SKY VISUAL မှ ရိုက်ကူးတင်ဆက်တဲ့ Expedition Myanmar Team ရဲ့ မြန်မာပြည်အနှံ့ ခရီးသွားအစီအစဉ် (Travel Program) ကို မတ်လ ၃ ရက်နေ့၊ ည ၇ နာရီခွဲမှစတင်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV Entertainment မှာ ပြသသွားမယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဉ်ကို ဒါရိုက်တာ စိုင်းလုံးကျောက်မှ ရိုက်ကူးပြီး Expedition Myanmar အဖွဲ့နဲ့အတူ ပါဝင်တင်ဆက်ပေးမယ့် သရုပ်ဆောင် အေးမြတ်သူကို အဖွဲ့အကြောင်းနဲ့ပတ်သက်လို့ ဧရာဝတီ သတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံး အေးမြတ်သူအနေနဲ့ ဒီ Program မှာ ပါဝင်ဖြစ်ခဲ့ပုံရယ် ဘယ်နှရက်ကြာ ရိုက်ကူးခဲ့ရတယ် ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ဘယ်နှစ်ရက်ကြာလဲတော့ မမေးနဲ့၊ ရက်တွေကတော့အများကြီးကြာတယ်။ ခရီးတွေလည်း အများကြီး သွားရတယ်။ တခါသွား အနည်းဆုံး ၅ ရက်နဲ့ တပတ် ကြာတယ်။ တခါတလေ ၁၅ ရက်၊ ၁၂ ရက်ကြာတဲ့ ခရီးတွေလည်း ရှိတယ်။ ၁၀ ရက် ခရီးတွေလည်း ရှိခဲ့တယ် ဆိုတော့ ခရီးသွားတဲ့ အကွာအဝေးပေါ် မူတည်ပြီးတော့ ကြာမြင့်တာဖြစ်ပါတယ်။ ပထမဦးဆုံး ဒီ Program လေးမှာ အေးမြတ်သူ ပါဝင်ဖြစ်ခဲ့တာကတော့ ဒါရိုက်တာ ကိုစိုင်းလုံးကျောက်ကနေ ကမ်းလှမ်းခဲ့လို့ပါ။

အဲဒီအတွက် သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ သူသာ ဒီလိုမကမ်းလှမ်းခဲ့ရင် အေးမြတ်သူ ဒီလိုလှပတဲ့ သဘာ၀ အလှအပတွေကို ခံစားခွင့်ရမှာ မဟုတ်ဘူး။ ဒီလို လှပတဲ့နေရာတွေ ရောက်ဖူးခဲ့မှာ မဟုတ်ဘူး။ ဒီလိုမျိုး အစီအစဉ်တွေမှာလည်း ပါဝင်ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အဲဒီတော့ တကယ့် Team အဖွဲ့ကောင်းကောင်းနဲ့ Expedition Myanmar အဖွဲ့မှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အေးမြတ်သူ အရမ်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
မေး။ ။ အစီအစဉ်နာမည်လေးနဲ့ အေးမြတ်သူတို့ သွားရောက်ခဲ့တဲ့ ဒေသတွေကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ အေးမြတ်သူတို့ အစီအစဉ်နာမည်လေးက Expedition Myanmar Group လေးပါ။ Program ကတော့ MRTV Entertainment မှာ ပြမယ့် TV Program လေး ဖြစ်ပါတယ်၊ ခရီးသွားအစီအစဉ်လေးပါ။ အေးမြတ်သူတို့ သွားခဲ့တဲ့ နေရာတွေက ကော့သောင်း၊ ကလော၊ ကရင် ၊ ချင်းပြည်နယ်၊ မြင်းခြံ ရန္တပိုရွာ အဲ့ဒါတွေသွားခဲ့ပါတယ်။ ဆက်ပြီးတော့လည်း နေရာတွေ ဆက်သွားဖို့အတွက် အစီအစဉ်တွေ အများကြီး ရှိပါသေးတယ်၊ အဲဒါတွေက ပရိသတ်ရဲ့ ပံ့ပိုးမှုအားနဲ့ ဝေဖန်မှုအားတွေနဲ့ ဆက်ပြီးတော့သွားချင်ပါတယ်။ ဒီထက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ ဆက်ပြီးတော့ တင်ဆက်ချင်ပါတယ်လို့ ပြောချင်ပါတယ်ရှင်။

မေး။ ။ ရိုက်ကူးစဉ်က ကိုယ်က မင်းသမီးတယောက်ဖြစ်တော့ ခရီးတွေသွားရတော့ ပင်ပန်းမှာပေါ့။ အဲဒီ အတွေ့အကြုံတွေ အမှတ်တရတွေ ပြောပြပေးပါဦး။
ဖြေ။ ။ မပင်ပန်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ အေးမြတ်သူက မင်းသမီးဆိုပေမယ့် ဒီမှာ မင်းသမီး မဟုတ်ပါဘူး၊ အေးမြတ်သူ Expedition Myanmar က အဖွဲ့ဝင်တယောက်ပါ။ အဖွဲ့တွေ သွားတဲ့နေရာကို ကိုယ်ထူကိုယ်ထ သွားရပါတယ်၊ အဖွဲ့ဝင်တွေနဲ့ အတူတူ ဖြစ်လာတဲ့ အခက်အခဲတွေအားလုံးကို ပျော်ပျော်ကြီးရင်ဆိုင်ပါတယ်။ အဲဒီအတွက် အေးမြတ်သူမှာ အခက်အခဲဆိုတာ အများကြီးမရှိဘူးလို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေ အားလုံးက စည်းလုံးနေလို့ပါ။ ဆိုတော့ အေးမြတ်သူသည် မင်းသမီးတယောက် ဆိုတာထက် ဒီအဖွဲ့မှာသွားရတဲ့ ခရီးသွားခြင်းကို ပျော်မွှေ့သော သဘာဝတရားကြီးကို ချစ်မြတ်နိုးသော၊ မြန်မာပြည်ရဲ့ သဘာဝတရားကြီးကို ဖော်ထုတ်ချင်သော Expedition Myanmar အဖွဲ့ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။
မေး။ ။ ဒီ Program ကနေတဆင့် ပရိသတ်ကို ဘယ်လို ရည်ရွယ်ချက်နဲ့ ဘာတွေပြချင်သလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ မြန်မာပြည်မှာပေါ့ ပရိသတ်တွေ မရောက်သေးတဲ့နေရာတွေ ရှိကောင်းရှိနိုင်ပါတယ်။ အေးမြတ်သူတို့ မရောက်သေးတဲ့ နေရာတွေလည်း အများကြီးရှိပါသေးတယ်။ အဲဒါတွေကို ပရိသတ်တွေက အေးမြတ်သူတို့နဲ့ အတူတူ ဒီ အစီအစဉ်လေးကို ကြည့်နေရင်းနဲ့ အတူတူသွားရတယ်ဆိုတဲ့ စိတ်ခံစားမှုဖြစ်အောင် ဖန်တီးထားပါတယ်၊ အဲဒီလိုမျိုးလည်း ဖြစ်စေချင်ပါတယ်။ မြန်မာပြည်ရဲ့ အလှအပတရားတွေကို ပို၍ပို၍လှတဲ့နေရာတွေကို ဆက်ပြီးတော့ တင်ဆက်ချင်ပါတယ်။ ပရိသတ်ကိုလည်း ချပြချင်ပါတယ်ရှင့်။
