Lifestyle

လူ့အဖွဲ့အစည်းတခုရှိနေသရွေ့ Troll နဲ့ Memes တွေရှိနေဦးမှာပဲ

Troller ၊ Memes ဆိုတာတွေကို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်က စတင် ရင်းနှီးခဲ့ကြပါတယ်။ အရင်ကာလတွေတုန်းက ဒီ အရာတွေဟာ Social Media တွေမှာ လူငယ်တွေ သိပ်မသိခဲ့ကြသလို သိပ်လည်း ခေတ်မစားခဲ့ပါဘူး။ ယနေ့ခေတ်မှာတော့ Troll တာတွေ Memes လုပ်တာတွေဟာ လူငယ်တွေကြား၊ Social Media အသုံးပြုသူတွေကြားမှာ လူသိများလာတဲ့အပြင် Troll group, Memes group တွေဆိုပြီး တွေ့မြင်လာကြရတာ ဖြစ်ပါတယ်။

ဒီလို ရေပန်းစားပြီး လူသိများလာတဲ့ Troll group, Memes group တွေထဲမှာ Gum – 9 ဆိုတဲ့ အဖွဲ့လည်း ပါဝင်ပါတယ်။ ဒီ Gum – 9 အဖွဲ့ဟာ ၂၀၁၅ ခုနှစ်လောက်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုချိန်မှာ နှစ်နှစ်ခန့်ကြာမြင့်နေပြီ ဖြစ်တဲ့အပြင် သူတို့ရဲ့ Troll တွေ Memes တွေဟာ လူငယ်တော်တော်များများရဲ့ စိတ်ဝင်စားမှု ရရှိထားတဲ့ အဖွဲ့တဖွဲ့လည်းဖြစ်ပါတယ်။

“ကျနော်တို့ စပြီး ဖွဲ့စည်းခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကတော့ ဒီဟာတွေက ခေတ်မစားသေးဘူးဗျ။ အဲဒီတုန်းက ကျနော်တို့ Gum – 9 ဆိုတာ မဖြစ်ခင်မှာ Myanmar Memes ဆိုတာရှိတယ်။ ကျနော်တို့ကတော့ အတိုကောက် (M-4) လို့ ခေါ်တယ်။ သူတို့က ကျနော်တို့ထက် စီနီယာပေါ့။ အစကတော့ ကျနော်တို့ သူငယ်ချင်း ကိုးယောက်တည်းရယ်ဗျ။ နောက်ပိုင်းမှာတော့ နယ်ပယ်အစုံက ပါဝင်လာကြတယ်။ အင်ဂျင်နီယာကျောင်းသားတွေလည်း ပါတယ်၊ ဆေးကျောင်းသားလည်း ပါတယ်၊ နိုင်ငံရေးသမား၊ ဘာသာရေးသမားတွေလည်း ပါတယ်။ အဲဒီလို နယ်ပယ်စုံတော့ ကျနော်တို့ဆီမှာ ကဏ္ဍလည်း စုံတယ်။ နယ်ပယ်တခုခုရဲ့ တနေရာရာမှာ တခုခုဆိုရင် အရင်ဆုံးသိတဲ့သူက အရင်ဆုံး Memes ဖြစ်ဖြစ် Troll ဖြစ်ဖြစ် လုပ်ပြီး တင်လိုက်တာပဲ” လို့ Media Group ဖြစ်တဲ့ Gum – 9 အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုပြည့်ဖြိုးနိုင်က ဧရာဝတီကိုပြောပါတယ်။

“နောက်ပြီး Gum – 9 အဖွဲ့ကို လူသိမြန်လာတယ်ဆိုတာကလည်း ကျနော်တို့က social media လေး သုံးပြီး အွန်လိုင်း အဖွဲ့တခုအနေနဲ့ပဲ နေတာမဟုတ်ဘူးလေ။ အပြင်မှာလည်း gathering တွေ ခဏခဏလုပ်တယ်။ ပရဟိတတွေလည်း လုပ်တယ်ဆိုတော့ လူသိလည်း ပိုမြန်တယ်။ အဲဒီတော့ ကျနော်တို့က active ဖြစ်တယ်ပဲ ပြောရမှာပေါ့။ Virtual World ပေါ်မှာတင်မဟုတ်ပဲ Real World မှာပါ active ဖြစ်တယ်” လို့ သူက ဆက်ပြောပြပါတယ်။

