သမိုင်းမှာ အထင်ကရရှိတဲ့ မက္ခရာက အခုအခါ လွမ်းမောဖွယ်အတိနဲ့ရှေးမြန်မာ ရွာကြီး တရွာသာဖြစ်ပါတော့ တယ်။ မက္ခရာကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ ကျော်က ကျောက်ဆည်လွင်ပြင် ဒုဌဝတီမြစ်နဲ့ ဇော်ဂျီမြစ်တို့ဆုံရာမှာ တည်ခဲ့ ကြတာပါ။
မြစ်နီးကမ်းနီးမှာ တည်ခဲ့ကြတဲ့ ရှေးမြို့ပြနိုင်ငံတွေထဲမှာ မက္ခရာရွာလည်း ပါတယ်။ အခုတော့ အိမ်ခြေရာဂဏန်း မပြည့်တဲ့ ကျေးလက်ရွာလေးတရွာဖြစ်နေပြီ။
မက္ခရာနယ်မြေမှာ ရှေးဟောင်းအဆောက်အဦတွေ များများစားစား သိပ်မကျန်တော့ဘူးဆိုပေမယ့် ရှေးဟောင်းသာသနိက အဆောက်အဦအချို့တော့ ကျန်နေပါသေးတယ်။
အရှေ့ဘက်မှာ ရှမ်းရိုးမ တောင်တန်းတွေက ဆီးကာထားပြီး ဒုဌဝတီနဲ့ ဇော်ဂျီက တသွင်သွင်စီးနေတယ်။ မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်မိုင် (၃၀)လောက်အကွာ စဥ့်ကိုင်မြို့နယ်အတွင်းမှာ တည်ရှိတယ်။
မက္ခရာနယ်မြေမှာ ရှေးဟောင်းသာသနိက အဆောက်အဦတွေ ပေါပေါများများရှိတယ်။ ခြံထွက်သီးနှံတွေ ပေါတယ်။ မန္တ လေးမြို့ကနေ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း တောင်ဘက်ကို သွားတဲ့အခါ (၆၆၆) ကီလိုမီတာ မှတ်တိုင်ရောက်ရင် ကွန်ပြူတာ တက္ကသိုလ်(တအုံ) ရှိရာလမ်းအတိုင်း အရှေ့စူးစူးကို ဝင်ရမှာပါ။ မက္ခရာရဲ့မြို့တည်သက်ကလည်း သက္ကရာဇ် (၆၆၆) ခုနှစ်ဖြစ်ပါတယ်။
ဆိုင်ကယ်နဲ့ ၁၅မိနစ်လောက် မောင်းဝင်ပြီးရင် ညာဘက်ကို ချိုးဝင်ရမှာပါ။ လမ်းဘေးဝဲယာတလျှောက်မှာ ဥယျာဉ်ခြံတွေ စိုက်ခင်းတွေ ပေါတယ်။ ကားလမ်းနဲ့အပြိုင် လယ်ရေသွင်းမြောင်းရှိပေမယ့် အခုအခါ ရေသွင်းမထားပါဘူး။(အချိန်အခါ မဟုတ်သေးတာကြောင့် ဖြစ်နိုင်ပါတယ်။)
မက္ခရာကိုသွားတဲ့လမ်းက အနည်းငယ်ကြမ်းပါတယ်။ ကားကြီးကားငယ် အသွယ်သွယ်ဖြတ်သန်းသွားလာနေလို့ ဖုန်တွေ တသောသောနဲ့ပါပဲ။ သပြေရိုး တူးမြောင်းအထိရောက်အောင် ၁၀ မိနစ်လောက် ဆိုင်ကယ်မောင်းဝင်ရဦးမှာပါ။
သပြေရိုးတူးမြောင်းအတိုင်း ဘယ်ဘက်ကို ပြန်ချိုးဝင်ရမှာဖြစ်တယ်။ သပြေရိုး တူးမြောင်းလမ်းဆုံရောက်ရင် လမ်းကောင်း ပါပြီ။ သပြေရိုးတူးမြောင်းအတိုင်းဆက်သွားရင် မက္ခရာခေတ် ရွှေစည်းခုံစေတီကို ဖူးမြော်နိုင်ပါတယ်။
အဲဒီဘုရားအနီးမှာ မက္ခရာခေတ်လက်ရာ မင်းကြီးရန်နောင်ဂူဘုရားတလုံးရှိနေပြီး ရှေးမူမပျက် ပြန်လည်မွမ်းမံနေပါတယ်။
ဘုရားတည်ဆောက်ရေးမှာပါတဲ့ ပန်းရန်ဆရာက “မြန်မာမှုသုတေသီ ဆရာဦးဝင်းမောင်(တမ္ပဝတီ) က ပုံစံထုတ်ပေးထား တာပါ။ အခု ဒီဘုရား (မင်းကြီးရန်နောင် ဂူဘုရား)က အတွင်းမှာ လိုဏ်ခေါင်းပါမယ်။ ကျောက်ဆည်နယ်ထဲက တမုတ်ရွှေဂူ ကြီး ဘုရားလိုမျိုးပါပဲ”လို့ ပြောတယ်။
ရွှေစည်းခုံဘုရားကို ကျော်လွန်ပြီး ဆိုင်ကယ် ခဏမောင်းရုံနဲ့ မက္ခရာရွာကို ရောက်ပါပြီ။ မက္ခရာရွာက ရှေးရွာကြီးဖြစ်တာမို့ အဆောက်အဦတွေ ဟောင်းနေပြီ။ ရွာလယ်မှာ ဇရပ်ကြီးတဆောင်ရှိတယ်။ ရွာလယ်လမ်းမှာ ဆိုင်ကယ်တွေ ထွေလာဂျီ တွေ ဥဒဟိုသွားလာနေကြတယ်။ တခါတလေ ကားတစီးတလေ ဖြတ်သွားတယ်။
ဆေးပေးခန်းအမှတ်တံဆိပ်တခု ရွာလယ်က အိမ်တအိမ်မှာ ချိတ်ဆွဲထားတယ်။ တယ်လီဖုန်းတာဝါတိုင်တွေ ရွာထိပ်က လယ်ကွင်း ယာကွင်းတွေထဲမှာ ထိုးထိုးထောင်ထောင် မြင်နေရတယ်။
မက္ခရာရွာမှာ မူလတန်းကျောင်းရှိပါတယ်။ ဇော်ဂျီမြစ်နဲ့ ဒုဌဝတီဆုံရာ အနီးက နန်းဦးဘုန်းတော်ကြီးကျောင်းအတွင်းမှာ မူ လတန်းကျောင်းဖွင့်လှစ်ထားတာပါ။
လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်း ၇၀၀ ကျော်ကတည်ခဲ့တဲ့ ရှေးမြန်မာရွာကြီးမှာ လက်ဖက်ရည်ဆိုင်မရှိဘူး။ လက်ဖက်ရည် သောက် ချင်ရင် အိမ်ဆိုင်က တီးမစ်ထုတ်ဝယ်ပြီး အိမ်မှာ ရေနွေးနဲ့ ဖျော်သောက်ရပါသတဲ့။ ဒါပေမယ့် အရက်သောက်ချင်ရင်တော့ အရက်ဆိုင်ရှိတယ်။
လက်ဖက်ရည်သောက်ချင်ရင် ဆိုင်ကယ်နဲ့ ၁၀မိနစ်လောက်မောင်းရတဲ့ ဧည့်ပြရွာမှာ သွားသောက်ကြရပါသတဲ့။ အလယ် တန်းပညာရေးအတွက်လည်း ဧည့်ပြမှာ သွားပြီး ကျောင်းတက်ကြရပါတယ်။
မက္ခရာရွာက အိမ်ခြေ (၈၀)သာရှိပါတယ်။ လူဦးရေ (၄၁၆)ယောက် အိမ်ထောင်စု ၉၇စု ရှိတယ်လို့ ရွာလယ်မှာ ဗီနိုင်းနဲ့ ဆိုင်းဘုတ်ခပ်သေးသေး ချိတ်ဆွဲထားတယ်။ ဗီနိုင်းသည်ပင် ဆေးရောင် ပြယ်နေပါပြီ။ အခုမှ အိမ်ခြေများလာတာလို့ ရွာခံ အမျိုးသမီးက ရှင်းပြတယ်။
“အရင်က ရွာမှာ အိမ်ခြေ ၄၀ လောက်ရှိတာ။ ဒီဘက်နှစ်တွေ ရောက်မှ အိမ်ခြေ ၈၀ အထိရှိလာတာ” မက္ခရာရွာကို ဒုဌ၀ တီမြစ်ရိုးနဲ့အပြိုင် တည်ထားတာပါ။ ရွှေစည်းခုံစေတီတော်က မက္ခရာနယ်မြေမှာ ပါပေမယ့် မက္ခရာရွာနဲ့ အနည်းငယ်လှမ်း သေးတယ်။ စေတီတော်ကနေ ညာဘက်ကို ထွက်ရင် မြေသားလမ်း ရှိတယ်။
