Lifestyle

ကလေးစာပေ ဖွံ့ဖြိုးပါစေ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက မန္တလေးမြို့ မြန်မာသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (MIIT) မှာ ကလေးစာပေဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တိုက်တွန်းသွားတာကို ကြားရတော့ အဲဒီကိစ္စ ဆွေးနွေးချင်လာတယ်။

လက်ရှိ အခြေအနေကလည်း ကလေးသူငယ် စာပေသာမက လူငယ်စာပေ လူကြီးစာပေ အားလုံးမှာ အားနည်းချက်တွေ ရှိနေပါတယ်။

စာပေအားနည်းလာရတဲ့ အကြောင်းရင်းပေါင်း များစွာရှိပါတယ်။ ရေးသားသူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူ၊ အခန်းငှားရမ်းခ ဈေးကြီးမြင့်မှု၊ စာဖတ်သူ၊ အိုင်တီ ယဉ်ကျေးမှု၊ အချိန်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ စတဲ့ ဘက်ပေါင်းစုံ မြှင့်တင်နိုင်မှသာ စာဖတ်ရှိန် မြင့်တက်လာပြီး စာပေဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။

စာပေမြင့်မှ လူမျိုးတင့်တယ်လို့ဆိုထားတယ် မဟုတ်လား။ ဖွံ့ဖြိုးပြီး နိုင်ငံတိုင်းမှာ စာပေတွေ ရှင်သန်နေဆဲဖြစ်ပါတယ်။ သူတို့ဆီမှာ အသက်အရွယ် ဘယ်လောက်မှာ ဘယ်လိုစာအုပ်တွေ ဖတ်ပြီးဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားကြတယ်။

ကလေးဘ၀ ငယ်ရွယ်စဉ်မှာပဲ စာအုပ်စာပေတွေကို ချစ်တတ်အောင် စနစ်တကျ ပုံဖော်ထားတာ အတုယူစရာပါ။ စာ ဖတ်တဲ့ အလေ့အကျင့်ကောင်းရသွားအောင် ငယ်စဉ်ကတည်းက ရည်ရွယ်ချက်ရှိရှိ ဖော်ဆောင်ပေးထားတာပါ။ စာ ဖတ်ခြင်းမှာ ပျော်မွေ့တဲ့ကလေးငယ်တွေ လူလားမြောက်လာပြီဆိုရင် အဲဒီနိုင်ငံ နောက်မကျတော့ဘူးပေါ့။

ကျနော်တို့ငယ်စဉ်ကတော့ ကံအားလျော်စွာ စာဖတ်ဖို့ အခွင့်အရေးတွေရခဲ့တယ်။ အပတ်စဉ်ထုတ် ရွှေသွေးဂျာနယ်က ကျနော်တို့ကို ဆွဲဆောင်လွန်းလှတယ်။ သောကြာနေ့တိုင်း ထွက်ခဲ့တဲ့ရွှေသွေးဂျာနယ်က ကျနော်တို့နဲ့ ခေတ်ပြိုင်တွေရဲ့ အသည်းစွဲချစ်မိတ်ဆွေဖြစ်ပါတယ်။

ရွှေသွေးတစောင် ၇၅ပြား ပေးရပြီး နှစ်စဉ် အထူးထုတ်တွေ ထုတ်ခဲ့တာလည်း အမှတ်တရပါပဲ။ ကာလာရောင်စုံနဲ့ ရွှေ သွေးဂျာနယ်က ကလေးအများစုကို ဆွဲဆောင်နိုင်ခဲ့တယ်။ သောကြာနေ့ ညနေ အလုပ်ကပြန်လာမယ့် အဖေ့ကို ရွှေသွေး ပါလာမှာဆိုတဲ့ မျှော်လင့်ချက်နဲ့ ခါတိုင်းနေ့တွေထက် ပိုမျှော်ခဲ့ကြတယ်။

ရွှေသွေးမှာပါခဲ့တဲ့ ကဏ္ဍတွေကလည်း တော်တော်လေး စုံခဲ့တယ်။ အထူးသဖြင့် သျှောင်ထုံးကြီး ထုံးထားလေ့ရှိတဲ့ မုဆိုးကျော် ဖိုးထော်၊ ကျားကြီးရုပ်ဆိုး၊ မြွေကြီး လောရှည်၊ ၀၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်နဲ့ မောင်ရိုး စတဲ့ဇာတ်ကောင်တွေ၊ ဝင်္ကပါထဲက ထွက်ရအောင်၊ ဆေးရောင်လှလှချယ်ကာသ၊ ရွှေသွေး နောက်ကျောဖုံးမှာပါတဲ့ ကဗျာတွေ စတဲ့ ကဏ္ဍတွေက ကလေးတွေ ကို ဆွဲဆောင်နိုင်ခဲ့ကြတယ်။

