Lifestyle

ဒဏ္ဍာရီ စိတ်ဝိညာဉ် အစွဲအလမ်းများနဲ့ ဗဂျီလင်းဝဏ္ဏ

Want create site? Find Free WordPress Themes and plugins.

ဒဏ္ဍာရီလာ စိတ်ဝိညာဉ် (Mythical Spirit) လို့ အမည်ပေးထားတဲ့ ဗဂျီလင်းဝဏ္ဏရဲ့ ၉ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၂၄ ကနေ ၂၈ ရက်နေ့ အထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ် အနုပညာပြခန်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြပွဲမှာ ဒဏ္ဍာရီလာ ထင်ရှားတဲ့ နဂါး၊ တိုးနယား၊ ပဉ္စရူပ စတဲ့ သတ္တဝါ ပုံများ၊ ပုဂံခေတ် အမျိုးသမီး ရုပ်ပုံများ၊ ပုဂံခေတ် နံရံဆေးရေး ပန်းချီပုံများ၊ ယွန်းထည်များနဲ့ ပန်းတမော့ လက်ရာတွေမှာ တွေ့ရတဲ့ ရုပ်ပုံသဏ္ဌာန်တွေကို ရိုးရာဟန်နဲ့ မော်ဒန်ပေါင်းစပ်ပြီး ရေးဆွဲဖန်တီး တင်ပြထားပြီး Brush Stroke Semi Abstract ပန်းချီကားတွေလည်း ပါဝင်တယ်လို့ ဗဂျီလင်းဝဏ္ဏက ပြောပါတယ်။

ပြပွဲနဲ့ ပတ်သက်ပြီး “ဖန်တီးသူ တယောက်ရဲ့ ဖြစ်တည်မှု အရှိတရားနဲ့ အစွဲအလမ်းတွေကြားက ဟုတ်ယောင်ထင် တုပမှုများကို ပြန်လည်ထင်ဟပ် တင်ပြမှုပါ။ စီးရီး ၆ ခု လို့ ပြောနိုင်ပြီး စုစုပေါင်း ပန်းချီကား ၃၀ ကျော် ပြသမှာပါ” လို့ သူက ပြောပါတယ်။

ဗဂျီလင်းဝဏ္ဏဟာ ရိုးရာဟန် ပန်းချီရေးဆွဲနည်း ဖြစ်တဲ့ လိုင်းနဲ့ ဆေးဖြည့် ရေးဆွဲရတဲ့ Pattern ပန်းချီဖန်တီးမှုကို သူ့ရဲ့ အတွေးစိတ်ကူးနဲ့ ပေါင်းစပ်ဖန်တီးပြီး ရိုးရာဟန် သီးခြားဖန်တီးမှုနဲ့ လိုင်းတွေကို အရောင်နဲ့ ပြောင်းယူဖန်တီးတဲ့ Line Expressive ရေးဟန်ကို အထူးပြု ဖန်တီးတာ တွေ့ရပါတယ်။ သူရဲ့ ဇာတိက ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျောက်မြောင်းရပ်ဖြစ်ပြီး ဖခင် အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးနေလင်း၊ မိခင် ဒေါ်ခင်စောလှိုင် ဖြစ်ပါတယ်။ မွေးချင်း ၆ ယောက်မှာ သူက အကြီးဆုံးသားပါ။

၁၉၇၃ ခုနှစ်ဖွား ဗဂျီလင်းဝဏ္ဏဟာ ငယ်စဉ်တည်းက ပန်းချီနဲ့ နီးစပ်ခဲ့ပြီး ၄ တန်းမှာ ပန်းချီဆရာကြီး ဦးလွန်းကြွယ်ထံ ပန်းချီအခြေခံ တက်ခဲ့ပါတယ်။ အဲဒီနောက် ပုံတူပန်းချီဆရာ ဦးကျော်မြင့်၊ ဆရာ ဦးအောင်ဒင်တို့ ထံမှာ ပန်းချီပညာ ဆက်လက် သင်ယူပါခဲ့ပြီး၊ သူ ၈ တန်းရောက်တော့ ဗဂျီအောင်စိုးထံမှာ သားတပည့်သဖွယ် ပန်းချီပညာနဲ့ အတွေးအခေါ်တွေ သင်ယူခဲ့တယ်လို့ သိရပါတယ်။

ဗဂျီအောင်စိုးက ပန်းချီရေးဆွဲနည်းကို ဦးစားပေး သင်ကြားတာ မဟုတ်ဘဲ စိတ်အကြောင်းကို အထူးပြု သင်ကြားပေးတဲ့ အကြောင်း အခုလို ပြောပြတယ်။