အဲဒီလမ်းအတိုင်း ဆက်လိုက်ပြီး ယာခရိုးတွေကို ကျော်သွားပါမှ မက္ခရာရွာကို ဒုတ်ဒုတ်ထိရောက်မှာပါ။ လမ်းတလျှောက် မှာ ဇီးခြံတွေ ဇီးသီးတွေ ပြွတ်ခဲနေအောင် သီးနေကြပြီ။ သရက်ခြံတွေမှာတော့ သရက်ရာသီမဟုတ်လို့ တိတ်ဆိတ်နေ တယ်။
မက္ခရာ ရွာထိပ်က ရှေးဟောင်းစေတီလေးတွေနဲ့ ပနံရလှတယ်။ မက္ခရာရွာက ဇော်ဂျီနဲ့ ဒုဌဝတီ မြစ်နှစ်စင်းဆုံရာမှာ တည် ထားတာပါ။ ရှေးဦးမြန်မာတွေရဲ့ရေခံမြေခံရွေးချယ်မှုက အမြော်အမြင်ရှိကြောင်း မက္ခရာရွာတည်ရှိနေပုံက သက်သေပါပဲ။
ဒုဌဝတီရဲ့တဖက်ကမ်းမှာ မန္တလေးတိုင်း အမရပူရမြို့နယ် ကင်းဘက်ရွာ၊ ဇော်ဂျီမြစ်ရဲ့တဖက်ကမ်းမှာ စဥ့်ကိုင်မြို့နယ် ကျွန်းဦးရွာ တည်ရှိတယ်။ ကျွန်းဦးရွာနဲ့ မက္ခရာရွာကို ဇော်ဂျီမြစ်က ပိုင်းခြားထားပြီး သစ်သား ဘေလီတံတားရှိလို့ တရွာနဲ့ တရွာ ကူးလူးဆက်ဆံမှုရှိတယ်။ တံတားဖြတ်သန်းခအဖြစ် နှစ်ပတ် တကြိမ် အလှူငွေ ကောက်ခံပါတယ်။
တံတား အမည်က မေတ္တာရှင်လို့ ပေးထားပြီး ကားကြီးကားငယ်တွေ ဖြတ်သန်းနိုင်တယ်။ မက္ခရာ ရွာသူရွာသားတွေရဲ့ အဓိ က စီးပွားရေးက ခြံလုပ်ငန်းနဲ့ တောင်သူလုပ်ငန်းတွေဖြစ်ကြတယ်။ ဘွဲ့ရ ရွာသားအချို့ ကျောက်ဆည်စက်မှုနယ်မြေမှာ သွား ရောက်လုပ်ကိုင်ကြတာရှိပါတယ်။
မက္ခရာရွာမှာ လျှပ်စစ်မီးရတာ လေးငါးနှစ် ရှိနေပါပြီ။ ရဲရွာရေအား လျှပ်စစ်စီမဲကိန်းကြောင့် ရွာထဲမှာ လျှပ်စစ်မီးထိန်ထိန် ညီးနေပါပြီ။ ရဲရွာဆည်ကြီး မဆောက်ခင်က ရေမြောထင်းဆယ်တဲ့သူတွေရှိခဲ့ပေမယ့် အခုတော့ ထင်းမပြောနဲ့ ကျူရိုး တောင် ဆယ်ဖို့ မလွယ်ဘူးလို့ မက္ခရာရွာခံက အရွှန်းဖောက်တယ်။
သမိုင်းမှာ အထင်ကရ ရှိလှတဲ့မြို့ကလေးက အခုတော့ အိမ်ခြေ ၁၀၀ မပြည့်တဲ့ ကားလမ်းအတွင်းကျတဲ့ ရွာကလေးအဖြစ် တိတ်ဆိတ်ငြိမ်သက်နေတယ်။ တခါတလေ ကွန်ပြူတာ တက္ကသိုလ်က ကျောင်းသူကျောင်းသားလေးတွေ အလည်အပတ်ရောက်လာကြတာတော့ရှိတယ်။
ရွာခံတွေရဲ့မျက်နှာမှာ ရိုးသားအေးဆေးတဲ့ အရိပ်အယောင်တွေ အလွယ်တကူ တွေ့နိုင်ပါတယ်။ ရွာသူရွာသားတွေက တော့ သူတို့ရွာလေးအတွက် ဂုဏ်ယူနေကြတယ်။ ဒီရွာလေး ဘာကြောင့် သမိုင်းခေတ်မှာ ကျန်ခဲ့ရပါလိမ့်။
