ဆောင်းအကုန် နွေအကူး လေရူးဝေ့ချိန်မှာ ဝန်းကျင်တခုလုံး မှုန်ပြမှိုင်းရီနေတယ်။ ပင်ယံထက်က ရော်ရွက် ဝါတို့ တောင်လေအဝေ့မှာ မြေခ သက်ဆင်းကြရရှာတယ်။ ငယ်စဉ်တောင်ကျေးကလေးဘဝမှာ လေထဲက သစ်ရွက်ကြွေတွေ လိုက် ဖမ်းပြီး စာအုပ်တွေကြား ညှပ်ခဲ့ကြတယ်မဟုတ်လား။
သစ်ရွက်ကြွေတွေ မိအောင် ဖမ်းနိုင်ခဲ့ရင် စာမေးပွဲအောင်မယ်ဆိုတဲ့ အသိက ကျနော်တို့ရဲ့ငယ်ဘ၀ သရုပ်မှန်ဇာတ်လမ်းပဲ။ ဘယ်ဆီကမှန်းမသိ ဆွဲဆွဲငင်ငင် တွန်နေတဲ့ ဥသြငှက်ရဲ့လွမ်းလွမ်းဆွေးဆွေး တွန်ကျူးသံက အလွမ်းဓာတ်ခံ ရှိသူကို ပိုလို့ လွမ်းအောင်ဖန်နေတော့တယ်။ နွေဦးက ကျနော်တို့အတွက် ပျော်ရွှင်ခြင်းတွေ ငြိမ်းချမ်းခြင်းတွေ သယ်ဆောင်လာမှာလား။
နွေဦးကာလတွေမှာ အနုပညာမှော်တွေ ပိုအောင်သလား မဆိုနိုင်။ ကဗျာဆရာတွေ တေးရေးဆရာတွေက နွေဦးနဲ့ပက် သတ်ပြီး အမျိုးမျိုး ဖွဲ့နွဲ့ကြတယ်။ ဖန်တရာတေအောင် ဖွဲ့ကြတဲ့အထဲမှာ နွေဦးအကြောင်းလည်းပါတယ်။
ဝန်ကြီး ပဒေသရာဇာကစလို့ ဇော်ဂျီ၊ မင်းသုဝဏ်၊ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ပိုင်စိုး ဝေ၊ နေမျိုး၊ မင်းလူ၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစံတို့အထိ နွေဦးနဲ့ ပတ်သက်ပြီး ကဗျာလင်္ကာတွေ ရေးဖွဲ့ခဲ့ကြတယ်။ တေး ရေးတေးဆိုတွေကလည်း နွေဦးအကြောင်း မမေ့မလျော့ ရေးဖွဲ့သီကုံးကြတာပါပဲ။
ကျနော်တို့ငယ်စဉ်က နွေရောက်တိုင်း အစ်ကိုတွေ ဦးလေးတွေ ပါးစပ်ဖျားအလိုလို ရောက်လာတဲ့သီချင်းတပုဒ်ရှိတယ်။ ဗစ် တာခင်ညိုသီဆိုထားတဲ့ “နွေ”။ သာယာငြိမ့်ညောင်းတဲ့ ဗစ်တာခင်ညိုရဲ့ အသံက နွေဦးရဲ့ဂုဏ်ရည်ကို ပိုပြီး ထည်ဝါစေခဲ့ တယ်။
သူ့သီချင်းတွေက အလွမ်းတွေ ထုပ်ထုပ်ပိုက်ပိုက်ရှိလှသလို သီချင်းဆိုရင်လည်း ဆိုရင်လည်း ချိုချိုအေးအေးလေးမို့ ဗစ် တာခင်ညိုသီချင်းတွေက သူ့ခေတ်သူ့ခါမှာ ဆိုလွယ်တေးဖြစ်ခဲ့တယ်။
နွေရောက်ပြီလေ×××ရိုးတံကျဲကျဲ×××ပင်အိုတို့ အလှချင်းလည်းပြိုင်××× ဘယ်ဆေးရေးလို့×××လိုက်မမီတယ်××× ခြယ်သ မကုန်နိုင်တယ်××× လွမ်းစရာ့နွေပန်းချီကား×××တိမ်ညိုတိမ်ပြာ××× ဆေးရေးခြယ်ထား ××× တိမ်သား မီးခိုး×××လွင့်မြောမဆုံး×××မေရယ် ကောင်းကင်ကြည်လင်စွာ×××လှပနေတယ်။
ကျနော်တို့ အကိုက ကုန်သွယ်ရေးကထုတ်တဲ့ သူ့ဗလာစာအုပ်လေးထဲမှာ သီချင်းတွေနဲ့ ဂီတနုတ်စ်တွေသပ်သပ်ရပ်ရပ် ရေးမှတ်ထားတတ်တယ်။ သီချင်းခေါင်းစဉ်တွေကိုတော့ လက်ဝဲစာလုံးနဲ့ ခပ်သော့သော့ ရေးထားလေ့ရှိတယ်။ သူစိတ်လို လက်ရရှိတဲ့အခါ ဂစ်တာဒေါင်ဒေါင်ဒင်ဒင်တီးပြီး သီချင်းညည်းလေ့ရှိတယ်။ သူ့ဖေးဘရိတ်သီချင်းထဲမှာ ဗစ်တာခင်ညိုရဲ့ နွေ သီချင်းလည်းပါတာပေါ့။ သီချင်းစာသားတွေကို မင်ပြာနဲ့ ရေးထားပြီး ဂီတနုတ်စ်တွေကိုတော့ မင်နီနဲ့ ရေးမှတ်ထားတတ် တယ်။
