စာရေးသူ – ဒေါက်တာကျော်စိန်
စာအုပ်အမည် – စိတ်ပညာသမိုင်းကျမ်း
အမျိုးအစား – စိတ်ပညာသမိုင်း
စိတ်အကြောင်း၊ သိမှုအကြောင်းတို့ကို ဂရိဒဿနပညာရှင်တို့က စတင်ကြံဆခဲ့ပေမယ့် သိပ္ပံနည်းကျ ဘာသာရပ် အဆင့်ကို ရောက်ခဲ့တာကတော့ ၁၈၇၉ ခုနှစ်လောက်မှ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆရာကြီး ဒေါက်တာကျော်စိန်ဟာ ၁၉၆၆ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်က ပါရဂူဘွဲ့ယူပြီး အပြန်မှာ စိတ်ပညာသမိုင်းကျမ်းကို ပြုစုချင်တဲ့ ဆန္ဒ ဖြစ် ပေါ်ခဲ့ပါတယ်။
ဒီစာအုပ်မှာ ကမ္ဘာကျော်စိတ်ပညာရှင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ သူတို့ရဲ့ အလုပ်ဝါဒ၊ အပြုအမှုဝါဒ၊ စိတ် စိစစ်မှုဝါဒ၊ ဂက် စတော့ဝါဒ၊ လူအဓိဝါဒ စတဲ့အယူအဆ၊ သီအိုရီဖွံ့ဖြိုးလာပုံတွေ၊ ပြောင်းလဲပုံတွေ၊ ခေတ်ပြိုင်ဆရာကြီးတွေရဲ့ အချင်း ချင်း ဝါဒ ရေးရာပြိုင်ဆိုင်မှုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဆရာကြီးဒေါက်တာကျော်စိန်ကတော့ မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်ကိုသာ ကျင့်သုံးလိုစိတ်တွေ တိုးပွားသင့်ပါတယ်လို့ မေတ္တာစကားပါးထားပါတယ်။
စိတ်ကူးချိုချိုစာပေက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ပန်းချီလှတင်ထွန်း
စာအုပ်အမည် – စံတော်ချိန်ဆောင်းပါးများ
အမျိုးအစား – ပန်းချီအနုပညာ
ပန်းချီလှတင်ထွန်းရဲ့ စံတော်ချိန်သတင်းစာမှာ ၃ နှစ်နီးပါးရေးသားခဲ့တဲ့ ပန်းချီအနုပညာယဉ် ကျေးမှုဆိုင်ရာဆောင်းပါး တွေကို စုစည်းထုတ်ဝေလိုက်တာဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဆရာကြီးဟာ သူဖြတ်သန်းလာခဲ့တဲ့ ပန်းချီခရီးကို နောက်ခံပြုလို့ သူကြုံတွေ့ခဲ့ရတဲ့ နိုင်ငံကျော်ပန်းချီဆရာ ကြီးတွေအကြောင်း၊ ပန်းချီဆရာတွေအကြောင်း၊ လုပ်ဖော်ကိုင်ဖက် ပန်းချီဆရာတွေ၊ တပည့်တပန်းတွေအကြောင်း ၊ ပန်းချီ အသင်းအဖွဲ့၊ အစည်းအရုံးအကြောင်းတွေကို မှတ်တမ်းတင်ထားတဲ့အပြင် နိုင်ငံတကာပန်းချီကျော်များ၊ နိုင်ငံတကာ ပန်းချီ ကားရသများကိုလည်း သုံးသပ်ရေးသားတင်ပြထားပါတယ်။ အမြင်မတော်တဲ့ဖြစ်ရပ်တွေကို ပွင့်ပွင့်လင်းလင်းထောက် ပြ ဝေဖန်ထားလို့ အမှာစာရေးတဲ့ဆရာတစ်ဦးက `ဆရာ့စာတွေကို အွန်လိုင်းပေါ်တော့ မတင်စေလိုပါ ၆၆(ဃ) တန်ခိုးကြီးနေ ၍ ဖြစ်ပါသည်` လို့ ဆိုထားပါတယ်။
ပန်းချီဆရာကြီးဒေါက်တာဦးလွန်းကြွယ်၊ ဂုဏ်ထူးဦးသိန်းနိုင်၊ ရဲကျော်ခေါင်(ရဲမြင့်ဖေ)၊ မောင်ခင်မင် (ဓနုဖြူ)၊ မြတ်ခိုင်တို့က အမှာစာရေးထားပါတယ်။
ယဉ်မျိုးစာအုပ်တိုက်က တန်ဖိုး ၁၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – နေရီရီစာတည်းအဖွဲ့
စာအုပ်အမည် – ပင်လုံစာချုပ် ဦးအောင်ဆန်း၏ လမ်းညွန်မှုခုနစ်ချက်
တောင်ကြီးညီလာခံနှင့် ဖက်ဒရယ်မှု
အမျိုးအစား – နိုင်ငံရေး
