iGroup ကုမ္ပဏီလီမိတက်က ကြီးမှူး၍ Online Databases လှူဒါန်းပွဲနှင့် အွန်လိုင်းချိတ်ဆက် အသုံးပြုနည်း အခမဲ့ သင်တန်းကို ရန်ကုန်တက္ကသိုလ်၊ စိန်ရတု ခန်းမဆောင်၌ မတ် ၇ ရက်၊ မနက် ၁၀ နာရီမှ ညနေ ၄ နာအထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
iGroup ကုမ္ပဏီသည် ပညာရေး ဝန်ကြီးဌာန အောက်ရှိ အဆင့်မြင့်ပညာရေး တက္ကသိုလ်များသို့ ပညာရေး အထောက်အကူပြု စာအုပ်များ၊ နည်းပညာ စာအုပ်များ၊ စိုက်ပျိုးဆိုင်ရာနှင့် သုတေသန ဆိုရာ လိုအပ်သည့် စာအုပ် စာတမ်းများ လှူဒါန်းနေ သည့် ကုမ္ပဏီ ဖြစ်သည်။
Online Databases အသုံးပြု၍ လှူဒါန်းသည့် စာအုပ်စာတမ်းများမှာ နည်းပညာ၊ ပညာရေး၊ ဆေးပညာနှင့် စိုက်ပျိုးရေး ဆိုင်ရာ စာအုပ်စာတမ်းများ ပါဝင်ပြီး၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ သုတေသီများ၊ ကျောင်းသူကျောင်းသားများ အဆင်ပြေ လွယ်ကူစွာ ရယူလေ့နိုင်ရေး ရည်ရွယ်ကြောင်းနှင့် သင်တန်းကို အခမဲ့ ပို့ချပေးသွားမည် ဖြစ်ကြောင်း iGroup မှ တာဝန်ရှိသူ တဦးဖြစ်သူ ဦးဖုန်းဟိန်းခန့်က ရှင်းပြသည်။
“Online Databases လှူဒါန်းပွဲနဲ့ အသုံးပြုနည်း သင်တန်း လုပ်ခဲ့တာ မြန်မာနိုင်ငံမှာ ဒါ တတိယ အကြိမ်ပါ။ ပထမ အကြိမ်က ၂၀၁၆ ခုနှစ် မေ ၂၈ နဲ့ ၂၉ ရက်တွေမှာ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ ဇွန် ၁ နဲ့ ၂ ရက်တွေမှာလည်း မန္တလေးမြို့ရှိ မန္တလေးဆေးတက္ကသိုလ် အောင်ပင်လယ် ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
iGroup စာအုပ် အရောင်းမြှင့်တင်ရေး လုပ်ငန်းကိုလည်း ၁၉၈၃ ခုနှစ်က ထူထောင်ခဲ့ပြီး ပုံနှိပ် ထုတ်ဝေရေး၊ ဈေးကွက်နှင့် ဖြန့်ချိရေး လုပ်ငန်းများကို ထိုင်းနိုင်ငံ အပါဝင် နိုင်ငံအများအပြားတွင် ဆောင်ရွက်ပေးလျက် ရှိသည့် အပြင် အီလက်ထရောနစ် စာကြည့်တိုက်နှင့် အီလက်ထရောနစ် ဒေတာများ ဖြန့်ဖြူးပေးလျက်ရှိသည်။
iGroup ကို ဦးစီးဦးဆောင် ထူထောင်ခဲ့သူမှာ မြန်မာနိုင်ငံဖွား Mr. Pote Narittakurn Le ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက ထိုင်းနိုင်ငံမှာ စတင်ခဲ့ လုပ်ကိုင်ခဲ့ကြောင်း၊ ရည်ညွှန်းဒေတာဘေ့စ် ခေါ် သုတေသနပြု စာတမ်းများ၊ နည်းပညာဆိုင်ရာ ပညာရေးဆိုင်ရာ စာအုပ်စာတမ်းများကို တက္ကသိုလ် ၁၂ ခု၏ စာကြည့်တိုက်များသို့ နှစ်စဉ် လှူဒါန်းခဲ့ရာမှာ ၂ နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုး ရှိကြောင်း သိရသည်။
iGroup လီမိတက်သည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံပေါင်းစုံ ပါဝင်သည့် အဖွဲ့အစည်း ဖြစ်ပြီး အာရှပစိဖိတ်ဒေသနှင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ပြီး ဝန်ထမ်း ၁၀၀၀ ကျော်ဖြင့် လည်ပတ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။