Lifestyle

အချစ်သစ်မတွေ့သေးပါဘူးဆိုတဲ့ သရုပ်ဆောင် မိုးယံဇွန်

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ၁ နှစ်နီးပါးကာလလောက်က အချစ်ရေး ဂယက်တွေနဲ့အတူ အဆိုပါ ဂယက်တွေထအောင် စတင်ပြီး ပြောဆို ဝေဖန်နေမှုတွေအပေါ် တရားစွဲဆိုဖို့အထိ စီစဉ်ခဲ့ဖူးတဲ့ မော်ဒယ်နဲ့ သရုပ်ဆောင် မိုးယံဇွန် ဟာ အဆိုပါ ဂယက်တွေ အပြီးမှာပဲ ချစ်သူဟောင်းနဲ့ လမ်းခွဲခဲ့ပါတယ်။

အဲဒီနောက်ပိုင်းတော့ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ တစုံတရာ ကြားရတာမျိုး မရှိခဲ့ပါဘူး။

သို့ပေမယ့် မကြာသေးမီက သူ့ရဲ့လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာမှာ သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံများ တင်လာတဲ့အပေါ် ပရိသတ်တွေကြား မိုးယံဇွန်တယောက် အချစ်သစ်တွေ့နေပြီလားဆိုတဲ့ သို့လော သို့လော မေခွန်းတွေဖြစ်လာပါတယ်။

“ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ တွဲဖက်သရုပ်ဆောင်နေတဲ့ မိုးယံဇွန်

ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီမှ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ “မြန်မာနှစ်သစ် ကူးပြောင်း တော့မှာဖြစ်ပေမယ့် အချစ်သစ်တော့မရှိသေးပါဘူး” လို့  ကောလဟလတွေကို မိုးယံဇွန်က ငြင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် “အချစ်သစ်တွေ့လို့ ရည်းစားထားဖြစ်ခဲ့ရင်လည်း ပရိသတ်ကိုပြောပြမှာပါ”လို့ သရုပ်ဆောင် မိုးယံဇွန်က ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ဓာတ်ပုံတွေ တွဲတင်ထားတဲ့အပေါ် မိုးယံဇွန်က “ဇာတ်လမ်းက အကြောင်းအရာလေးတွေနဲ့ ပုံလေးတွေ၊ စာလေးတွေနဲ့ တွဲတင်ဖြစ်တာပါ။ တခြား ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး။ လက်ရှိအချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲခင်ဗျာ။ ထူထူးခြားခြားတွေ မရှိသေးပါဘူး။ အဲဒါကြောင့်မို့ ဒီ ဇာတ်လမ်းတွဲထဲက အတိုင်းလေးပဲ ဆိုပြီးတော့ စိတ်ကူးယဉ်ထားတဲ့ အပိုင်းလေးပဲ ရှိပါတယ်” လို့ လတ်တလောအချစ်ရေးနဲ့ ပတ်သက်လို့ သူက ပြောပြပါတယ်။

“ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ တွဲဖက်သရုပ်ဆောင်နေတဲ့ မိုးယံဇွန်

လက်ရှိမှာတော့ MNTV Channel မှာ ထုတ်လွှင့်ပြသမယ့် “ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီ ရိုက်ကူးပြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ဟိန်းဝေယံ၊ ထွန်းကိုကို၊ အေးဝတ်ရည်သောင်း၊ ရတနာဗို၊ ဇွန်သံစဉ်တို့နဲ့အတူ တွဲဖက်သရုပ်ဆောင် ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး မကြာခင်မှာ ရောက်ရှိလာတော့မယ် အကယ်ဒမီပေးပွဲကိုရော တက်ရောက်ဖြစ်မလား ဆိုတာနဲ့ ပတ်သက်လို့ မိုးယံဇွန်က “အကယ်ဒမီပွဲအတွက်တော့ အဲဒီရက်မှာ ရန်ကုန်မှာရှိဖြစ်ရင်တော့ အကယ်ဒမီတက်မှာပါ။ တကယ်လို့ မတက်ဖြစ်ရင်တော့ ကျနော် ခရီးသွားနေတာပါ” လို့ ပြောပြခဲ့ပါတယ်။

သင်္ကြန်မှာရော ဘယ်လိုအစီအစဉ်ရှိသလဲဆိုတော့ “သင်္ကြန်အတွက်ကိုတော့ Summer Six ဆိုတဲ့ အခွေထဲမှာ ကျနော်ရယ် ကိုထွန်းထွန်းရယ် ဝီလျံရယ် ၃ ယောက်ပေါင်းပြီး သီချင်းတပုဒ်လုပ်ထားပါတယ်၊ သင်္ကြန်သီချင်း အသစ်လေးပါ။ နောက်ထပ်ကတော့ ကျနော် သင်္ကြန်သီချင်း အဟောင်းတပုဒ်ကိုပဲ ပြန်လည် Remix လုပ်ပြီး ဖန်တီးမှာပါ။ ဒါကိုတော့ ကျနော်ရဲ့ဖေ့စ်ဘုတ်မှာပဲ ပရိသတ်တွေအတွက် တင်ပေးမှာပါ” လို့ ပြောပြခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading