လူတွေဟာ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းဖို့အတွက်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိကြပါတယ်။ အခုနောက်ပိုင်းမှာ အစားအသောက်တွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်တာတွေ များလာပြီဆိုတော့ လူတွေမှာ ရောဂါတွေ ပိုမို ထူပြောလာကြပြီး၊ အဝလွန်တာမျိုးတွေ ဖြစ်လာကြပါတယ်။ ဒီတော့ Gym ကစားရတာမျိုးကို အချိန်ပေးလေ့ကျင့်လာကြတာ တွေ့ရပါတယ်။ ဒီလိုပဲ စိတ်ရော ကိုယ်ကိုပါ ကျန်းမာသန်စွမ်းမှုကို ပေးနိုင်တဲ့ ယောဂကျင့်စဉ်ကိုလည်း တဖက်မှာ စိတ်ဝင်စားလာကြပါတယ်။ ယောဂအကြောင်းကို စိတ်ဝင်တစားနဲ့ လေ့လာချင်သူတွေအတွက် သူ့ရဲ့ အကျိုးကျေးဇူး ဘယ်လိုရှိသလဲဆိုတာကို စမ်းချောင်း၊ သီရိမင်္ဂလာလမ်းမှာ ယောဂ သင်တန်းဖွင့်ထားတဲ့ ဆရာ ဦးသီဟ ကို ယောဂနဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းထောက် ထက်ဦးေ၀ မေးမြန်းဖြစ်ခဲ့တာကို ပြန်လည်တင်ပြလိုက်ပါတယ်။
မေး။ ။ ဆရာ့အနေနဲ့ ယောဂကို ဘယ်အချိန်လောက်က စပြီး လေ့ကျင့်ခဲ့တာလဲ။ ဘယ်လိုကြောင့် လေ့ကျင့်ဖြစ်တာလဲ။
ဖြေ။ ။ ကျနော် ၂၀၁၂ ခုနှစ်လောက်က စပြီး လေ့ကျင့်ဖြစ်ပါတယ်။ အရင်တုန်းကတော့ ယောဂဆိုတာ ကြားပဲ ကြားဖူးတာလေ။ သေချာမသိဘူး။ အဲဒီကနေ ဘယ်လိုစပြီး လေ့ကျင့်ဖြစ်လဲဆိုတော့ မနက်အစောကြီး TV ဖွင့်လိုက်တာ၊ အဲဒီမှာ လာနေတာတွေ့တယ်။ အဲဒါကို စိတ်ဝင်စားလို့ လိုက်လုပ်ကြည့်တယ်၊ အဲဒီမှာ လူရော စိတ်ရော နည်းနည်း နေလို့ကောင်းလာတယ်။ အဲဒီနောက်ပိုင်း ၆ လ ၇ လလောက် ကြာသွားတော့ သင်တန်းတက်ချင်လို့ သေသေချာချာ သင်တန်းသွားတက်ဖြစ်တယ်ပေါ့။ အဲဒီအချိန်ကနေ စပြီး လုပ်ဖြစ်လာတာပါ။
မေး။ ။ သင်တန်းကိုရော ဘယ်တုန်းက ဖွင့်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ ၂၀၁၂ လောက်မှာ အိမ်မှာ ယောဂ ဖျာလေးတချပ် ဝယ်ပြီးတော့ TV ထဲကဟာတွေ လိုက်လုပ်ဖြစ်တယ်။ နောက်ပိုင်းမှာ သင်တန်းသွားတက်ဖြစ်တယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာ ဆရာဖြစ်သင်တန်း စတက်တယ်။ ဆရာဖြစ်သင်တန်းက ၁ လခွဲကြာတယ်။ အဲဒါပြီးတော့ သင်တန်းဖွင့်ဖြစ်တယ်ပေါ့။ အခုထိဆိုရင် သင်တန်းဖွင့်တာ ၁ နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။
မေး။ ။ ယောဂကျင့်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ။
