ပြည်ထောင်စုလွှတ်တော် အထူးကော်မရှင်အဖွဲ့နဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးတို့ ပူးပေါင်း၍ “တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏အခန်းကဏ္ဍ” ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ် ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် စတင် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။
“ကော်မရှင်ကလူကြီးတွေနဲ့တွေ့ပြီးတော့ ဒီ တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ ပြည်သူတွေရဲ့ပါဝင်မှုတွေသိစေဖို့ အကူအညီတောင်းပါတယ်။ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ အဲဒါကြောင့် ပြည်သူတွေ သိစေဖို့အတွက် ဒီ Page လေးကိုလုပ်ရခြင်းဖြစ်ပါတယ်။” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။
အဆိုပါ ဖေ့စ်ဘုတ်ပေ့ချ် ပြုလုပ်ရန်အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အထူးကော်မရှင်နဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ဂီတအစည်းအရုံးတို့ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများ၏အခန်းကဏ္ဍ (Rule of Law & Role of Public) ဖေ့စ်ဘုတ်စာမျက်နှာတွင် ပြည်သူများမှ တရားဥပဒေနဲ့ သက်ဆိုင်သော အကြောင်းအရာများကို မေးမြန်းနိုင်ပြီး ပြန်လည်ဖြေကြား ပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။