လူငယ်တွေအနေနဲ့ Troll တာနဲ့ Memes ကို သိပ်ပြီး မကွဲပြားကြတာကိုလည်း တွေ့ရပါတယ်။ Troll တယ်ဆိုတာက တကယ်တော့ သူတပါးကို မျက်နှာပြောင်တဲ့ နည်းတမျိုးဖြစ်ပြီး Social Media မှာ လူသိများပြီး Hot ဖြစ်သွားတဲ့ ကိစ္စရပ်တခုကို ခပ်နာနာထိုးနှက်ကာ ဟာသဉာဏ်နဲ့ ရောပြီး တင်ပြရတာမျိုးဖြစ်ပါတယ်။ လူပိုပြီး စိတ်ဝင်စားမှုရှိတတ်တဲ့ သဘောရှိပါတယ်။ Memes ဆိုတာကတော့ Online ပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ ကိုယ့်ခံစားချက်၊ ကိုယ့်အဖြစ်အပျက်တွေကို ပုံပေါ်မှာ စာရေးပြီး တင်ပြတာမျိုးဖြစ်တယ်လို့ သိရပါတယ်။

“လူငယ်တော်တော်များများက Troll လုပ်တာနဲ့ Memes ကို မကွဲကြဘူးဗျ။ တကယ်တော့ Troll ဆိုတာ လူတဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာ၊ နောက်တာ ပြောင်တာပေါ့။ Memes ကတော့ Online ပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဟာသနှောပြီး လူတွေဆီကို ရောက်အောင်ပို့ရတာမျိုးပေါ့။ Memes ဆိုတဲ့ အရာသည် ဓာတ်ပုံလေးတပုံလည်း ဖြစ်နိုင်တယ်၊ ဗီဒီယိုလေးတခုလည်း ဖြစ်နိုင်တယ်။ စာလေးတကြောင်းလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့မှာတော့ ပုံမပါပဲ စာတွေချည်း လာတင်တာမျိုးကို လက်မခံပါဘူး။ ပြီးတော့ လူတဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် စနောက်တာနဲ့ အပြစ်ရှာတာ မတူဘူး။ လွန်လွန်ကျူးကျူးဖြစ်သွားပြီလေ။ ဒါကို လူငယ်တော်တော်များများက နားမလည်ဘူး။ သူတို့ကို သူတို့ Troller ဆိုပြီးတော့ ပြောနေကြတယ်” လို့ ကိုပြည့်ဖြိုးနိုင် က ဆက်ရှင်းပြပါတယ်။

Troller, Memes လောကမှာ အနုပညာရှင်တွေ၊ တခြားနယ်ပယ်တွေရဲ့ လူသိများတဲ့ ဖြစ်ရပ်တွေကို Troll ကြတဲ့အခါ တချို့လူတွေက မကျေနပ်လို့ ပြောဆိုတာမျိုးတွေတော့ ရှိဖူးပြီး ဒါဟာလည်း သူတို့ကို ပေါ်ပေါ်တင်တင် Troll မှသာ ပြောကြတာမျိုးဖြစ်ပြီး တိုင်တန်းတာ တရားစွဲဆိုတာတွေတော့ မရှိဘူးလို့ သိရပါတယ်။

“ကျနော်တို့ Troller တွေ Memes တွေ လုပ်တယ်ဆိုတာ ဖြစ်ရပ်မှန်ကိုပဲ လုပ်တာဖြစ်ပေမယ့် တိုက်ရိုက်ကြီးမဟုတ်ဘဲ လက်တလုံးခြားလေး လုပ်ကြတာဆိုတော့ အဲဒီလို ပြဿနာတွေ တော်ရုံနဲ့ မဖြစ်ပါဘူး။ တကယ်လို့ တယောက်ယောက်က ပေါ်တင် Troll ခဲ့ရင်လည်း နည်းနည်းလွန်နေတယ်ထင်ရင် ကျနော်တို့က တားကြပါတယ်” လို့ ကိုပြည့်ဖြိုးနိုင်က ဆက်ပြောပါတယ်။

“လူ့လောက အဖွဲ့အစည်း တခု ရှိနေသ၍ ဒီ Troll တာတွေကတော့ ရှိနေဦးမှာပဲလို့ ကျနော် မြင်တယ်ဗျ။ ဒီ နယ်ပယ် တွေမှာ ကျင်လည်ကြတဲ့ လူတွေက တခုခုကို သူများနဲ့ မတူတဲ့ အမြင်မျိုးနဲ့ မြင်တတ်ကြတဲ့သူတွေ စုနေကြတာလေ။ ကျနော်တို့ဆီမှာ ရှိနေတဲ့ သူတွေဟာ တခုခုကို အစွန်းမရောက်တဲ့သူတွေဖြစ်တယ်။ အဲဒီလို အစွန်းရောက်တာမျိုးကိုလည်း လက်မခံကြဘူး။ ဒီလိုလူမျိုးတွေက အမြဲတမ်းရှိနေဦးမှာပဲ။ အဲဒီထဲမှာ တချို့ကတော့ ဒီတိုင်းကြီးကို လွန်လွန်ကြူးကြူး ပြောကြဆိုကြ ရေးကြပြီးတော့ Attention ရှာတဲ့သူတွေလည်း ရှိကြတယ်။ ဒါပေမယ့် ဒါမျိုးတွေကတော့ ဘောင်မဝင်ဘူးပေါ့” လို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြပါတယ်။

Loading