အမည် = စင်သီယာလွန်း
အသက် = ၁၂နှစ် (ဆဋ္ဌမတန်း) (အ.ထ.က – ၅၊ ရမည်းသင်း)
အသက် ၁၂ နှစ် အရွယ် ၆ တန်းကျောင်းသူ စင်သီယာလွန်းဟာ သူငယ်ချင်းတွေနဲ့စုပြီး “ခေတ်သစ်ရောင်ခြည်” ဆိုတဲ့ ပရဟိတအဖွဲ့တခု တည်ထောင်ထားသူ ဖြစ်ပါတယ်။ သူနဲ့ အတန်းဖော် သူငယ်ချင်း ၅၆ ယောက် ပါဝင်တဲ့ “ခေတ်သစ်ရောင်ခြည်” ဆိုတဲ့ ပရဟိတအဖွဲ့ဟာ သက်တမ်းအနေနဲ့ ၂ လနီးပါးရှိပြီလို့ သိရပါတယ်။
အဆိုပါ ပရဟိတ အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ထားတာ မကြာသေးပေမယ့် အလှူ ၄ ကြိမ် ပြုလုပ်ပြီးသွားပြီလို့ သိရ ပါတယ်။ အခု နောက်ဆုံး ပြုလုပ်ခဲ့ကြတဲ့ “ဝံသပါလ” ဆိုတဲ့ မိဘမဲ့ ပရဟိတကျောင်းကို အဝတ်အထည်နဲ့ အစားအသောက်များ သွားရောက်လှူဒါန်းခဲ့တဲ့ ဓာတ်ပုံများဟာ ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
သူတို့ ပရဟိတအဖွဲ့ဟာ အတန်းဖော် သူငယ်ချင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အပြင် “ခေတ်သစ်ရောင်ခြည်” ဆိုတဲ့ အမည်ကို အားလုံးရဲ့သဘောတူညီမှုနဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ သူတို့ အဖွဲ့အတွက် လိုအပ်တာတွေကို သူ့ရဲ့မိခင်က ကူညီလုပ်ကိုင်ပေးသလို ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပေးထားတယ်လို့လည်း သိရပါတယ်။
ကျောင်းတက်ရက်တွေမှာ စာကို အာရုံစိုက်ပြီး ကျောင်းပိတ်ရက်မှာ ပရဟိတအတွက် လုပ်ဖြစ်တယ်ဆိုတဲ့ စင်သီယာလွန်း ဟာ ဆရာဝန်ဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိပြီး အဆို၊ အကကို ဝါသနာပါတဲ့အပြင် ကျောင်းစုံညီပွဲ၊ ကထိန်ပွဲ တို့မှာလည်း ကပြ ဖျော်ဖြေဖြစ်တယ်လို့ သိရပါတယ်။
“သမီးက ဆရာဝန်မကြီးဖြစ်ချင်တာ။ မမဖြူဖြူကျော်သိန်းလိုမျိုးဖြစ်ချင်တာ၊ အကကိုတော့ သင်တန်းတွေဘာတွေ မတက်ဖြစ်ပါဘူး။ တီဗွီထဲက ကြည့်ပြီး သင်ပါတယ်” လို့ စင်သီယာလွန်းက ဧရာဝတီကို ပြောပါတယ်။
သူတို့အနေနဲ့ အဖွဲ့အတွက် တခုခု ဆုံးဖြတ်ချက်ချရာမှာလည်း အဖွဲ့ဝင်သူငယ်ချင်းတွေ အချင်းချင်း အရင်ဆုံး တိုင်ပင်ကြပြီးမှ သူ့ရဲ့မိခင်ကို ပြန်ပြောပြကာ မိခင်ဖြစ်သူက လိုအပ်သလို ပံ့ပိုးပေးတယ်လို့ သိရပါတယ်။
“ကျောင်းက ဝါဆိုသင်္ကန်းသွားကပ်တဲ့ ဘုန်းတော်ကြီးကျောင်းမှာ မိဘမဲ့ ကလေးငယ်တွေကို တွေ့ခဲ့တော့ စိတ်မကောင်း ဖြစ်တာနဲ့ ပြန်လာတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး ဒီ ပရဟိတအဖွဲ့လေးကို ဖွဲ့ဖြစ်တာပါ။ အားလုံးကလည်း သဘောတူကြပါတယ်” လို့ ဒီ ပရဟိတအဖွဲ့ ဖွဲ့ဖြစ်ခဲ့တဲ့အကြောင်းကို စင်သီယာလွန်းက ရှင်းပြပါတယ်။
“သမီးတို့က အဖွဲ့အစည်းရယ်လို့လည်း တိတိကျကျကြီး သတ်မှတ်လို့ မရသေးဘူးပေါ့နော်။ သူတို့ ဝါဆိုသင်္ကန်း သွားကပ် ရင်းနဲ့ တွေ့လာပြီး တတ်နိုင်သလောက်နဲ့ ကူညီကြဖို့ သူတို့ သူငယ်ချင်းအချင်းချင်း တိုင်ပင်ကြပြီး ဖွဲ့ထားတဲ့ သဘောပါပဲ။ သူတို့ မုန့်ဖိုးလေးတွေ စုပြီး သူတို့ကျောင်းက Kg တန်းလေးတွေကို စာအုပ်တွေ ဘာတွေ လှူကြတယ်။ တကျောင်းလုံးမှာ သူတို့တဖွဲ့တည်းပဲ ရှိတာဆိုတော့ ဆရာမကြီးက အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုလွှာတွေဘာတွေ ပေးတယ်။ ဒီလို အသိအမှတ်ပြုပေးတော့ ကလေးတွေဆိုတော့လည်း ပျော်ကြတာပေါ့လေ။ သမီးဦးဆောင်တာဆိုတော့ သမီးပဲ ခေါင်းဆောင်လို ဖြစ်သွားတာပေါ့လေ။
တခြားကလေးမိဘတွေကလည်း အကြောင်းအမျိုးမျိုးနဲ့ နောက်က မလိုက် နိုင်ကြဘူး။ ကိုယ်က လိုက်နိုင်တော့ သူတို့လည်း လူကြီးတယောက်ပါနေတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် စိတ်ချ ကြတာပေါ့လေ” လို့ စင်သီယာလွန်းရဲ့ မိခင်ဖြစ်သူ ဒေါ်လှမာမာသင်းက ပြောပြပါတယ်။