စာရေးသူ- ဒေါက်တာသန်းနိုင်
စာအုပ်အမည်- နှစ်ပေါင်းလေးဆယ်(ဆိုဗီယက်ရုရှားအတွေ့အကြုံများ)
အမျိုးအစား-နိုင်ငံရေး
ထုတ်ဝေသည့်တိုက်- ရွှေပဒေသာစာပေတိုက်
ထုတ်ဝေသည့်ကာလ-၂၀၁၇၊ ဖေဖော်ဝါရီ
တန်ဖိုး- ၂၅၀၀ကျပ်
ဒီတပတ် ဧရာဝတီ၏ စာအုပ်ဝေဖန်ရေးအခန်းမှာ ရည်ညွှန်းချင်သည့်စာအုပ်ကတော့ ဒေါက်တာသန်းနိုင်၏ နှစ် ပေါင်းလေးဆယ်(ဆိုဗီယက်ရုရှားအတွေ့အကြုံများ) ဆိုသည့် စာအုပ်ပင်ဖြစ်သည်။
ဒေါက်တာသန်းနိုင်သည် မောင်ကောင်းထိုက်(နှီးပဒေါ) ဆိုပါက အားလုံးအံ့သြကြမည်ဟု ယုံကြည်သည်။ ဆရာသည် သူနေ ထိုင်ခဲ့ရသည့် သံကန့်လန့်ကာ နောက်ကွယ်က တိုင်းပြည်၏အကြောင်းနှင့် အမိမြန်မာပြည်ရဲ့ဆက်ဆံရေးကို ဟာသရသ နှောကာ ယခုစာအုပ်မှာ ခြုံငုံတင်ပြသွားသည်။
စိတ်ဝင်စားစရာလည်းကောင်းသလို၊ ရယ်မောစရာလည်းကောင်း၏ ရင်မောစရာလည်းကောင်း၏။
ဆိုဗီယက်ရုရှားဆိုသည်က သံကန့်လန်ကာနောက်ကွယ်က တိုင်းပြည်ဖြစ်သလို၊ မြန်မာသည်လည်း တပါတီအာဏာရှင် စနစ် စတင်အမြစ်တွယ်ချိန်ကစပြီး ကန့်လန့်ကာနောက်သို့ ရောက်သွားခဲ့ဖူးသည်။
အနောက်နိုင်ငံများဖြင့်သာ ရင်းနှီးခဲ့ရသည့်မြန်မာတော်တော်များများအဖို့ သံကန့်လန့်ကာနောက်ကွယ်က ဆိုဗီယက်ရုရှား ရဲ့အကြောင်းကို သိချင်လှပေမည်ဟု ယုံကြည်မိသည်။
အမေရိကန်ပြည်ထောင်စုအကြောင်းကိုသာ နှိုက်နှိုက်ချွတ်ချွတ်ရေးသားခဲ့ကြသော်လည်း ဆိုဗီယက်ရုရှားနှင့် ပတ်သက် လျှင် ဆိုရှယ်လစ်ခေတ်ထုတ်ဝေသည့်မြန်မာစာအုပ်တော်တော်များမှာ ကောင်းကွက်များကိုသာ ရေးသားဖော်ပြခဲ့တာကို တွေ့ရသည်။
ရှားရှားပါးပါး ထွက်ရှိလာသည့်ဒေါက်တာသန်းနိုင်၏စာအုပ်တွင်မူ နှစ်ပေါင်း ၄၀ ရုရှားတွင် နေထိုင်ခဲ့ရသည့် ကိုယ်တွေ့ အတွေ့အကြုံများကို အကောင်းအဆိုးနှစ်ဖြာ တင်ပြထားခြင်းဖြစ်သည်။
စာရေးသူသည် ရုရှားကို ၁၉၆၄ ခုနှစ် နီကီတာခရူးရှက်လက်ထက်ကတည်းက စတင်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ လီယိုနစ် ဘ ရက်ဇညက်၊ ယူရီအင်ဒရိုပေါ့၊ ချယ်ရနင်းကိုး၊ ဂေါဘာချော့ဗ်၊ ယဲဆင်လ်အလယ်၊ သမ္မတပူတင် လက်ထက်တိုင်နေထိုင် ခဲ့သည့် အတွက် ဆိုဗီယက်ရုရှားနဲ့ပတ်သက်လျှင် ရှင်ကြီးဝမ်းသာမက ရှင်ငယ်ဝမ်းလည်းဝင်ခဲ့သူဟု တင်စားချင်သည်။
