စာရေးသူ – ပါရဂူ
စာအုပ်အမည် – မြသန်းတင့်
အမျိုးအစား – ကိုယ်တွေ့မှတ်တမ်း
အင်္ဂလိပ်လို ဘာသာအပြန်ရဆုံး မြန်မာစာအုပ်များကို ရေးသူမှာ လယ်တီဆရာတော်ဘုရား ဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာ စာအုပ်တွေကို မြန်မာဘာသာ အများဆုံး ပြန်ဆိုသူမှာ ဆရာမြသန်းတင့် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး၊ အတ္တုပ္ပတ္တိ၊ သမိုင်း၊ ဝတ္ထုစတဲ့ ဘာသာရပ်မျိုးစုံကို ဘာသာပြန်ခဲ့တဲ့ ဆရာမြသန်းတင့်ကို ဆရာပါရဂူက မြန်မာစာပေ လောကရဲ့ ဘာသာပြန်သူရဲကောင်းလို့ ဆိုလိုက်ပါတယ်။ ဆရာချစ်ဦးညိုရဲ့ တိုက်တွန်းမှုကြောင့် ထွက်ပေါ်လာတဲ့ ဒီစာအုပ်မှာ ဆရာပါရဂူက သူနဲ့ ဆရာမြသန်းတင့်တို့ စာစရေးတဲ့ အရွယ်က တူညီတာတွေ၊ လုံးချင်းစာအုပ် ထွက်တဲ့ အချိန် တူညီတာတွေ၊ သံရုံးမှာ လုပ်ကိုင်ခဲ့ဖူးကြတာတွေ၊ ပြည်တွင်း၊ ပြည်ပစာပေခရီးစဉ် အကြောင်းတွေ၊ စာပေ ဟောပြောပွဲ အတွေ့အကြုံတွေ၊ ဒဂုန်တာရာနဲ့ ဝင်းဦးတို့ရဲ့ အဖုအထစ်ကြောင့် ဆရာမြသန်းတင့် မျက်နှာပျက်ရတာ တွေကို အမှတ်တရ ရေးသားထားတာ ဖြစ်ပါတယ်။ ဆရာမြသန်းတင့် ကွယ်လွန်တာဟာ ကျန်းမာရေး မာန်ကြောင့် လို့လည်း ဆရာပါရဂူက ဆိုထားပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၁၈၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ဦးအုန်းဖေ (ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဝင်ဟောင်း)
စာအုပ်အမည် – ပင်လုံစစ်တမ်း
အမျိုးအစား – သမိုင်းမှတ်တမ်း
ပင်လုံညီလာခံ သမိုင်းကို ပြည့်ပြည့်စုံစုံ သိချင်သူများ အတွက် ပင်လုံစစ်တမ်း စာအုပ်ဟာ လက်လွှတ်လို့ မရတဲ့ စာအုပ် ဖြစ်ပါတယ်။ ပင်လုံစစ်တမ်း ခေါင်းစဉ်နဲ့ ကိုက်ညီအောင် ပင်လုံညီလာခံသမိုင်းကို သမိုင်း အထောက် အထားပေါင်း များစွာနဲ့ ဆန်းစစ် ဝေဖန်မှုတွေ လုပ်ထားပါတယ်။ စာအုပ်မှာ ပင်လုံညီလာခံ ကျင်းပတဲ့ ကာလသာ မဟုတ်ဘဲ ၁၈၈၅ – ၁၈၉၇ စစ်အုပ်ချုပ်ရေးခေတ်၊ ၁၈၉၈ – ၁၉၂၁ လက်ထောက်အရေးပိုင်များ ကြီးကြပ်ကွပ်ကဲသော ခေတ် ၊ ၁၉၂၂ – ၁၉၄၁ ပဒေသရာဇ် ကောင်စီခေတ်၊ ၁၉၄၂ – ၁၉၄၅ ဂျပန်ခေတ် ၊ ၁၉၄၅ – ၁၉၄၇ ပြည်ထောင်စု ခေတ် စတဲ့ အခန်း ၅ ခန်း ပါဝင်တဲ့ အတွက် ရှမ်းနိုင်ငံရေး သမိုင်း လို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဆရာဦးအုန်းဖေက နယ်ချဲ့ ပဒေသရာဇ်တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ရည်ရွယ်တယ် လို့ဆိုပါတယ်။ စာအုပ်ဈေး စာအုပ်တိုက်က တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ဝင်းငြိမ်း