၁၉၆၂ အာဏာသိမ်းခေါင်းဆောင်များရဲ့ နှစ်ပေါင်း ၅၀ ကျော် လုပ်ကြံဝါဒဖြန့်မှုတွေ၊ အမှန်တရားကို စစ်အာဏာရှင်စနစ် သံကန့်လန့်ကာနဲ့ ဖုံးကွယ်ထားမှုတွေကို ချေဖျက်ဖော်ထုတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ စာတမ်းများ၊ မိန့်ခွန်းများကို စုစည်း ထုတ်ဝေလိုက်ရတာဖြစ်တယ်လို့ နေရီရီစာတည်းအဖွဲ့က ဆိုပါတယ်။
၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုတဲ့အနေနဲ့ထုတ်ဝေလိုက်တဲ့ ဒီစာအုပ်မှာ ၁၉၄၇ ခုနှစ်ပင်လုံစာချုပ်၊ အမျိုးသားခေါင်း ဆောင်ကြီး ဦးအောင်ဆန်းရဲလမ်းညွန်မှု ခုနစ်ချက်၊ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇ ခုနှစ်) တတိယဇယား၊ ရှမ်းပြည်နယ်သမိုင်းအကျဉ်းချုပ် (စော်ဘွားများအာဏာစွန့်ခြင်း)၊ ပြည်နယ်ပေါင်းစုံညီလာခံကြီး(တောင်ကြီး )၊ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး ကြိုးကိုင်ကော်မတီ (ရှမ်းပြည်နယ်)၏ ဆုံးဖြတ်ချက်၊ ပြည်ထောင်စုစစ်စစ် (FEDERAL) မူအရဖြင့် ပြင်ဆင်ရေးဆွဲတင်ပြသော ပြည်နယ်များညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း၊ ပြည်နယ်များ ညီညွတ် ရေးအဖွဲ့မှ တင်သွင်းသော ပြည်ထောင်စုစစ်စစ်မှုကို ရှမ်းပြည်နယ်ဥက္ကဌ စဝ်ခွန်ချိုမှ တင်သွင်းခြင်း စတဲ့ မူရင်းသမိုင်း အထောက်အထားများကို ဖတ်ရှုရမှာဖြစ်ပါတယ်။
၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး UNFC ခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်မှာ နိုင်ငံတော်အတိုင်ပင် ခံပု ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အမှာစကားကိုလည်း ဖော်ပြပေးထားပါတယ်။
နေရီရီစာအုပ်တိုက် တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ဒေါက်တာအောင်ခင်
စာအုပ်အမည် – မြန်မာ့နိုင်ငံရေး အတွေးအခေါ်
အမျိုးအစား – နိုင်ငံရေး
ပါမောက္ခဒေါက်တာမောင်မောင်ကြီးရဲ့ Burmese Political စာအုပ်ပါ မြန်မာ့ရေးရာသုံးသပ်ချက်များကို ဒေါက်တာ အောင် ခင်က လွတ်လပ်သောအာရှအသံ (RFA) ရေဒီယိုမှာ အသံလွှင့်ခဲ့ပါတယ်။ ဒီစာအုပ်ကတော့ အသံလွှင့်ချက် ၂၂ ပိုင်းကို စုစည်းထုတ်ဝေထားတာဖြစ်ပါတယ်။
ပုဂံခေတ်ကစပြီး အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်အောက်ကို ရောက်ခဲ့ရတဲ့ မြန်မာ့လူ့ဘောင်ဟာ ကိုလိုနီဘဝလွတ်မြောက် လို့ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးတော့လည်း အာဏာရှင်စရိုက်ကို မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေပါတယ်။
အာဏာရှင် ဆန်တဲ့အပြုအမှုကို မြန်မာ့လူ့အဖွဲ့အစည်းက ဒီကနေ့အထိလက်ခံထားတုန်းပါပဲ။ ဗိုလ်ချုပ်နေဝင်းအာဏာ သိမ်း ပြီး အိမ်စောင့်အစိုးရလုပ်တာကို ဒီမိုကရေစီအစိုးရက ၁၉၅၈ ခုနှစ်မှာ လက်ခံခဲ့ပြီး မကြာမီ ၁၉၆၂ မှာ စစ်အာဏာရှင် ဘုရင် စနစ်ပုံစံမျိုးကို တည်ထောင်နိုင်ခဲ့တယ်။
အခုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်နေဝင်းခြေရာကို လိုက်နင်းနေပြန်ပါပြီလို့ ပါမောက္ခဒေါက်တာမောင်မောင်ကြီး က ဆိုပါတယ်။
တိုးမြစ်စာအုပ်တိုက်က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။