ရွှေသွေးဖတ်ပြီး မရှေးမနှောင်းမှာပဲ တေဇနဲ့ မိုးသောက်ပန်းတို့လို လစဉ်ထုတ်မဂ္ဂဇင်းတွေထိ ဆက်ဖတ်လာခဲ့တယ်။ တေဇက ကလေးငယ်တွေ ပုံပန်းချီကားတွေနဲ့ အဖုံးထုတ်ခဲ့ပြီး မိုးသောက်ပန်းက သစ်ခွပန်းတွေ အဖုံးတင်ခဲ့တယ်။ အလယ်တန်း အဆင့်ကျောင်းသားတွေအတွက် ရည်ရွယ်ထားတဲ့စာအုပ်တွေဖြစ်ပြီး ပရိတ်သတ်အားပေးမှုရခဲ့တဲ့ စာစောင်တွေ ဖြစ်ပါတယ်။

စာပေဗိမာန်က ထုတ်တဲ့ ကလေးစာပေတွေကလည်း စာအုပ်တန်ဖိုးကလည်းသက်သာ အိမ်အရောက်ဝန်ဆောင်မှုလည်း လုပ် ပေးနိုင်ခဲ့တော့ အသင်းဝင်ထားရင် အခန့်သင့်ဖတ်နိုင်တဲ့ အနေအထားဖြစ်ခဲ့ရတယ်။ သုတပဒေသာ စာစောင်ကို စာပေဗိ မာန်က ထုတ်ခဲ့ပြီး ရောင်စုံပုံတွေနဲ့ ထုတ်လုပ်ထားတဲ့ စာအုပ်က ကလေးလူကြီး ကြိုက်ပြီး ချစ်ခင်နှစ်သက်တဲ့ စာအုပ်ဖြစ် ခဲ့ရတယ်။

နောက်ပိုင်းမှာတော့ စာပေဗိမာန်လည်း အင်အားယုတ်လျော့သွားခဲ့ရတယ်။ စာပေဗိမာန်အနေနဲ့ အဲဒီလိုစာအုပ်တွေ စဉ် ဆက်မပြတ် ထုတ်ဝေပေးပြီး စာဖတ်သူ လက်ထဲ ဒုတ်ဒုတ်ထိရောက်တဲ့ ဝန်ဆောင်မှုမျိုး ဆက်လုပ်ပေးသင့်ပါတယ်။

တကယ်လို့ထုတ်ဝေရေးက ရှုံးနေတယ်ဆိုရင်တောင် နိုင်ငံသားတွေ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် တဖက်တလမ်းက ပါဝင်တဲ့အနေနဲ့ အကျိုးအမြတ်မကြည့်ဘဲ စာအုပ်ကောင်းတွေကို စဉ်ဆက်မပြတ် ထုတ်ဝေပေးရပါမယ်။ ဒါဟာ ကြီးကြီး ကျယ်ကျယ်ပြောရရင် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်တာဖြစ်ပါတယ်။

အဲဒါတွေ ဖတ်ပြီးနောက်ပိုင်းမှာ စာအုပ်အငှားဆိုင်တွေဘက် ခြေဦးလှည့်ကြတော့တာပါပဲ။ စာအုပ် အငှားဆိုင်ယဉ်ကျေးမှု ကလည်း အခြားဘယ်နိုင်ငံမှ မရှိပေမယ့် ကျနော်တို့ဆီမှာတော့ ဆယ်စုနှစ်နဲ့ချီပြီးရှိခဲ့တယ်။ မိသားစု ၄-၅ယောက်ရှိတဲ့ အိမ် ထောင်စုကို စာအုပ်အငှားဆိုင်တွေက ထမင်းအိုးပွက်တဲ့အထိ တာဝန်ကျေခဲ့တယ်။

အခုတော့ စာအုပ်အငှားဆိုင်လုပ်ငန်းဆိုတဲ့ ဝန်ဆောင်မှုစီးပွားရေးက မျိုးတုန်း ပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင် ဆိုင်နေရပြီ။ စာအုပ်အငှားဆိုင်တွေကနေ ကာတွန်းစာအုပ်တွေ ငှားဖတ်ရင်း အရိုင်း၊ သမိန်ပေါသွပ်၊ ဦးအာလူး ၊ ရှင်ဂွမ်းဂွိ၊ ဦးကပ်စီး၊ ခင်မောင်သိန်းထွန်းဝင်း၊ တိုက်ဂါး၊ ဦးစိတ်တို၊ မျောက်ညို၊ မောင်တီထွင်၊ မောင်စူပါ၊ ဒီလုံး၊ သံခဲ၊ အကောက်၊ ရာမ စတဲ့ ဇာတ်ကောင်တွေနဲ့ ထိတွေ့ခွင့်ရခဲ့ကြတယ်။