“ကျနော့် စိတ်ထဲစွဲနေတဲ့ ဆရာကြီးရဲ့ ဆုံးမစကားတွေကတော့ ‘ပန်းချီဆိုတာ ငွေကြေးအတွက် မဟုတ်ဘူး၊ အနုပညာ မြောက်အောင် ဖန်တီးဖို့က ကိုယ့်ကိစ္စ။ ကျန်တာ သူ့သဘောအတိုင်း ဖြစ်လာတာ’၊ ‘ရုပ်ကို မရေး၊ နာမ်ကို ရေးတယ်’၊ ‘စိတ်မပါရင် ပန်းချီမရေးနဲ့ ကောင်းမှာ မဟုတ်ဘူး။  စိတ်မပါရင် ထမင်းတောင် မစားနဲ့’ တဲ့”

ပြီးတော့ ဇော သန်မှ ဈာန်ရ ဆိုသလို စိတ်ဇောအာရုံက ထက်သန်အားကောင်းနေရင် ဖန်တီးမှု အားကောင်းလာပြီး ဆာတိုရီ (တဒင်္ဂ သိမြင်နိုးကြားမှု) ရတဲ့ အကြောင်း၊ ဒုတိယအောင်စိုး မဖြစ်စေနဲ့၊ ပထမ လင်းဝဏ္ဏဖြစ်ပါ လို့ ဆုံးမတဲ့ အကြောင်း၊ ပြည့်စုံတဲ့ ပန်းချီဆရာ ဖြစ်ဖို့ စာများများ ဖတ်ဖို့ လမ်းညွှန်တဲ့ အကြောင်း သူက ပြောပြတယ်။

အောင်မြင်တဲ့ ပန်းချီဆရာ သို့မဟုတ် အနုပညာရှင်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာနဲ့ ပတ်သက်ပြီး “ကျနော့် အထင်တော့ တကိုယ်ရည် လွတ်မြောက်မှုပါပဲ။ ဥပမာ – ဆရာ ဦးအောင်စိုးနဲ့ အတူနေခဲ့ရတယ်။ လွတ်မြောက် သွားတယ်။ ဆရာ ဦးခင်မောင်ရင် ကြည့်တတ်ရင် မြင်နိုင်တယ်။

ပန်းချီပေါ်မှာ ပြီးသွားတယ်ပေါ့။ ဆိုလိုတာက ပန်းချီက ပန်းချီဆရာကို ဝန်ထုပ်ဝန်ပိုး မဖြစ်ဘဲ စိတ်ရှိသလို စိတ်စေခိုင်းသလို လွတ်လပ်ပေါ့ပါးစွာ ပန်းချီ ဆွဲနိုင်တာကို ပြောတာ။ အဲဒီ အောင်မြင်မှုသည်သာ အနုပညာရှင်ရဲ့ အထွဋ်အထိပ်လို့ ခံယူပါတယ်” လို့ သူက ပြောပါတယ်။

သူဟာ ပန်းချီအပြင် သရုပ်ဖော် ပန်းချီ (Illustration) တွေ၊ စာအုပ်မျက်နှာဖုံး ဒီဇိုင်းတွေလည်း ရေးဆွဲလျက် ရှိပါတယ်။ အဲဒီနှစ်ခုရဲ့ ခြားနားချက်ကိုလည်း သူက “ကျနော့် အတွက်တော့ ပန်းချီ ရေးတာချင်းတော့ တူတူပါပဲ။ ကွာတာက သရုပ်ဖော်က သူ့အတွေးစိတ်ကူးကို ကိုယ်က ပုံဖော်ရတာ ဖြစ်ပြီး၊  ပန်းချီက ကိုယ့်စိတ် အခြေအနေ အတိုင်း ရေးဆွဲရတာပဲ။ အကြောင်းအရာက သူများဟာနဲ့ ကိုယ်ဟာပဲ ကွာတာ၊ ရေးတာတော့ အတူတူပါပဲ။။ သရုပ်ဖော်က အတွေးအားကောင်းရသလို၊ ပန်းချီကတော့ ခံစားမှု ပိုအားကောင်းရပါတယ်” လို့ ပြောပါတယ်။

ဗဂျီလင်းဝဏ္ဏ ဟာ မိသားစုနှင့် အတူ ရန်ကုန်မြို့မှာ နေထိုင်ရင်း အနုပညာ အလုပ်တွေ လုပ်ကိုင်လျက် ရှိပြီး ဖုန်းနံပတ် ၀၉ ၅၀၇ ၁၁၉၇ ကို ဆက်သွယ်နိုင်ပါတယ်။    ။

Did you find apk for android? You can find new Free Android Games and apps.
Loading