အွန်လိုင်း ဗိုင်းရပ်စ်တခုလို ပျံ့နှံ့လာနေတဲ့ Dab အကပုံစံဟာ မနေ့က မတ်လ ၅ ရက် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် ဂါရဝပြုပွဲအထိ ရောက်ရှိသွားခဲ့ပါတယ်။
ပြည်ခိုင်ဖြိုး အဖွဲ့ချုပ်ရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြတဲ့အနေနဲ့ လူပေါင်း ၃ ထောင်ကျော်က Dab အက ပုံစံနဲ့ သရုပ်ပြခဲ့တာလို့ သိရပါတယ်။
လက်တဖက်ကို ကောင်းကင်ဘက်သို့ ဆန့်တန်းပြီး ဦးခေါင်းကို အခြား လက်တဖက် ရှိရာနေရာသို့ ကိုင်းညွှတ်ထားတဲ့ ဒီ ကကွက်ဟာ ဖေ့စ်ဘုတ် အွန်လိုင်းထက်က ဓာတ်ပုံတော်တော်များများမှာ တွေ့မြင်နေကြရတာပါ။
လူမှုကွန်ရက် ဖေ့ဘွတ်မှာလည်း လူအများ စိတ်ဝင်စားနေကြတဲ့ Dab Myanmar ဆိုတဲ့ Fan Page တခုရှိပါတယ်။ အဲဒီ ထဲမှာ အဖြူအစိမ်း ကျောင်းဝတ်စုံ၊ ဆရာဝန်ဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ထားပြီး Dab အကပုံစံ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ တင်ထားပါတယ်။ ဒီဓာတ်ပုံတွေ ပျံ့နှံ့လာခဲ့ပြီး ဝေဖန် ပြောဆိုမှုတွေ ရှိခဲ့ပါသေးတယ်။
“ဒီ ပို့စ်က ဘယ်လိုပြောရမလဲ၊ Awesome ပေါ့နော်။ မိုက်တယ်လို့ပဲ မြင်တယ်။ ကိုယ်က တခုခုကို လုပ်လိုက်တယ်။ အဲ့ဒါကလည်း မရည်ရွယ်ဘဲနဲ့ အမိုက်စားဖြစ်သွားတယ်ဆို ဒီ ပို့စ်လေးလုပ်ပြီး အိုက်တင်ထုတ်လို့ ရတာပေါ့။ သဘောကျပါတယ်” လို့ Dab အကအပေါ် သူ့ရဲ့အမြင်ကို လူငယ်တဦးဖြစ်သူ မခိုင်ဇာသွယ်က ဧရာဝတီကို ပြောပါတယ်။
Dab Post လုပ်တဲ့ လူငယ်တွေအနေနဲ့တော့ တခုခုကို အမိုက်စားလုပ်မိသွားတယ်ဆိုရင် အဲဒီလို Post လုပ်ပြီး ဓာတ်ပုံရိုက်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို အများသူငါတွေကြား ခေတ်စားလာလို့ လူငယ်တွေအနေနဲ့ ခေတ်မှီအောင် လိုက်ရိုက်ကြပေမယ့် တချို့က ဒီ Dab ရဲ့ အဓိပ္ပါယ်ကို သေချာမသိကြပါဘူး။
ဒီ Dab ကကွက်ဟာ အတ္တလန်တာမှ Migos မှ ရက်ပ်ဂီတသမားများနှင့် Jose Guapo, Skippa Da Flippa, နှင့် PeeWee Longway အပါအဝင် ၎င်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အနုပညာရှင်တွေက စတင်ခဲ့တယ်လို့ ယူဆကြသလို ဆေးခြောက်မွှန်ပြီး နှာချေရာက စတယ်လို့ ပြောတာလည်း ရှိပါတယ်။
“ကျနော်သိတာတော့ အဲဒီပို့စ်က စာသင်တဲ့နေရာက စတာဗျ။ US ကျောင်းတခုမှာ ဆရာက ကျောင်းသားတွေကို Trigo သင်တဲ့နေရာမှာ လက်ဟန်လုပ်ပြီး ရှင်းပြသွားတဲ့ပုံပေါ့။ ဒါပေမယ့် တချို့ကလည်း အကက စတယ်လို့ ပြောကြတယ်။ Wikipedia မှာလည်း အဲဒီလိုပဲ ဖော်ပြထားတာ တွေ့တယ်။ ဘယ်ကနေပဲ စစ အပြင်မှာ လိုက်လုပ်နေကြတယ်။ အဲဒီလို လိုက်လုပ်နေကြတဲ့သူတွေရော စ ဖြစ်လာရခြင်းကို သိကြရဲ့လားပေါ့။ အဲ့ဒါလေးတော့ တွေးမိပါတယ်။ ကျနော် ကိုယ်တိုင်လည်း ခုထိ ဇဝေဇဝါ ဖြစ်နေသေးတယ်လေ။ ကျနော်ကတော့ ကြိုက်တယ်လည်းမဟုတ် မကြိုက်ဘူးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် များနေရင်တော့ ပေါတယ်လို့ မြင်မိတယ်” လို့ လူငယ်တဦးဖြစ်သူ မောင်ကောင်းထက်က သူ့အမြင်ကို ပြောပြပါတယ်။
ဒီ ကကွက်ပုံစံကို သူငယ်ချင်းတွေ အဖွဲ့လိုက်ရိုက်ကြသလို တယောက်ချင်း ရိုက်ကြတာမျိုးတွေလည်း တွေ့ရပါတယ်။ များသောအားဖြင့်တော့ ကျောင်းပြီးလို့ ဘွဲ့ယူကြတဲ့အခါမှာ ဘွဲ့ဝတ်စုံတွေနဲ့ အရိုက်များကြပါတယ်။ လွယ်လွယ် ပြောရ ရင်တော့ အောင်ပွဲခံတဲ့ သဘောပါပဲ။
အခုတော့ အပြင်လောကက လူငယ်တွေတင်မကဘဲ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေထိပါ ဒီရောဂါပိုး ကူးစက်လို့ သွားခဲ့ပါပြီ။