သော်ကရဲ့အရိုင်းဖတ်ရာက တောတွင်းသဘာဝတွေကို သိခဲ့ကြရသလို သဘာဝပတ်ဝန်းကျင်ကို လေ့လာလိုစိတ်တွေ လှုံ့ဆော်နိုင်ခဲ့တယ်။ မောင်တီထွင်၊ ဒီလုံး၊ မောင်စူပါ စတဲ့ဇာတ်ကောင်တွေက စာဖတ်သူတွေကို စူးစမ်းလိုစိတ်၊ တီထွင် လိုစိတ် ဖြစ်စေခဲ့ပါတယ်။ ဦးကပ်စီး၊ ခင်မောင်သိန်းထွန်းဝင်းနဲ့ တိုက်ဂါးတို့ကလည်း လူ့သဘော၊ လူ့မနေတွေကို စာဖတ်ရာ က သိလာစေခဲ့ရတယ်။ ဒါတွေက ကလေးစာပေတွေက ပေးတဲ့အကျိုးကျေးဇူးတွေပါပဲ။

ကလေးစာပေတချို့က သူရဲကောင်းတွေကို လေးစားစေတယ်။ သဘာဝတရားကို ချစ်ခင်တတ်စေတယ်။ အမှန်တရားကို မြတ်နိုးစေတဲ့ ကလေးစာပေတွေရှိသလို အနစ်နာခံမှု၊ စာနာမှုတွေက လောကပါလတရားကို ထွန်းကားစေတယ်ဆိုတဲ့ အ သိတရားတွေကိုလည်း ပေးကြပါတယ်။

စာဖတ်ခြင်းက ရည်မွန်ရင့်ကျက်စေပါတယ်။ ဘယ်ကလေးငယ်ကမှ စာဖတ်တတ်စအရွယ်မှာ ချက်ကော့၊ ကပ်ဖ်ကာနဲ့ လီယိုတော်စတွိုင်းစာအုပ်တွေ ကောက်မကိုင်ကြပါဘူး။ စာဖတ်ခြင်းမှာ မွေ့လျော်တဲ့သူတွေဖြစ်စေဖို့ ငယ်စဉ်ထဲက လေ့ကျင့် ပျိုးထောင်ကြရမှာပါ။

အထူးသဖြင့် စာဖတ်တဲ့ အလေ့အထရအောင် အုပ်ထိန်းသူတွေ ကိုယ်တိုင်က စာဖတ်တဲ့ကလေးတွေဖြစ်အောင် ဖန်တီး ပေးကြရပါမယ်။ စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရတယ် ဆိုသည့်တိုင် ကလေးငယ်တွေ စာဖတ်ချင်လာအောင် စည်းရုံးကြရပါမယ်။

ကံအားလျော်စွာ ကလေးတွေအတွက် စာအုပ်စာစောင်လေးတွေ ထွက်နေပါသေးတယ်။ မြို့ထဲရောက်တဲ့အခါ ဘီယာဆိုင် တွေဘက် ခြေဦးလှည့်မယ့်အစား စာအုပ်ဆိုင်တွေဘက် (ကလေးတွေအတွက်) ခေတ္တခဏဖြစ်စေရောက်အောင် ဝင်ကြပါ။

ကလေးစာပေဖွံ့ဖြိုးရေးက နိုင်ငံအတွက် တကယ် အရေးကြီးပါတယ်။ ငယ်ရွယ်စဉ်မှာ စာဖတ်ဝါသနာပါခဲ့မှ အရွယ်ရလာ တဲ့အခါ စာဖတ်ဖြစ်မှာပါ။ စာဖတ်သူက စာမဖတ်သူထက် စိတ်ယဉ်ကျေးမှု မြင့်ပါတယ်။

နိုင်ငံရဲ့အနာဂတ်က ကလေးငယ်တွေ လက်ထဲမှာလို့ ယုံကြည်ရင် ကလေးစာပေဖွံ့ဖြိုးရေး အရေးပေးကြဖို့ ဝိုင်းဝန်းလုပ် ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Did you find apk for android? You can find new Free Android Games and apps.
Loading