မွန်ပြည်နယ် မုဒုံဇာတိဆရာသည် ၁၉၆၁ခုနှစ်မှာ ဒဿနိကဗေဒဖြင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက်၊ အသက်၂၀ အရွယ်မှာပင် ဌာန၌ နည်းပြဆရာဖြစ်ခဲ့သည်။ ဥပဒေတန်းကိုပါ ဆက်လက်လေ့လာခဲ့ပြီး အထက်တန်း ရှေ့နေလိုင်စင် ရရှိ ခဲ့သည်။ စာရေးဆရာဇော်ဇော်အောင် (ဦးဇော်မြင့်) နှင့်လည်း အခန်းဖော်သူငယ်ချင်းဖြစ်သလို၊ ငြိမ်းကျော်၊ မောင်ဝဏ္ဍ၊ နန္ဒ သိန်းဇံ၊ ဆန်းလွင်(ဒဿန)၊ ချစ်ဦးညိုတို့နှင့်လည်း သူငယ်ချင်းဖြစ်၏။
ပြင်သစ်အစိုးရ၏ပညာတော်သင်ဆုအတွက် ရေးဖြေစာမေးပွဲအောင်မြင်ပြီးနောက်၊ နာမည်ကျော် ဆိုဘွန်းတက္ကသိုလ် တက် ရောက်ရန် စောင့်ဆိုင်းနေစဉ်၊ ဆိုဗီယက်ယူနီယံသို့ ပညာတော်သင်စေလွှတ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။
ကွန်မြူနစ်ဝါဒကို လေ့လာရန်မဟုတ်ပါ၊ ဗမာပြည်ကွန်မြူနစ်ပါတီက စေလွှတ်ခြင်းလည်းမဟုတ်ပါ၊ မြန်မာဆိုရှယ်လစ်လမ်း စဉ်ပါတီအစိုးရက စေလွှတ်ခြင်းသာဖြစ်သည်။
ဤသို့သော မမျှော်လင့်သည့် ကံကြမ္မာ၏အလှည့်အပြောင်းကို ဤသို့နှယ် ဆရာက တင်ပြသည်။
“ကျွန်တော် မူပညာရေးတာဝန်ခံ ဗိုလ်မှူးကြီးလှဟန်၊ ဆရာညီညီ(ဒေါက်တာညီညီ)၊ ဒေါက်တာကျော်သက် တို့ကိုသာ မှတ် မိပါသည်။ သူတို့၏ပြောစကားများတွင် ရှေ့နေဝတ်လုံတော်ရတို့သည် အခုခေတ်မှာ ခေတ်မစားတော့၊ ထို့ကြောင့် ဒဿနိ ကဗေဒဘာသာရပ်ကိုပင ်ပီအိတ်ချ်ဒီဘွဲ့ဆက်ယူရန် ဆိုဗီယက် ရုရှားသွားတော့ဟု မိန့်မှာလိုက်သည်” ဟူသတည်း။
ထိုအချိန်ကတည်းက ရုရှားသို့ရောက်ရှိကာ ဆိုဗီယက်ခေတ်ကိုကြုံခဲ့ရသည့် ဆရာက ကွန်မြူနစ်လက်အောက် ရုရှားတို့က မောက်ကမဖြစ်ရပုံနှင့် နိုင်ငံရေးသရော်ချက်ဟာသများကိုလည်း ဤစာအုပ်မှာ ဆိုထားသည်။
ဤစာအုပ်ပါ ဆိုဗီယက်ခေတ်ဟာသများသည် မပွင့်လင်းသည့် ဆိုရှယ်လစ်နိုင်ငံများတွင် ထွက်ပေါ်တတ်သည့် ဟာသများ နည်းတူပြောင်မြောက်လှပေသည်။