တခါတရံ သူတို့ရဲ့ပြန်မဆုံနိုင်တော့တဲ့ သူငယ်ချင်းတွေကို သီချင်းတွေ တိုးတိုးဖွဖွဆိုရင်း လွမ်းနေတတ်တယ်။
ကွယ်လွန်သူ စာရေးဆရာ ဆရာမြသန်းတင့်ရဲ့နွေဦးလွမ်းချင်းကို တမာနုချိန် စစ်တမ်းမှာ အခုလို ဖော်ပြထားတယ်။
“အညာသားဖြစ်၍ လားမသိ။ ကျနော်သည် နွေဆန်လျှင် အညာကို လွမ်းတတ်လေသည်။ အညာကို အလွမ်းဆုံးအချိန်မှာ တပိုတွဲလဆန်းမှ တပိုတွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။
တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်း မချမ်း။ “ဆောင်းကျွတ် လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝိုး ဝါး ထွေးလျက်” နေ သော စပ်ကူးမပ်ကူး အချိန်ကလေး။
ကျနော်သည် တပိုတွဲအကုန် တပေါင်းအကူး အညာကို လွမ်းနေသည်။ နွေဆန်းလျှင် သည်လိုပင် အညာကို ကျနော် လွမ်း တတ်ပါသည်။ စိတ်ကုသမားတော်တို့က နွေလွမ်းဝေဒနာဟု ရောဂါစစ်တမ်းပေးလိမ့်မည် ထင်သည်။ အညာသားက အညာ ကို လွမ်းခြင်းဖြစ်သည့်အတွက် အိမ်လွမ်းဝေဒနာဟုလည်း ခေါ်နိုင်လိမ့်မည် ထင်ပါ၏။
ပြောခွင့်ရ ပုဂ္ဂိုလ်မဟုတ်သည့်အတွက် သူများတွေအတွက်တော့ကျွန်တော်မပြောတတ်။ ကျနော်အဖို့မူ တမာနုချိန်သည် အညာနွေဦး၏နိမိတ်ပုံ။ အညာနွေ၏ အလင်္ကာ။ တမာနုချိန်သည် ကျနော့်လွမ်းဝေဒနာ၏ ရောဂါလက္ခဏာချက် ဖြစ်ပါ သည်။ ကျနော့်အိမ်လွမ်းဝေဒနာ၏ ပြဒါးတိုင်လည်းဖြစ်ပါသည်”
ဆရာမြသန်းတင့်က သူ့ရဲ့နွေလွမ်းဝေဒနာကို တမာနု ချိန်စစ်တမ်းမှာ လှလှပပ လှစ်ဟပြခဲ့ပါတယ်။
ကျနော်တို့ခေတ်မှာတော့ လွှမ်းမိုးရဲ့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် သီချင်းက နွေသီချင်း နွေဂီတတွေလို့ ပြောနိုင်တယ်။ သစ်ရွက်တွေကြွေနေချိန် လွှမ်းမိုးသီချင်းလေးတွေ ဟဲရတာလည်း နွေအရသာထဲက တခုပေါ့။
သစ်ရွက်ခြောက်တို့ကြွေ××× နွေရာသီကိုရောက်တဲ့အခါ×××မီးကင်းစောင့်ဖို့ကို×××လူတွေအကုန်လုံး စုခေါ်ကာ ××× လမ်းထိပ်နားကလူ×××ဒီတာဝန်ကို ယူပြီးတော့×××ကင်းတဲလေးရဲ့အပေါ် ××× စောင်ခြုံပြီး×××တက်အိပ်တယ် ××× ရပ်ကွက်ထဲမှာ×××ဒီလိုပဲရှိတယ်×××ကျနော်တို့ရပ်ကွက်ထဲမှာ ×××ဒီလိုပဲ။
တကယ့်လက်တွေ့ဘဝမှာလည်း အဆိုတော် လွှမ်းမိုးရဲ့သီချင်းစာသားတွေထဲက အတိုင်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ငယ်ဘဝတွေမှာ သီချင်းတွေနဲ့ နွေဦးကို ကြိုဆိုခဲ့ကြတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ကိုယ် တကယ်တက်ချင်တဲ့ သင် တန်းတွေတက်ပြီး နွေဦးကို ဖြတ်သန်းခဲ့ကြတယ်။