စာအုပ်အမည် – အချစ်စစ်အချစ်မှန်ဆိုသည်မှာ
အမျိုးအစား – ဘာသာပြန်
ယောက်ျားပွေသူလို့ အနောက်နိုင်ငံ မီဒီယာတွေက ဖော်ပြတဲ့ အဆိုတော်၊ သရုပ်ဆောင် ဂျနဖာလိုပက်ဇ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ဆရာဝင်းငြိမ်းက ဘာသာပြန်ထားတာပါ။ ကြီးကျယ်ခမ်းနားတဲ့ ဟောလိဝုဒ်၊ ဘရွန့်စ်သို့ အပြန်၊ ပျော်စရာကောင်းတဲ့ အချစ်၊ ခွန်အားရှိသော သတင်း၊ ကျယ်ကျယ်ပြောကြပါစို့၊ ပွဲတောင်းသံများ အစရှိတဲ့ အခန်းများ ပါဝင်တဲ့ ဒီစာအုပ်မှာ ဂျေလိုက `လူ့ဘဝကို ရောက်လာတဲ့ ကျွန်မတို့မှာ ကြုံတွေ့ရတဲ့ ပြဿနာများစွာ ရှိပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းရာမှာ မိမိကိုယ်ကို ချစ်ခြင်းစိတ် ရှေ့တန်းမှာ ထားနိုင်ရင် အရာရာဟာ ပြီးပြည့်စုံ သွားပါလိမ့်။ ကိုယ် ဘယ်သူလဲ ဆိုတာကို ကိုယ့်ကိုယ်ကို ချစ်တတ်မှ ကြွေးကြော်နိုင်ပါလိမ့်မယ်’ လို့ ဆိုပါတယ်။ ငါတို့စာပေက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ဝင်းမောင် (တမ္ပဝတီ)
စာအုပ်အမည် – ဆရာကြီး ဦးမောင်မောင်တင်၏ မွေးနေ့အမှတ်တရ စာတမ်းများ
အမျိုးအစား – စာတမ်းများ
သမိုင်းပညာရှင် ဆရာကြီး ဦးမောင်မောင်တင်ရဲ့ မွေးနေ့ပွဲတွေမှာ ဖတ်ကြားခဲ့တဲ့ ဆရာဝင်းမောင် (တမ္ပဝတီ) ရဲ့ စာတမ်းတွေကို စုစည်းထားတာပါ။ ပုဂံ (၁၉) ရွာ ကွင်းဆင်းလေ့လာ တွေ့ရှိချက်များ၊ မြစ်သာ ၁၁ ရွာ ကွင်းဆင်း လေ့လာချက်မှတ်စု၊ ဘိန္နကရာဇာမင်း၏ အနွယ်တော်များ၊ ဘိန္နကမြို့ဟောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟံလင်းကိုးမြို့၊ ကျောက်စကားမြို့ဟောင်း၊ ကျောက်ဆည်လွင်ပြင်မှ ရှေးခေတ် မက္ခရာ မြို့တော်၊ မင်းမြတ် အနော်ရထာကို တူးဖော်ရှာဖွေခြင်း၊ တကောင်းမြို့ဟောင်း၏ သမိုင်းဆက်ပဉ္စာလငါးမြို့၊ မြစ်သားမြို့ စောလူးမင်း၏ ဘာသာစုံကျောက်စာ (ပဏာမလေ့လာချက်)၊ ပန်းလောင်မြစ်ရိုး တလျှောက်ရှိ ရွှေဂူကြီး (၉) ဆူ မြန်မာနိုင်ငံ အတွင်းရှိ မြစ်ဝှမ်းအသီးသီးတို့၏ ယဉ်ကျေးမှုဒေသများ၊ ဘိန္နကမြို့ဟောင်း ဒုတိယအကြိမ် ကွင်းဆင်း လေ့လာခြင်း၊ မြန်မာအစ မြန်မာ,က လော… အစရှိတဲ့ စာတမ်း ၁၄ စောင် ပါဝင်ပါတယ်။ ပဉ္စဂံစာအုပ်တိုက်က တန်ဖိုး ၄၀၀၀ ကျပ်နဲ့ ဖြန့်ချိထား ပါတယ်။ ။