သမိုင်းသုတေသီတွေ ဘာကြောင့် ခြေဦးမလှည့်ကြတာပါလိမ့်။ မန္တလေးနဲ့ မက္ခရာရွာက တကယ်တော့ မိုင် ၃၀ ပျော့ပျော့ သာဝေးတာပါ။ ခရီးသွားဟန်လွဲသွားဖို့ ကောင်းတဲ့ ဒေသလည်းဖြစ်တယ်။ ရှမ်းရိုးမတောင်တန်းတွေက မြစ်ဖျားခံလာတဲ့ ဒုဌဝတီနဲ့ ဇော်ဂျီမြစ်တို့ဆုံရာ နေရာလည်းဖြစ်တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်က တည်ခဲ့တဲ့ စေတီတွေရဲ့ဗိသုကာလက်ရာတွေကို အလွယ်တကူ လေ့လာမှတ်သားနိုင်တဲ့ အခွင့်အလမ်းလည်းရှိတယ်။ ခြံထွက် သစ်သီးဝလံ လတ်လတ်ဆက်ဆက်တွေလည်း ရာသီအလိုက် ရနိုင်တယ်။
မြို့ပြက ဧည့်သည်တွေကို ဆွဲဆောင်စရာတွေ ရှိပေမယ့် သမိုင်းထဲမှာပဲ ဘာသိဘာသာ သီးခြားရပ်တည်နေတယ်။ မက္ခ ရာက အခြားထင်ရှားတဲ့ ရှေးဟောင်းနယ်မြေတွေလို ဧည့်သည်ဆိုးတွေကြောင့် ဖွံ့ဖြိုးရေးရောဂါ မရသေးဘူး။ တကယ့် အပျိုစင်ရွာ လေးစစ်စစ်အဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတယ်။
လေအဝေ့မှာ တွံတေးသိန်းတန် သီချင်းတွေ လော်စပီကာက တဆင့်ကြားရနိုင်တဲ့အထိ ကျေးလက်ရနံ့ ထုံသင်းနေဆဲ ဖြစ် ပါတယ်။ မက္ခရာကို ဒီအတိုင်း ရှိနေစေချင်တဲ့အထဲမှာ ကျနော်လည်းပါတယ်။ မဖွံ့ဖြိုးစေချင်တဲ့ စေတနာဆိုးကြောင့် မ ဟုတ်ဘူး။
ဖွံ့ဖြိုးမှုနဲ့အတူပါလာမယ့် မြို့ပြရောဂါတွေ စွဲကပ်မှာကို ကျနော် မလိုလားဘူး။ အခုလက်ရှိ ဗမာမုန့်တွေ နေရာမှာ အသင့်စား နိုင်တဲ့ အမြန်စာ(Fast food) တွေ ရောက်မလာစေချင်ဘူး။ တခါသုံး ဘူးခွံတွေ မြစ်ဆုံမှာ ရှုပ်ပွမနေစေချင်ဘူး။
မြစ်ဆုံမှာ ရွာခံမဟုတ်တဲ့ အခြားဒေသကလူတွေ ဆိုင်ခန်းတွေ ပြည့်ကျပ်နေအောင် ဆောက်ပြီး စီးပွားရှာမှာ စိုးရိမ်တယ်။
ဒီအချိန်မှာ မက္ခရာက အလည်အပတ်ဖြစ်စေ ဘုရားဖူးဖြစ်စေ လာလို့ကောင်းတဲ့အချိန်အခါ ကောင်းဖြစ်တယ်။ မက္ခရာရွာ ကို အလည်သွားမယ်ဆိုရင် စားသောက်ဖွယ်ရာ အစုံအလင် ထည့်သွားတာက ပိုအဆင်ပြေပါတယ်။
မန္တလေးဘက်ကို ရောက်တဲ့အခါ အသွားအလာနည်းသေးတဲ့ မက္ခရာဘက်ကို ရောက်ဖြစ်အောင် သွားစေချင်ပါတယ်။ မက္ခရာရဲ့ရိုးရှင်းတဲ့ အလှက မိတ်ဆွေတို့ကို ဆွဲဆောင်စေမယ်ဆိုတာ ကျနော် အာမခံပါတယ်။