ဖြေ။ ။ ယောဂကျင့်ရင် အကျိုးကျေးဇူးတွေက အများကြီးပဲ။ အရင်ဆုံးကတော့ ကျန်းမာရေးကောင်းလာမယ်။ နေလို့ထိုင်လို့ ကောင်းလာမယ်ပေါ့။ ယောဂက တခြားလေ့ကျင့်ခန်းတွေနဲ့ မတူဘူး။ ခန္ဓာကိုယ်တင်မဟုတ်ဘူး၊ စိတ်ကိုပါ ကျန်းမာစေတယ်။ ငြိမ်းချမ်းစေတယ်။ စိတ်ပျော်လာတယ်။ ကျန်းမာတယ်ဆိုတဲ့နေရာမှာ အပြင်ပိုင်းချည်းပဲ ကျန်းမာတာမဟုတ်ဘူးလေ။ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာရှိတဲ့ နှလုံးတို့၊ အဆုတ်တို့၊ အူတို့စတဲ့ ကလီစာတွေကိုပါ ကျန်းမာစေတယ်။ ခန္ဓာကိုယ်လည်း ကျစ်ကျစ်လျစ်လျစ် ရှိလာမယ်ပေါ့။ မိန်းကလေးတွေအတွက်ဆိုရင်လည်း ခန္ဓာကိုယ်တွေဘာတွေ လှပလာမယ်ပေါ့။ ဒါတွေက ယောဂကျင့်ရင် တွဲဖက်ပါလာမယ့် အကျိုးတွေပါ။ ဒါပေမယ့် ယောဂရဲ့ တကယ့်အကျိုးကျေးဇူးက သူက တရားနဲ့ယှဉ်တယ်။ သမထလိုင်းပေါ့။ တဖြည်းဖြည်းနဲ့ သမာဓိရလာမယ်။
မေး။ ။ လေ့ကျင့်ခန်းဆို တော်တော်များများက Gym လုပ်ကြတာပဲ များတယ်လေ။ အဲဒီတော့ ယောဂနဲ့ Gymနဲ့ ကွာခြားချက်လည်း ပြောပြပေးပါဦး။
ဖြေ။ ။ Gym က ကျတော့ မြန်မြန်လုပ်ရတယ်။ အပြင်က ကြွက်သားတွေကို ဦးစားပေးတယ်။ ယောဂကကျတော့ နှေးနှေးလုပ်ရတယ်။ သူက စိတ်ကိုတည်ငြိမ်အောင် လုပ်ရတယ်။ စိတ်နဲ့ကိုယ်နဲ့ကို ကပ်ထားရတယ်။ Gym မှာဆိုရင် နားကြပ်တပ်ပြီးတော့ သီချင်းနားထောင်တယ်။ ပြေးစက်နဲ့ ပြေးတယ်။ ယောဂက အဲဒီလိုမဟုတ်ဘူး။ နှေးတယ်။ လုပ်နေတုန်းမှာလည်း စကားမပြောရဘူး။ လှုပ်ရှားမှုတိုင်းကို တရားမှတ်သလို လိုက်မှတ်နေရတယ်။ ယောဂရဲ့ အနှစ်သာရပေါ့။
မေး။ ။ ယောဂကျင့်နေတဲ့အချိန်မှာ စိတ်ကို ဘယ်လိုထားသင့်သလဲ။ ဘယ်လိုထားရမလဲ။
ဖြေ။ ။ ယောဂလုပ်နေတဲ့အချိန်မှာ စိတ်က ကိုယ့်ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုမှန်သမျှကို လိုက်သိနေရပါမယ်။ စိတ်နဲ့ကိုယ်နဲ့ ကပ်နေအောင်ထားပြီး ဖြစ်တဲ့ ခံစားချက်တွေကို ရှုမှတ်နေရပါမယ်။
မေး။ ။ မိန်းကလေးတွေအနေနဲ့ရော လစဉ်ကိစ္စတွေ ဖြစ်နေတဲ့အချိန်မှာ ယောဂကို ရပ်ထားသင့်လား၊ ဆက်လုပ်နေသင့်လား။
ဖြေ။ ။ မိန်းကလေးတွေအနေနဲ့က လစဉ်ကိစ္စဖြစ်နေရင် ခဏနားနေတာ ပိုကောင်းပါတယ်။ လုံးဝမလုပ်ရဘူးတော့ မဟုတ်ဘူးပေါ့။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်နဲ့ စိတ်ခံစားချက်အပေါ် မူတည်ပြီး သင့်တော်သလို လေ့ကျင့်လို့ ရပါတယ်။ အဲဒီလိုအချိန်အတွင်း ယောဂလေ့ကျင့်ရင် မသက်မသာဖြစ်နေတာတွေတောင် ပျောက်ကင်းနိုင်ပါတယ်။
မေး။ ။ ယောဂကို ဘယ်လိုလူမျိုးတွေ လေ့ကျင့်ကြလဲ။
ဖြေ။ ။ ယောဂက ပါရမီရှိတဲ့လူမှ ကျင့်လို့ရတယ်လို့ ထင်တယ်။ ဒါ ကျနော့်အမြင်ပေါ့လေ။ တကယ်လည်း တော်ရုံတန်ရုံ လာတဲ့လူတိုင်း မမြဲဘူးလေ။ သူက တရားပိုင်းနဲ့ ဆက်စပ်နေတဲ့အတွက် လူတိုင်းတော့ မလုပ်နိုင်ဘူး။ အဲဒီလို ပါရမီ ရှိတဲ့သူမှ ကျင့်လို့ရတယ်။
မေး။ ။ အမျိုးသမီးနဲ့ အမျိုးသားဆိုရင် အမျိုးသမီးတွေက အလှအပရေးရာဆိုင်ရာ ထိန်းသိမ်းဖို့ ပိုပြီး စိတ်ဝင်စားကြတာ တွေ့ရတယ်။ ယောကျာ်းလေးတွေအနေနဲ့ရော စိတ်ဝင်စားသင့်လား။ ဘာကြောင့်လဲ။
