လူငယ်တွေကြားမှာ ရေပန်းအစားဆုံး နေ့ရက်တွေထဲက တခုဖြစ်တဲ့ Valentine’s Day (ချစ်သူများနေ့) ဟာ မနက်ဖြန်ဆိုရင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ချစ်သူခင်သူတွေကို ပို့စ်ကဒ်တွေ၊ ပန်းစည်းတွေ၊ ချောကလက်နဲ့ တခြား အမှတ်တရဖြစ်စေမယ့် လက်ဆောင်တွေပေးဖို့အတွက် Shopping Centre တွေ၊ Gift Shop တွေ၊ Fancy Shop တွေလို နေရာတွေမှာ အလုအယက် ကြိတ်ကြိတ်တိုး ဝယ်ယူနေသူတွေကိုလည်း တွေ့မြင်ကြရပါတယ်။
ဒီနှစ်မှာ ခါတိုင်းနှစ်တွေထက် ထူးခြားပြီး ချစ်စရာကောင်းတဲ့ လက်ဆောင်တွေကို တွေ့မြင်လာရပါတယ်။ ဒီလို ထူးခြားတာ တွေထဲမှာ ပစ်တိုင်းထောင်ရုပ်၊ ရုပ်သေးရုပ်၊ ဇီးကွက်ရုပ်တွေကို ထန်းခေါက်ဖာထဲမှာ ထည့်ပြီး ချစ်သူများနေ့လက်ဆောင်အဖြစ် ရောင်းချလာတာ တွေ့ရပါတယ်
ချစ်သူများနေ့ဆိုရင် ချောကလက်နဲ့ ပန်းစည်း၊ အရုပ် စတဲ့ အရာတွေသာ လက်ဆောင်အဖြစ် ပေးဖြစ်ကြတဲ့ ဒီဘက်ခေတ်မှာ ဒီလို မြန်မာရိုးရာ အရုပ်တွေကို မြန်မာရိုးရာ ထုပ်ပိုးမှုပုံစံနဲ့ တွေ့မြင်ရတာကိုက ထူးခြားနေပြီ မဟုတ်ပါလား။
“ဒီ အရုပ်လေးတွေက ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။ မိဘတွေကလည်း ကျောက်ပန်းချီဆွဲတဲ့ လုပ်ငန်းလုပ်တယ်။ နောက်ပြီး ရွှေချည်ထိုး၊ ငွေချည်ထိုးလုပ်ငန်းလည်းရှိတော့ အဲဒီကနေလုပ်ဖြစ်တာပါ။ ချစ်သူများနေ့အတွက် သီးသန့်ရယ် လို့တော့မဟုတ်ဘူး။ ဒါပေမယ့် စိတ်ဝင်စားကြတယ်။ လူကြီးတွေဆိုလည်း လက်ဆောင်ပေးဖို့တို့ အိမ်မှာ အလှထားဖို့ တို့ပေါ့။ အရုပ်လေးတွေက စုံတွဲတွေဆိုတော့ လူငယ်တွေလည်း သဘောကျကြတယ်။
ချစ်သူများနေ့အတွက်လည်း ဝယ်ကြတယ်ပေါ့” လို့ Becool Online Shop မှ မဝေဝေငြိမ်းက ဧရာဝတီကို ပြောပါတယ်။
ဈေးနှုန်းတွေအနေနဲ့ ၁၀၀၀၀ နဲ့ ၁၅၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ မြန်မာလူမျိုးတွေသာမက နိုင်ငံခြားသား ဧည့်သည်တွေပါ သဘောကျကြတာမို့ အမှတ်တရလက်ဆောင်အဖြစ် ပေးနိုင်ပါတယ်။ စားပွဲ၊ ဧည့်ခန်း၊ နံရံ၊ ဗီရိုတွေပေါ်မှာ တင်ထား ချိတ်ဆွဲထားလို့ရမယ့် မြန်မာရိုးရာအရုပ်များဖြစ်တဲ့အတွက် လက်ဆောင်ပေးသူရော လက်ခံရရှိသူပါ ကြည်နူးနှစ်သက်ကြမှာပါ။