စာရေးသူသည် ပညာတော်သင်ကာလမှာပင် ရုရှားဘာသာကိုသင်ကြားခဲ့ရပြီး ရုရှားအမျိုးသမီးဖြင့် အိမ်ထောင်ပြုခဲ့သည်။ ထို့နောက် မော်စကိုရှိမြန်မာသံရုံးမှာ စကားပြန်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ဤတွင် မြန်မာသံတမန်တို့ အရည်အချင်း ညံ့ဖျင်းပုံကိုလည်း သိရပြန်သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထက်က ဆိုဗီယက်ယူနီယံဆိုင်ရာသံအမတ်ကြီးများဖြစ်သည့်ဦးဘစော၊ ဗိုလ်မှူးဖိုး ကွန်း၊ ဦးကျော်ခင်စသည့် သံအမတ်ကြီးများလက်ထက်တွင် တန်းတူဆက်ဆံနိုင်ခဲ့၍ မထောင်းတာလှသော်လည်း အထူး သဖြင့် နောက်ပိုင်း စစ်အစိုးရခေတ် သံအမတ်ကြီးတချို့၏ ထူဖျင်းပုံကိုလည်း တင်ပြ၏။
ဗိုလ်ချုပ်တဖြစ်လဲ သံအမတ်ကြီးတဦးဆိုလျှင် ရုရှား နိုင်ငံခြားဝန်ကြီးလာဗရော့၏ “How Long have you been here?” ဆိုသည့်အမေးကိုပင် မသိ၍ ခပ်ကြာကြာ ကြောင်တောင်ကြည့်နေသည့်အတွက် စကားပြန်ဖြစ်သူ စာရေးသူက ဝင်ရောက် ဘာသာပြန်ပေးခဲ့သည်ဟု အရင်းအတိုင်း ဖောက်သည်ချသည်။
ထိုမျှ နားကန်းတလုံးမှ နားမလည်၊ လူရာမဝင်သော်လည်းအနှီ ပုဂ္ဂိုလ်သည် သံရုံးတွင် လက်အောက်ဝန်ထမ်းများအပေါ် အလွန်အာဏာပြ ဟိန်းတတ်၏၊ ဟောက်တတ်၏၊ ရိုင်းပျ၏၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်လျှင် အမျိုးမျိုးစော်ကား အပုပ်ချ၏၊ ယခုအခါဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဗိုလ်ချုပ်လူထွက်သံအမတ်၏ အထက်အရာရှိ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာလေပြီ၊ ရှက်တတ်လျှင် အလုပ်ကထွက်ပါဟုပင် အကြံပေးရေးသားထား၏။
ဒီပဲရင်းအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံကောင်စီမှာ မြန်မာအာဏာပိုင်တို့၏လုပ်ရပ်ကို ရှုတ်ချသည့်အဆိုတင်ရန် ရက်ပိုင်းအလို တပ်ထွက်သံအမတ်နှင့် စကားပြန် ဒေါက်တာသန်းနိုင်တို့ရုရှားနိုင်ငံခြားရေးရုံးသို့ သွားရောက်ကာ မြန်မာ ဘက်မှ ရပ်တည်စေရေး ပြောဆိုရာ ရုရှားက “မိတ်ဆွေချင်းမို့ စေတနာနှင့် သတိပေးပါရစေ၊ သူများလက်ညှိုးထိုးစရာ ဖြစ် မှာတွေကို မလုပ်ပါနဲ့”ဟု သတိပေးပုံလည်း ဤစာအုပ်မှာ ပါရှိသည်။
၂၀၀၁ခုနှစ်က နိုင်ငံတော်စားရိတ်ဖြင့် တပ်မတော်ပညာသင်များ ရုရှားတက္ကသိုလ်များသို့ စေလွှတ်သည့် ပရောဂျက်၌ စစ်တက္ကသိုလ်(DSA)တွင် ၃နှစ်ပညာရေးစနစ်ဖြင့်သင်ကြားခဲ့သူများကို ရုရှားတက္ကသိုလ်များက အသိအမှတ်မပြုဘဲ၊ ၄ နှစ်တက် ရောက်ရသည့်ဘွဲ့လက်မှတ်ကိုသာ အသိအမှတ်ပြုမည်ဆိုသည့်အတွက် ကျောင်းသား၆၀ခန့် မြန်မာပြည်သို့ ပြန်လည်စေလွှတ်ရပုံ၊ နောက်ပိုင်းကျောင်းသားများကို ဘွဲ့လက်မှတ်တွင် ၄နှစ်ဟုု ရေးသားကာ မြန်မာဘက်မှ အလွယ် တကူ ဖြေရှင်းပေးပုံတို့လည်းပါရှိသည်။
