အဆိုတော် အိမ့်ချစ် ထုတ်လုပ်ရောင်းချနေတဲ့ Emily By Eint Chit အမည်ရှိ အိမ့်ချစ်ရဲ့ရုပ်ပုံပါရှိတဲ့အင်္ကျီ ပတ်သက်လို့ ဝေဖန်ပြောဆိုနေကြတဲ့အပေါ် ကိုယ်ကိုယ်တိုင်မသိတဲ့အပြင် နာမည်ကြီးနေတဲ့ကိစ္စမဟုတ်တဲ့အတွက် အဆိုပါ အင်္ကျီပုံစံမျိုးကိုပဲ ဆက်ထုတ်သွားမှာဖြစ်တယ်လို့ အိမ့်ချစ်က ဧရာဝတီကို ပြောပါတယ်။
“အဲဒီ ဝေဖန်မှုတွေကို မသိတဲ့အတွက် ဘာမှမပြောနိုင်ပါဘူး။ ဒါက နာမည်ကြီးနေတဲ့ကိစ္စမဟုတ်တဲ့အတွက် နောက်ထပ်လည်း အဲ့ဒါကိုဘဲ ထပ်ထုတ်ပါမယ်။ တောင်းဆိုမှုအရမ်းများနေလို့ပါ “လို့ အိမ့်ချစ်က ပြောပါတယ်။
အဆိုတော် အိမ့်ချစ်ရဲ့ Emily တံဆိပ်နဲ့ အင်္ကျီများတွင် အိမ့်ချစ်ရဲ့ ရုပ်ပုံကို ထည့်သွင်းပြီး ထုတ်လုပ်ထားတဲ့အပေါ် အချိုသော လူငယ်ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြသလို အချို့ကလည်း ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။
အဆိုပါ Emily တံဆိပ် အမျိုးသမီး အဝတ်အထည်များ၊ ဦးထုတ်နဲ့ အသုံးအဆောင်တို့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က စတင်ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ အဆိုတော် အိမ့်ချစ်ရဲ့ တတိယမြောက် တကိုယ်တော် တေးအယ်လ်ဘမ် “အိမ့်ချစ်ဟုခေါ်သည်” လည်း ထွက်ရှိခဲ့ပါတယ်။
အဆိုပါ တေးစီးရီးထဲတွင် သီချင်းအပုဒ်ရေ ၁၂ ပုဒ်ပါဝင်ထားပြီး ၁၁ ပုဒ်ကို အိမ့်ချစ် ကိုယ်တိုင်ရေးသားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် တေးစီးရီးထဲ၌ အွန်လိုင်းတွင် တစ်ပုဒ်တည်း ဖြန့်ချိခဲ့တဲ့ “အောင်မြင်မှုနောက်ကွယ်”ဆိုတဲ့ တေးသီချင်းနဲ့ “Oh my Crush” ဆိုတဲ့ တေးသီချင်းကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။