သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်ဟာ အသက် ၁၈ နှစ်ပြည့်ပြီး ကြော်ငြာ စတင်ရိုက်ကူးစဉ်ကတည်းက ဝင်ငွေခွန်ဆောင်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျမက ကြော်ငြာမင်းသမီးဆိုတော့ ၁၉၉၅-၁၉၉၆ မန္တလေးဘီယာ ကြော်ငြာ စလာကတည်းက အခွန်က ရောက်လာတာ အဲဒီတုန်းကဆိုရင် တော်ရုံတန်ရုံရိုက်နေတဲ့ မင်းသမီးတောင်အခွန်မလာသေးဘူး။ စာမပို့သေးတာ မရောက်လာတာပေါ့။ မဆောင်တာမဟုတ်ဘူး။ ကျမကျတော့ပေါ်ခါစ အသစ်ကလေး ပေါ်တာမှ တနှစ်မပြည့်သေးဘူး။ ကြော်ငြာမှာမြင်ပြီး မန္တလေးကြော်ငြာစလာတော့ဆောင်ရတာပဲ” လို့ ခိုင်သင်းကြည်ကပြောပါတယ်။
သူ့အနေနဲ့စတင် အခွန်ဆောင်စဉ်က ငွေကျပ် ၁ သိန်းဆောင်ခဲ့ရပြီး အဲဒီကမှ တဖြည်းဖြည်းတက်လာကာ ၃ သိန်း မှ ၅ သိန်းကြား ထမ်းဆောင်ရကြောင်းသိရပါတယ်။
“အခွန်ဆောင်တာနဲ့ပတ်သက်ပြီးတော့ ကျမတို့က ကြီးကြီးကျယ်ကျယ်တော့မပြောတတ်ပါဘူး။ ကျမတို့အနေနဲ့ကတော့ စားသောက်ဆိုင်သွားစားရင်လည်း ၂၀% အခွန်ပေးရတာပါပဲ။ ဈေးဝယ်ရင်လည်းပေးရတာပါပဲ။ အားလုံးလုပ်ရင်လုပ်တာပါပဲ။ အကျိုးရှိတဲ့နေရာ သုံးရင် အကောင်းဆုံးပေါ့” လို့ အခွန်ဆောင်ရခြင်းနဲ့ ပတ်သက်လို့ သူက ပွင့်ပွင့်လင်းလင်း ပြောဆိုပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အခွန်ထမ်းဆောင်ထားသော အနုပညာရှင် ၁၉ ဦးရဲ့ အခွန်ထမ်းဆောင်ထားတဲ့ ပမာဏများကို ပြည်တွင်းအခွန်များ ဦးစီးဌာနက သိပ်မကြာသေးခင်က အစိုးရသတင်းစာထဲမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။