ပြည်တွင်းမှာပါ လူကြိုက်များနေတဲ့ Nissan ရဲ့ Hatchback မော်ဒယ် Note ကတော့ အခုနှစ်အတွက် ပြင်ဆင်မှုများများစားစား လုပ်ဆောင်ထားပြီး ဈေးကွက်ဝင်လာပါပြီ။
တန်ကြေးနည်း မော်ဒယ်တခုအဖြစ်နဲ့ ရွေးချယ်ဖို့ အကောင်းဆုံးလို့ သတ်မှတ်နိုင်မယ့်အနေအထားထိအောင် ရောက်လာပါတယ်။
အားသာချက်အဖြစ်နဲ့ အတွင်းခန်း ကျယ်ဝန်းမှုကို စပြောရမှာပါ။ အရွယ်ရောက်ခရီးသည်တွေအထိ လိုက်ပါစီးနင်းနိုင်လောက်အောင် ရှေ့ဘက်ခန်းရော နောက်ဘက်ခန်းရော ကျယ်ဝန်းတာ တွေ့ရပါတယ်။
နောက်ပြီး တန်ကြေးနည်း မော်ဒယ်တခုအတွက် Base မော်ဒယ်အဖြစ် ထုတ်လုပ်ထားတဲ့ မော်ဒယ်က ဈေးနှုန်း အရမ်းပဲချိုသာလှပါတယ်။ နောက်ဘက်ဝန်တင်ခန်းကလည်း တန်းတူ မော်ဒယ်တွေထက် ပိုမိုကျယ်ဝန်းလာပြီး ဝန်တင်ဆောင်နိုင်စွမ်း ပိုမို ကောင်းမွန်လာပါတယ်။
နောက်ဆုံးသဘောကျစရာအချက်ကတော့ ဆီစားနှုန်း ချိုသာမှု ဖြစ်ပြီး လက်ရှိဈေးကွက်ထဲက အင်ဂျင်အရွယ်တန်းတူ တပ်ဆင်ထားတဲ့ မော်ဒယ်တွေထဲမှာ ဆီစား အနည်းဆုံးဖြစ်တာဖြစ်ပါတယ်။
အားနည်းချက်အဖြစ် မြင်မိတာက အရှိန်မြှင့်တင်နိုင်မှုနှေးတဲ့အပြင် လက်ကိုင်စနစ်က Sport မဆန်ဘဲ ပုံမှန်အိမ်စီး မော်ဒယ်တွေရဲ့အဆင့်လောက်ပဲ စွမ်းဆောင်နိုင်တာကြောင့် မြန်နှုန်းမြင့် မောင်းနှင်ချိန်တွေမှာ တည်ငြိမ်မှု အားနည်းပါတယ်။
အင်ဂျင်ဆူညံသံ ပေးတာလည်း တွေ့ရပြီး ဝန်တင်ဆောင်မှုများချိန်နဲ့ လမ်းကြမ်းပိုင်း မောင်းနှင်ချိန်တွေမှာ မလိုအပ်တဲ့ ဆူညံသံတွေ ပေးတာတွေ့ရပါတယ်။ အတွင်းခန်း အပြင်အဆင်ကလည်း တပ်ဆင်ပစ္စည်းကအစ အခြား ပလတ်စတစ်သားတွေက အရည်အသွေး နည်းချင်တာ တွေ့ရပါတယ်။
အခုနှစ် မော်ဒယ်အတွက် ပြင်ဆင်လာမှုတွေကိုကြည့်ရမယ်ဆိုရင် ရုပ်ထွက်ပိုင်းမှာ ဆွဲဆောင်မှု ပိုကောင်းအောင် ဖန်တီးလာတာ တွေ့ရသလို S မော်ဒယ်ခွဲ အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်မှာ အခုနှစ် Manual ဂီယာစနစ်နဲ့ ထုတ်လုပ်မှု ရပ်နားလိုက်တာ တွေ့ရပါတယ်။
အတွင်းခန်းမှာ ခွက်ထိုင်ကို ပိုပြီး ကြီးမားအောင် ဖန်တီးလာတယ်၊ USB Port ထည့် လာတယ်၊ 12 V ထုတ်ပေးနိုင်အောင် ပြင်ဆင်လာတယ်၊ သဘောကျစရာပါ။
မော်ဒယ်ခွဲ အနေနဲ့ S Plus, SV, SRနဲ့ SL တွေ ရနိုင်ပါတယ်။ အင်ဂျင်စနစ်က ၁.၆ လီတာသုံး လေးလုံးထိုး အင်ဂျင်ကို ထည့် ထားပြီး ရုန်းအား ၁၀၇ပေါင်-ပေမှာ စွမ်းအင် မြင်းကောင်ရေ ၁၀၉ ကောင်အား ထွက်ရှိပါတယ်။
CVT စနစ်နဲ့ ဂီယာကို ဖန်တီးထားပြီး မောင်းနှင်ရ အထူးလွယ်ကူ ကောင်းမွန်လာပါတယ်။ တနာရီ မိုင် ၆၀ နှုန်း အတွက် အချိန် ၁၀.၄ စက္ကန့်နဲ့ ရောက်ရှိမှာလည်း ဖြစ်ပါတယ်။
ပြည်တွင်းဈေးကွက်ကို Brand New အနေနဲ့ ဈေးကွက်ဝင်မှု အားနည်းနေသေးမယ့် Versa Note ရဲ့ ၂၀၁၇ ခုနှစ်ထုတ် မော်ဒယ်က နိုင်ငံတကာ ဈေးကွက်မှာတော့ ဒေါ်လာ ၁၇၉၈၀ ကနေ အမြင့်ဆုံး မော်ဒယ်ခွဲဆိုရင် ၁၈၇၁၀ ဒေါ်လာဈေး ရှိမှာပါ။
ပြည်တွင်းမှာတော့ ၂၀၁၂-၁၃ ခုနှစ်ထုတ် Note တွေပဲ အများဆုံးတွေ့ရပြီး သီရိမင်္ဂလာ မော်တော်ယာဉ်ရောင်းဝယ်ရေး စခန်းဘက်မှာ အဝင်များကာ ဈေးနှုန်းက မော်ဒယ်ခွဲ အပေါ်ကို မူတည်ပြီးတော့ သိန်း ၁၆၀ ကနေ ၁၇၅ သိန်း အကြား ဈေးရှိနေတာလည်းဖြစ်ပါတယ်။