ်။ ကျနော်က လူပုံဆွဲတော့ အသားရောင်ကို အသုံးများတယ်။ ဒါနဲ့ ကျနော်က ကိုယ့်ဘာသာအရောင်တွေ စပ်ပြီးတော့ ရောင်းတာ။ ကျနော့်လိုမျိုး ဆွဲတဲ့သူအချင်းချင်းပေါ့။
မေး။ ။ ကိုယ့်လိုပဲကြိုးစားနေတဲ့ လူငယ်တွေကို အကြံပေးစကားလေး ပြောပေးပါဦး။
ဖြေ။ ။ ကျနော့်ကို ဝါသနာပါတယ်လို့ ပြောလာတဲ့ ညီငယ်တွေကို အရမ်းကြီး နာမည်ကြီးချင်စိတ် မဝင်ကြဖို့ဘဲ ပြောချင်ပါတယ်။ ကျနော့်တုန်းကလို ဖြစ်မှာစိုးလို့လေ။ အခုတော့လူကြီးတွေကလည်း လက်ခံလာကြပြီလေ။ သူတို့အိမ်မှာ ဆွဲလို့မလှရင်သာ မကြိုက်တာ၊ တခြားနေရာမှာ ဆွဲထားလို့ လှရင်ကြိုက်ကြတာပဲ။ ဒီတော့ နာမည်ကြီး ဖို့ထက် လက်ရာကောင်းဖို့ကို ဦးစားပေးပြီး ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
မေး။ ။ ခုလက်ရှိ မြန်မာနိုင်ငံ ဂရက်ဖတီလောကရဲ့ အခြေအနေလေးလည်း ပြောပြပေးပါဦး။
ဖြေ။ ။ အခုချိန်မှာတော့ ဂရက်ဖတီတွေကို လူတွေက လက်ခံလာကြပြီလေ။ နောက်ပြီးတော့ ဂရက်ဖတီ ဆွဲတဲ့သူတွေလည်း သူတို့ကိုယ်သူတို့ ပိုပြီး တိုးတက်အောင် ကြိုးစားလာကြတယ်။ အဲ့ဒီတော့ လက်ရာတွေ ကောင်းလာတယ်ပေါ့။ ကျနော်တို့ ဆွဲရတဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာကြတယ်လို့ မြင်တယ်ဗျ။ တကယ်လို့ ကျနော်တို့ ဆွဲနေတုန်း လူတွေ လာကြည့်ကြရင်တောင် ကိုယ့်ကိုယ်ကိုယ် အပြစ်ကြီးလုပ်မိနေတယ်လို့ မခံစားရတော့ဘူး။ ဒါက အရင်တုန်းကနဲ့ လုံးဝ မတူတော့တဲ့ အချက်ပေါ့နော်။ ပြီးတော့ ဆွဲတဲ့သူတွေကလည်း အကောင်းမြင်တဲ့ဘက်ကို ဆွဲတာ များလာတာလည်း ပါမယ်ဗျ။ အရင်တုန်းကတော့ ဆွဲတဲ့သူတွေရဲ့ လက်ရာတွေ သိပ်မတက်သေးတာလည်း ပါမယ်ထင်တယ်။ ပုံတွေက မလှတော့ သူတို့ သိပ်လက်မခံချင်ကြဘူးလေ။ နောက်ပိုင်းမှာတော့ ဆွဲတဲ့လူတွေလည်း တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာကြတယ်ဆိုတော့ တော်တော်လေး တိုးတက်လာပါတယ်။