သိပ်မကြာသေးခင်ကာလလောက်က ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွေမှာ မြန်မာဇာတ်ကားတွေနဲ့ ပတ်သက်လို့ “မြန်မာပေါကားတွေ ရပ်” ဆိုတဲ့ Fan Page တွေပြုလုပ်ပြီး အပြင်းအထန်ဝေဖန် တိုက်ခိုက်မှုတွေရှိခဲ့ကြပါတယ်။
အဲဒီလို ဝေဖန်တိုက်ခိုက်ခဲ့မှုတွေကို ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ ဒါရိုက်တာ မိုက်တီးက “မြန်မာပေါကားတွေ- ရပ်!” ဆိုတဲ့ အမည်နဲ့ ရုပ်ရှင်ဇာတ်ကားတကားကို ဒီနေ့က စတင်ပြီး ရိုက်ကူးနေပြီလို့ သိရပါတယ်။
“မြန်မာဇာတ်ကားတွေအပေါ် တုံ့ပြန်တိုက်ခိုက်နေတာကို ပြန်ဆန့်ကျင်တဲ့ဟာက အချက်အလက်တခုအနေနဲ့ပါမယ်။ နောက် ရုပ်ရှင်လောကထဲက လက်ရှိ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေက အချက်အလက်တခုအနေနဲ့ပါပါမယ်” လို့ အဆိုပါ ဇာတ်ကားအကြောင်းအရာနဲ့ ပတ်သက်လို့ ဒါရိုက်တာ မိုက်တီးက ဧရာဝတီကို ပြောပါတယ်။
“မြန်မာပေါကားတွေ- ရပ်!” ဆိုတဲ့ အမည်ကို ဇာတ်ကားအမည်အဖြစ် ဘာကြောင့်သုံးဖြစ်သလဲဆိုတဲ့အပေါ်ကို ဒါရိုက်တာ မိုက်တီးက “ အဲဒီဟာတွေပေါ်လာတုန်းကလည်း ဒီ နာမည်ကို မကြိုက်ဘူး။ မကြိုက်ဘူး ဆိုတာက “မြန်မာပေါကားတွေ ရပ်” ဆိုတာ ဘယ်သူကပြောတာလဲ။ ဘာဖြစ်လို့ ပြောတာလဲ။ အကြောင်းပြချက်တော့ရှိလိမ့်မယ်။ သို့ပေမယ့် အဲဒီလိုပြောလို့ရသလား။ ပြောခွင့်ရှိသလား။ ပြောနိုင်သလား။ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ စာသားတခုလို့ ထင်တယ်။ ကိုယ့်ဘက်ဆိုက်က ပြောချင်တာလေးလည်း ပြောမယ်” လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး သူက “ကျနော်တယောက်တည်းရဲ့ ဆန္ဒကတော့ မြန်မာကားတွေက ညံ့တယ်ဗျ။ ညံ့ကို ညံ့တယ်ဆိုတာကို ကိုယ်ကိုယ်တိုင်လည်း သိတယ်။ ကိုယ်ကိုယ်တိုင်လည်း လက်ခံတယ်။ မြန်မာကားကိုက ညံ့တာ သေချာတယ်။ တကယ် အဲဒီလို ညံ့ကြောင်းကို လူတဦးတယောက်ချင်းစီက ပြောလို့ရတယ်။ ကြိုက်သလောက် ဝေဖန်လို့ရတယ်။ ဝေဖန်တဲ့အပြင် ကို အပြစ်တင်လို့ရတယ်။ အဲဒါအပြင် နောက်တခါ ရှုံချလို့ရတယ်။ ထပ်ပြီး မုန်းလို့ပါရတယ်။ အဲဒါကို ကြိုက်သလို ကြိုက်တဲ့ နည်းနဲ့ ကြိုက်တဲ့နေရာကနေ ဖွင့်ဟလို့ရတယ်။ တဦးတယောက်ချင်းစီက လုပ်ပိုင်ခွင့်ရှိတဲ့ အခွင့်အရေး။ အဲဒါကို ဘယ်သူမှ လည်း ပြန်ပြောစရာအကြောင်းမရှိဘူး။ သူတို့ပြောတာမှန်တယ်။ မမှန်လည်း ဒါကို ပြန်ပြောစရာ အကြောင်းမရှိဘူး။ သို့ပေမယ့်လည်း လူ သိန်းနဲ့ချီတဲ့ အဖွဲ့ကြီးတဖွဲ့ ဖွဲ့ပြီးတော့ လောကတခုကို ပျက်စီးရာပျက်စီးကြောင်း ပြောလို့ မရနိုင်ဘူးလို့ထင်တယ်။ ဥပမာအားဖြင့် ရိုးရိုးလေးပြောမယ်ဆိုရင် တွေးလို့ရတာက လူတယောက်ကပေါ့နော် ဖေ့စ်ဘုတ်ပေါ်ကနေပြီးတော့ လူ တယောက်ကို သိက္ခာကျစေအောင်လုပ်တဲ့ စာသားပါသွားရင် ၆၆(ဃ)နဲ့ တရားစွဲ တယ်မလား။ စွဲလို့ရတယ်လေ။ လူတယောက်က လူတယောက်ကို ဒီလိုမျိုး သိက္ခာချရင်တောင်မှ တရားစွဲလို့ရတယ်။ လူသိန်းနဲ့ချီတဲ့ အဖွဲ့ကြီးဖြစ်အောင် လုပ်ပြီးတော့မှ ဒီလောကကြီးတခုလုံး ပျက်ဆီးရာ ပျက်ဆီးကြောင်း ပြောတာက ဘယ်လိုဖြစ်နိုင်သလဲဆိုတာ တွေးလို့ရတယ်။” လို့ ဒါရိုက်တာ မိုက်တီးက ပြောဆိုပါတယ်။
ဒီလို မြန်မာဇာတ်ကားတွေအပေါ် ဝေဖန်တိုက်ခိုက်ခဲ့မှုကို ပြန်လည်တုံ့ပြန်ပြီး အခုလို ဇာတ်ကားရိုက်ကူးဖြစ်တဲ့အပေါ် ဝေဖန်လာကြမှာနဲ့ ပတ်သက်လို့ သူ့အမြင် ကိုယ့်အမြင်ရှိကြောင်း သူတို့ကလည်း သူတို့အမြင် သူတို့ပြောသလို ကိုယ့်အနေနဲ့ ကိုယ့်အမြင်ကို ပြောမှာဖြစ်ကြောင်း တဖက်တည်းနဲ့မဟုတ်ဘဲ နှစ်ဖက်လုံး ပြောတဲ့အရာအပေါ် ပရိသတ်ကလည်း ကိုယ့်ဘာသာကိုယ် ချင့်ချိန်တွေးနိုင်မှာဖြစ်ကြောင်း သူက ပြောဆိုပါတယ်။
ဒီ ရုပ်ရှင်ဇာတ်ကားဟာ ဂေါက်ကြီးရဲ့ ဇာတ်လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာ မိုက်တီးက ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ အရိုင်း၊ ကျော်ထူး၊ ခင်လှိုင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ကျော်သူ၊ ဇာဂနာ၊ လူမင်း၊ ပြေတီဦး၊ နေမျိုးအောင်၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ ဆုပန်ထွာ၊ ဧရာ၊ ညောင်ညောင်၊ ဒိန်းဒေါင်နဲ့ အခြားသရုပ်ဆောင်များစွာက အားဖြည့် ပါဝင်ထားကြပါတယ်။