မြန်မာကျောင်းသားများ Skin head ခေါ် ရုရှားကတုံးဂိုဏ်း၏ တိုက်ခိုက်ခြင်းခံရ၍ ဖြေရှင်းရပုံ၊ အဆောင်စည်းကမ်းနှင့်ပတ် သက်၍ ကျောင်းသားများ အချိန်မတော် ဆူညံခြင်းများ၊ အခန်းတွင်း ထမင်းချက်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ မိမိ အခန်းနှင့်အများသုံး မီးဖိုချောင်တို့ မြင်မကောင်းအောင် ညစ်ပတ်ပေရေနေခြင်းကြောင့် အဆောင်အာဏာပိုင်များက မြန် မာကျောင်းသား ၁၇၀ ကျော်ကို အဆောင်မှနှင်ချပုံ၊ မည်သူမျှ မကူညီနိုင်သည့်အတွက် မြန်မာသံရုံးအနေဖြင့် ကိုယ်ဘာ သာကိုယ် ဖြေရှင်းပုံစသည့် ရင်နင့်ဖွယ်ရာ တင်ပြထားသည်။
ရုရှားသို့လာရောက်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့အမျိုးမျိုးအကြောင်း၊ နျူကလီးယား သုတေသနဓာတ်ပေါင်းဖို ဆောက် လုပ်ရေးနှင့် ပတ်သက်ပြီး လာရောက်သူများ၊ မြေအောက်ရထား လမ်းဖောက်လုပ်ရေးအတွက်လာရောက်သည့်မြန်မာ ဒု ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို “မိတ်ဆွေတို့ နိုင်ငံမှာ ပိုက်ဆံတအားများနေလို့၊ မြေအောက်ရထားဆောက်ဖို့ စိတ်ကူးတာလား”ဆိုသည် ရုရှားဒုဝန်ကြီး၏ပြောဆိုချက်များကလည်း မှတ်သားလောက်ပေသည်။
ဒါအပြင် မြန်မာ့မိတ်ဆွေရုရှားတို့အနေနဲ့လက်နက်ကိုသာ ရောင်းချချင်ပြီး၊စီးပွားရေးရင်းနှီးမြုပ်နှံမှုမလုပ်ချင်ပုံမှာလည်း မှတ်သားစရာပင်၊ ရုရှားရေနံကုမ္ပဏီကြီး GASPROM ကို မြန်မာကမ်းလွန်ရေနံနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံဖို့ သွားရောက် ပြော ဆိုဆွဲဆောင်ရာ “ကျွန်တော်တို့ လောလောဆယ်စိတ်မဝင်စားပါ”ဟု သောအဖြေကြောင့် သံအမတ်ကြီး ဦးခင်ညွန့်နှင့် စကားပြန် ဒေါက်တာသန်းနိုင်တို့ ၂ ဦးသား အောင်မြင်စွာ ဆုတ်ခွာခဲ့ရပုံလည်းပါရှိ၏။
ထု့ိအတွက် ဤစာအုပ်သည် လူတယောက်၏အတွေ့အကြုံသာမက နိုင်ငံတနိုုင်ငံနှင့် ပတ်သက်သည့်အကြောင်းအရာ ဗဟုသုတများကို ပေးစွမ်းနိုင်သည့်အတွက် သိမ်းဆည်းဖတ်ရှုသင့်သည်။