ဝမ်းရေးအတွက် အလုပ်လုပ်နေရပြီး ကျောင်းပညာရေး မသင်ကြားနိုင်တဲ့ ကလေးငယ်များကို ပညာသင်ကြားပေးနေတဲ့ ကျောင်းပြင်ပ ပညာသင်ကြားရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ တယ်လီနောမြန်မာနဲ့ myME (Myanmar Mobile Education Project) တို့မှ သဘောတူညီချက်တခုကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာရွေ့လျားပညာသင်ကြားရေး စီမံကိန်း myME Project ဟာ မြန်မာနိုင်ငံမှာရှိတဲ့ လက်ဖက်ရည်ဆိုင်များမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ကလေးငယ်များအတွက် ကျောင်းပြင်ပ ပညာသင်ကြားပေးနေတဲ့ စီမံကိန်းတခု ဖြစ်ပါတယ်။
အဆိုပါ ကျောင်းပြင်ပ ပညာရေး အစီအစဉ်မှာ ကလေးတွေရဲ့တတ်မြောက်မှုအပေါ် မူတည်ပြီး အဆင့် ၃ ဆင့် ခွဲထားပြီး အခြေခံစာတတ်မြောက်မှု၊ တကိုယ်ရည်သန့်ရှင်းရေး ၊ အင်္ဂလိပ်စာ၊ သချာၤ၊ ဘဝတွက်တာ ကျွမ်းကျင်စရာများနှင့် အခြေခံကွန်ပျုတာ သင်ကြားခြင်းများစတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်များ တရက် ၂ နာရီ၊ တပတ်ကို ၃ ရက်၊ စုစုပေါင်း တပတ် ၆ နာရီ သင်ကြားပေးလျက် ရှိတယ်လို့သိရပါတယ်။
“ဒီလို myME နဲ့ တယ်လီနော ပူးပေါင်းဆောင်ရွက်မှုကနေ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးမှုတွေ ဆက်လက်ပြုလုပ်ရမှာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ အရမ်း ဝမ်းသာမိပါတယ်။ myME အနေနဲ့ ကလေးငယ်တွေကို အနာဂတ်မှာ ပိုကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိအောင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားမှုတွေ ပေးအပ်နေတဲ့အတွက် အထူး ဝမ်းသာမိပါတယ်” လို့ တယ်လီနောမြန်မာရဲ့ အမှုဆောင် အရာရှိချုပ် Mr Lars Erik Tellmann က ဆိုပါတယ်။
တယ်လီနောအနေနဲ့ myME စီမံကိန်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင်ကာ myME ဝန်ထမ်းများရဲ့လစာများ၊ ရွေ့လျားစာသင်ခန်းအဖြစ် အသုံးပြုနိုင်ဖို့ ဘတ်(စ်)ကား တစီး၊ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အကြိုအပို့များအတွက် မော်တော်ယာဉ်များ၊ ကွန်ပျူတာများနဲ့ အခြား ကျောင်းသုံးပစ္စည်း ကိရိယာများကိုလည်း ကူညီထောက်ပံ့ ပေးထားတယ်လို့ သိရပါတယ်။
“ကျောင်းပညာ မသင်ကြားရတဲ့ ကလေးငယ်တွေနဲ့ အလုပ်လုပ်ကိုင်နေရတဲ့ ကလေးငယ်တွေအတွက် အခုလို ပညာသင်ကြားပေးတယ်ဆိုတာ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အကူးအပြောင်းကာလမှာ လူတိုင်း ဆောင်ရွက်နိုင်တဲ့ အရေးအပါဆုံးနဲ့ လက်တွေ့အကျဆုံး ကူညီမှုပဲ ဖြစ်ပါတယ်။ myME ရဲ့စီမံကိန်းတွေမှာ ကျနော်တို့ လုပ်ဆောင်နေတာကလည်း ဒီလို ကူညီမှုတွေပဲဖြစ်ပြီး ဒါကလည်း ကျနော့်အနေနဲ့ ပြည်ပမှာ ၂၅ နှစ်ကြာ နေထိုင်ပြီးမှ အမိနိုင်ငံကို ပြန်လာခဲ့တဲ့ အဓိက အကြောင်းပြချက် ဖြစ်ပါတယ်” လို့ myME တည်ထောင်သူ ကိုတင်မောင်မောင်အေး (Tim Aye-Hardy) က ပြောပါတယ်။
မြန်မာရွေ့လျား ပညာသင်ကြားရေး စီမံကိန်း myME Project ကို လက်ရှိ မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေး စားသောက်ဆိုင်များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကလေးငယ်များကို ကျောင်းပြင်ပ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။