Lifestyle

သင် အသက်ရှူ တတ်ပါရဲ့လား

“သင် အသက်ရှူ တတ်ပါရဲ့လား” လို့ မေးတဲ့ မေးခွန်းက ထူးခြားနေပါလိမ့်မယ်။ ပိုပြီး တိတိကျကျ မေးရရင် “သင် စနစ်ကျကျ အသက်ရှူ တတ်ပါရဲ့လား” လို့ မေးရင်ရော သင် ဘယ်လို ဖြေမလဲ။ ပြီးတော့ အခက်အခဲ အကြပ်အတည်း တစုံတခုနဲ့ တွေ့ကြုံရတိုင်း “အသက် ၀၀ရှူ” ဖို့ ပြောကြတာကိုရော ကြားဖူးပါသလား။

ဘာကြောင့် အသက် ၀၀ရှူဖို့ လိုအပ်တာလဲ၊ အသက် ၀၀ရှူတော့ ဘာဖြစ်သလဲ၊ အသက်ရှူခြင်းနဲ့ ဦးနှောက်ရဲ့ အလုပ် လုပ်တဲ့ စနစ်တွေ ဘယ်လို ဆက်စပ်နေသလဲ၊ သင့်ကျန်းမာရေး အတွက် အသက်ရှူခြင်းက ဘယ်လောက်အထိ အရေးပါသလဲ စတဲ့ အကြောင်းအရာတွေကို ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေ အခြေခံပြီး တင်ပြပေးပါမယ်။

လူအများစုဟာ နိုးထနေချိန်မှာ အသက်ကို အပြည့်အ၀ မရှူကြပါဘူး။ အဆုတ်ရဲ့ ၁၅ ရာခိုင်နှုန်းကနေ အများဆုံး ၂၅ ရာခိုင်နှုန်းလောက်ပဲ အသက်ရှူကြတယ်လို့ ဆိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အချိန်ကျမှသာ ၃၅ ရာခိုင်နှုန်းကနေ ၅၅/ ၆၀ ရာခိုင်နှုန်းလောက် အထိပဲ အသက်ရှူကြတယ်လို့ ကျန်းမာရေး တွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

တကယ်တော့ အသက်၀၀ ရှူခြင်းဟာ သင့်ခန္ဓာကိုယ် အတွက် အောက်စီဂျင် ပြည့်ဝစေပြီး ပေါ့ပါးလန်းဆန်းစေတဲ့ အပြင် သွေးသားသန့်စင်စေခြင်း၊ အစာချက်လုပ်ရာမှာ အကူအညီ ပေးခြင်းနဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ သင့်ရဲ့ ရှင်သန်မှုနဲ့ ရောဂါဘယ ကူးစက်မှုကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အသက်ကို စနစ်တကျနဲ့ ပြည့်ပြည့်၀၀ ရှူဖို့ တိုက်တွန်း လိုက်ပါတယ်။

ဘယ်လို ရှူကြရမှာလဲ ဆိုတော့…၊ အသက်ကို နှာခေါင်းနဲ့ ရှူသွင်းပြီး ပါးစပ်နဲ့ ရှူထုတ်ပါ။ နံနက်ခင်း စောစော၊ ဒါမှမဟုတ် ည အိပ်ယာမဝင်မီ အချိန်တွေမှာ အသက်ရှူလေ့ကျင့်ခန်း လုပ်လို့ အကောင်းဆုံးဖြစ်ပြီး၊ အနည်းဆုံး တရက်မှာ ၂ ကြိမ်၊ တကြိမ်မှာ အနည်းဆုံး ၁၅ မိနစ်လောက် အချိန်ယူပြီး လေ့ကျင့်သင့်ပါတယ်။ လေ့ကျင့်ပုံက အိပ်ရင်း၊ ထိုင်ရင်း၊ ထရင်း၊ သွားရင်း၊ လဲလျောင်းရင်း စတဲ့ ဘယ်လို အနေအထား ဖြစ်ပါစေ လုပ်လို့ရပါတယ်။