မေး။ ။ အစီအစဉ်ပြမယ့် နေ့ရက်နဲ့ အချိန်လေးကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ ဟုတ်ကဲ့ပါ။ ဒီအစီအစဉ်လေးကို လာမယ့် မတ်လ ၃ ရက်နေ့၊ သောကြာနေ့ ည ၇ နာရီခွဲ၊ MRTV Entertainment မှာ စပြပါမယ်။ အပတ်စဉ် သောကြာနေ့တိုင်း ည ၇ နာရီခွဲမှာ ပြပါမယ်၊ အဲဒီအစီအစဉ်လေးကို အမြဲတမ်း ကြည့်ရှု့အားပေးဖို့အတွက် ပရိသတ်ကြီးကို ဖိတ်ခေါ်ချင်ပါတယ်ရှင်။
မေး- ပရိသတ်ကြီးကိုကော ဒီ အစီအစဉ်နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသေးလဲ။
ဖြေ- ဟုတ်ကဲ့၊ ဒီအစီအစဉ်လေး ကောင်းသည် ဆိုးသည်ကို ဝေဖန်အကြံဉာဏ်ပေးပါ။ ပရိသတ်ရဲ့ အားတွေနဲ့ ဆက်ပြီးတော့ သွားချင်ပါသေးတယ်လို့ ပြောချင်ပါတယ်။ အေးမြတ်သူတို့မှာ ဒီ Expedition Myanmar ရဲ့ Facebook Account ရှိပါတယ်။ အဲဒီ Account လေးကို Like လုပ်ခြင်းပဲဖြစ်ဖြစ်၊ See First လေးပဲဖြစ်ဖြစ် လုပ်ခြင်းဖြင့် အေးမြတ်သူတို့ကို ဝေဖန် အကြံဉာဏ်ပေးပါလို့ ပြောချင်ပါတယ်။ သွားစေချင်တဲ့ နေရာလေးတွေရှိခဲ့ရင်လည်း အေးမြတ်သူတို့ ဒီ Facebook Account လေးထဲမှာ ဘယ်နေရာလေးကို သွားစေချင်တယ်ဆိုတာ Data လေးနဲ့ သေသေချာချာလေးပေးပေးပါ။ အေးမြတ်သူတို့ ရအောင်ကြိုးစားပြီး သွားပါမယ်ရှင့်။
မေး- အေးမြတ်သူရဲ့ အကယ်ဒမီရင်ခုန်သံကိုလည်း သိချင်ပါတယ်ခင်ဗျ။
ဖြေ- အေးမြတ်သူ အကယ်ဒမီ ရင်ခုန်သံကတော့ အမြဲတမ်း အေးမြတ်သူ အစ်ကိုတွေ အစ်မတွေအတွက် အမြဲတမ်း ရင်ခုန်ရပါတယ်။ ဒီ နှစ်မှာတော့ ပရိသတ်တွေရဲ့ မေတ္တာတရားနဲ့ ကိုယ့်ကိုယ်ကို အရမ်းစိတ်လှုပ်ရှားပြီး ရင်ခုန်ရပါတယ်၊ အဲဒီလို ရင်ခုန်ရတာနဲ့တင် အေးမြတ်သူ ကျေနပ်နေပါပြီ။ အဲဒီတော့ ပရိသတ်ရဲ့မေတ္တာတရားအတွက် အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
မေး- ဒီနှစ်အတွင်းမှာ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေထဲမှာ ဘယ်ကားတွေ ပါဝင်လဲ။
ဖြေ- အေးမြတ်သူ ဒီနှစ်အတွင်းမှာ ရိုက်ကူးထားတဲ့ “မေထုန်ရာသီဖွား” ရှိတယ်၊ “ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား”၊ “ငဘ” ပြီးတော့ “ရပ်ကွက်ဘုရင်မ (၂)” ၊ “ဘွန္တောကြက်သူခိုး”တို့ ဒီနှစ်တော့ အေးမြတ်သူ ရုပ်ရှင်ဇာတ်ကားကြီးတွေ များပါတယ်။ လုပ်ခွင့်ရတဲ့ဟာလေးတွေရော အလှပြတဲ့ဟာလေးတွေရော စုံပါတယ်ရှင့်။