ငယ်ဘ၀ နွေဦးတွေက ပျော်ရွှင်ခြင်း လွတ်လပ်ခြင်း ပေါ့ပါးခြင်းတွေနဲ့သာ တည်ဆောက်ခဲ့ကြတာပေါ့။ လူငယ်ဘ၀ နွေဦး တွေမှာ စိတ်ကသိကအောက်ဖြစ်စရာ နွေဦးတွေလည်း ကြုံခဲ့ကြဖူးတာပါပဲ။ အထက်အမိန့်အရဆိုပြီး နွေဦးရောက်တိုင်း မီး ဘေးအန္တရာယ် ကာကွယ်တားဆီးရေး စီမံချက်အဖြစ် အိမ်ထောင်စုတိုင်း သဲအိတ် ရေအိတ်တွေ ဆောင်ကြရတယ်။ မ ချိတ်ဆွဲခဲ့ရင် မိမိတာဝန်သာ ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက တအိမ်တက်ဆင်းသတိ ပေးစကား ပြောကြပါ သေးတယ်။
သဲအိတ်၊ ရေအိတ်ဆိုလို့ ကြီးကြီးမားမားလို့ မမှတ်ယူကြစေလိုပါ။ လက်ဖက်ရည် နှစ်ခွက်စာထည့်နိုင်တဲ့ ကျွတ်ကျွတ်အိတ် ထဲ သဲတွေရေတွေဖြည့်ပြီး ဝင်းထရံမှာ ချိတ်ဆွဲပြရတာပါ။ မီးဘေးအန္တရာယ် ကာကွယ်ရေး ထိရောက်မှုရှိမရှိ မသေချာပေ မယ့် ခြင် အထူးအထွက်တိုးရေးကတော့ အတော်လေး အောင်မြင်သည်ဟု ဆိုနိုင်ပါတယ်။ ရေထည့်ထားတဲ့ အိတ်တိုင်းမှာ ပိုးလောက်လန်းတွေ ပျော်ပျော်ကြီး ရေကူးနေကြလေရဲ့။
မိတ်ဆွေတို့မှာလည်း ကျနော်နည်းတူ နွေလွမ်းဝေဒနာတွေ နင့်နင့်သည်းသည်းရှိလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ နွေ လွမ်းဝေဒနာရှိကြသူတွေထဲမှာ ကဗျာဆရာ နေမျိုးလည်း ပါဝင်တယ်။ သူက “နွေဦးပေါက်ရင် ” ဆိုတဲ့ ကဗျာတပုဒ် အခုလို ရေးခဲ့တယ်။
နွေဦးပေါက်ရင်
(ကဗျာဆရာစိတ်ကူး)
နွေဦးပေါက်ရင်
ကြက်တူရွေးတစ်ကောင်မွေးမယ်
သူ့ကို စကားတစ်ခွန်းတည်းသင်ပေးမယ်
“ဆာတယ် ဆာတယ်”လို့။
နွေဦးပေါက်ရင်
အော်စတင်ကားလေးမောင်းမယ်
ဟစ်တလာမိန့်ခွန်းပြောသံကို
ကားဟွန်းသံအဖြစ် တပ်ဆင်ထားမယ်
တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်။
နွေဦးပေါက်ရင်
သစ်ရွက်ကြွေတွေ လိုက်ကောက်မယ်
သစ်ရွက်ကြွေတွေပေါ်မှာ
အင်္ဂလိပ်ဘာသာနဲ့
မင်းနာမည်ကို ငါရေးမယ်။
နွေဦးပေါက်ရင်
ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်
ပုံပြင်တွေ အော်ဖတ်မယ်
စိတ်ကောင်းလည်း ဝင်မယ်။
နွေဦးပေါက်ရင်
ပြဇာတ်တစ်ပုဒ်ရေးမယ်
စုဘူးလေးကိုခွဲမယ်
ပြားစေ့လေးတွေ ရေတွက်မယ်။
တကယ်လို့ တော်တော်နဲ့နွေဦးမပေါက်သေးရင်လည်း
ကိစ္စမရှိပါဘူး
ဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာ သွားပေါင်မယ်
ပြီးတော့ ခပ်ဟောင်းဟောင်းစောင်တစ်ထည်
ဝယ်ခြုံနေမယ်ကွယ်။ ။
ကဗျာဆရာနေမျိုးကတော့ နွေဦးပေါက်ရင် အော်စတင်ကားမောင်း၊ ဟစ်တလာရဲ့မိန့်ခွန်းပြောသံကို ကားဟွန်းသံအဖြစ် တပ်ဆင်ပြီး တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်တဲ့။ မိတ်ဆွေတို့ကရော နွေဦးပေါက်ရင် ဘာကားစီးပြီး ဘယ် သူ့မိန့်ခွန်းတွေကို ဟွန်းသံလုပ်လို့ ဘယ်အရပ်ကို ခရီးထွက်ကြမှာပါလိမ့်။
နွေဦးကား မိတ်ဆွေတို့ ဖိတ်ခေါ်သည်ဖြစ်စေ မဖိတ်ခေါ်သည်ဖြစ်စေ ရောက်လာချေပြီ။