ဖြေ။ ။ များသောအားဖြင့်တော့ ဟုတ်ပါတယ်။ ၁၀ ယောက်မှာ အမျိုးသားက ၁ ယောက်လောက်ပဲ ပါတယ်။ ဒါပေမယ့်လည်း လာတဲ့သူတိုင်း လိုက်လုပ်နိုင်တာမဟုတ်ပါဘူး။ ခုနပြောသလို ပါရမီပေါ့။ တကယ် ပါရမီရှိတဲ့သူက ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မှန်မှန်လာပြီး မှန်မှန် လေ့ကျင့်ပါတယ်။
မေး။ ။ အသက်အရွယ်အပိုင်းအခြားအနေနဲ့ရော ဘယ်လိုအသက်ရွယ်တွေ လေ့ကျင့်လေ့ရှိကြလဲ။
ဖြေ။ ။ များသောအားဖြင့်တော့ လူလတ်ပိုင်းများတယ်။ လူငယ်ပိုင်းတွေကျတော့လည်း အချိန်မပေးနိုင်တာမျိုးတွေ ရှိတာကိုး။ အချိန်ပေးနိုင်တဲ့သူကျတော့လည်း Gym ဘက်ကို အားသန်တာများတယ်။ ယောဂကျတော့ တရားထိုင်ရတာ ဘာညာလည်း ပါတော့ တချို့က မလုပ်နိုင်ကြဘူးလေ။ သက်လတ်ပိုင်းအရွယ်မှသာ နည်းနည်းလည်း စိတ်တည်ငြိမ်လာပြီးတော့ ကစားကြတာများပါတယ်။
မေး။ ။ ယောဂလုပ်ရင် ရှောင်သင့်ဆောင်သင့်တာတွေရောရှိလား။
ဖြေ။ ။ အရမ်းကြီးရှောင်သင့်ဆောင်သင့်တာမျိုးတော့ မရှိပါဘူး။ ယောဂမလုပ်ခင် ၂ နာရီလောက်ကို အစားမစားရဘူး။ လုပ်ပြီးသွားရင်လည်း နာရီဝက်လောက်အတွင်းကို မစားရပါဘူး။ ဟိုလိုကြီး အစာမစားပဲ နေရတာမျိုးတော့ မရှိဘူး။ ယောဂက လိမ်ရ၊ လှည့်ရနဲ့ လုပ်ရတာဆိုတော့ ဗိုက်ကြွက်သားတွေကို အလုပ်ပေးရတဲ့အခါကျတော့ ဗိုက်ထဲမှာ အစာရှိလို့တော့ မဖြစ်ဘူးလေ။ အစာနဲ့ နည်းနည်းခွာထားရပါတယ်။
မေး။ ။ Gym တို့ဘာတို့ကို ဝိတ်ကျဖို့အတွက် လေ့ကျင့်ကြတယ်။ ယောဂကိုရော ဝိတ်ကျဖို့ လာကစားကြတဲ့သူတွေ ရှိလား။
ဖြေ။ ။ ရှိပါတယ်။ တချို့ဆို ဖုန်းတွေဆက်မေးကြတယ်။ ဒါပေမယ့် ကျနော့်ကို မေးရင် ကျနော်က ယောဂဆိုတာ ဝိတ်ကျဖို့အတွက်မဟုတ်ဘူးလို့ပဲ ဖြေပါတယ်။ ဒါပေမယ့် တကယ်လုပ်ရင် အကုန်ပါလာပြီးသားလေ။ ယောဂ တကယ်လုပ်ရင် ဝိတ်ကျတာထက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ဟာတွေ ရနိုင်တယ်။ သေသေချာချာ မှန်မှန်လုပ်ရင်တော့ ကျနိုင်ပါတယ်။ ယောကျ်ားလေးတွေဆိုရင် ကျစ်သွားမယ်၊ မိန်းကလေးဆိုလည်း ကိုယ်ရည်စစ်သွားမယ်ပေါ့။
မေး။ ။ ဝိတ်ကျဖို့ဆိုရင်ရော အချိန် ဘယ်လောက်လောက် ပေးရမလဲ။
ဖြေ။ ။ တပတ်မှာ သုံးရက်လောက်တော့ အနည်းဆုံးပေးရတယ်။ တပတ်မှာ တရက်လောက် လုပ်ရုံနဲ့တော့ မကျနိုင်ဘူးလေ။ သေသေချာချာလေး ဂရုစိုက်ပြီးလုပ်ရင်တော့ သုံးလလောက်နေရင်တော့ ကိုယ်ရည်စစ်သွားနိုင်ပါတယ်။
မေး။ ။ သင်တန်းချိန်တွေကရော ဘယ်အချိန်တွေလဲ။
ဖြေ။ ။ တပတ်ကို ကြားရက်မှာ လေးရက်ရှိတယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ လေးရက်ပေါ့။ စနေဆိုရင်တော့ နေ့လယ် ၃ နာရီခွဲကနေ ၅ နာရီထိ ရှိပါတယ်။