အကောင်းဆုံး အခြေအနေက လက်တန်းပါတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်လျက် ဖြစ်စေ၊ ဒါမှမဟုတ် အောက်ခင်းပါးပါး ခင်းထားတဲ့ ကြမ်းပြင်ပေါ် ပက်လက်လှန် လဲလျောင်းရင်း ဖြစ်စေ၊ ဒါမှမဟုတ် လေကောင်းလေသန့် ရတဲ့ ကွင်းပြင်မှာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရင်းပဲ ဖြစ်စေ အသက်ရှူလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

ပထမဆုံး ကိုယ်လက်ကို လျှော့ထားပြီး နှာခေါင်းနဲ့ အသက်ကို ၀၀ ရှူပါ၊ ဖြည်းဖြည်းချင်း ရှူသွင်းပါ။ အဆုတ်ထဲကို နောက်ထပ် လေတစက်မှ ထပ်ထည့်လို့ မရတဲ့ အထိ အဆုတ်အပြည့် အသက်ရှူ သွင်းပါ။ ထို့နောက် အသက်ကို ချက်ချင်း ပြန်မထုတ်ဘဲ အသက်အောင့်နိုင် သမျှ ကြာကြာ အောင့်ထားပါ။ ထို့နောက် ရှူသွင်းထားတဲ့ လေကို ပါးစပ်ကနေ တဖြည်းဖြည်းချင်း ပြန်ထုတ်ပါ။ အဆုတ်ထဲမှာ လေတစက်မှ မကျန်တော့တဲ့ အထိ ရှူထုတ်ပါ။ ရှူထုတ်ပြီး အသက်ကို အောင့်နိုင်သမျှ ကြာကြာ အောင့်ထားပါ။

ထို့နောက် စောစောက ပြောခဲ့တဲ့ အတိုင်း နှာခေါင်းနဲ့ အသက် ၀၀ရှူပါ၊ ဖြည်းဖြည်းချင်း ရှူသွင်းပါ။ အဆုတ်ထဲကို နောက်ထပ် လေတစက်မှ ထပ်ထည့်လို့ မရတဲ့ အထိ အဆုတ်အပြည့် အသက်ရှူ သွင်းပါ။ ထို့နောက် အသက်ကို ချက်ချင်း ပြန်မထုတ်ဘဲ အသက်အောင့်နိုင် သမျှ ကြာကြာ အောင့်ထားပါ။ ထို့နောက် ရှူသွင်းထားတဲ့ လေကို ပါးစပ်ကနေ တဖြည်းဖြည်းချင်း ပြန်ထုတ်ပါ။ အဆုတ်ထဲမှာ လေတစက်မှ မကျန်တော့တဲ့ အထိ ရှူထုတ်ပါ။

ရှူထုတ်ပြီး အသက်ကို အောင့်နိုင်သမျှ ကြာကြာ အောင့်ထားပါ။ ဤနည်းအတိုင်း လေ့ကျင့်သွားပါ။

အသက်ရှူခြင်းဟာ ဦးနှောက်ကို ထိန်းသိမ်းပေးထားတဲ့ အဝေးထိန်းသဖွယ် ဖြစ်နေပြီး မှတ်ဉာဏ်တွေ ကောင်းမွန်ဖို့၊ စိတ်ဖိစီးမှုကို လျော့ကျစေဖို့၊ ခန္ဓာကိုယ် အတွင်း မလိုလားအပ်သည့် ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် တခြား အညစ်အကြေးတွေကို သန့်စင်စေဖို့ အတွက် လုပ်ဆောင်ပေးပါတယ်။

ဒီထက်ပိုပြီး ပြောရရင် စနစ်တကျ အသက်ရှူခြင်းဟာ ဘ၀ အတွက် အသက်ရှည်ရာ အနာမဲ့ကြောင်း အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေသလို သံသရာက လွတ်မြောက်ရာ လမ်းစဉ်ကို ကျင့်ကြံတဲ့ အခါမှာလည်း အကူအပံ့ အဖြစ် ရစေနိုင်တဲ့ အကြောင်း တင်ပြပေးလိုက်ပါတယ်။ ။

ရည်ညွှန်း – www.mindful.org

Loading