Lifestyle

မှတ်ဉာဏ်တို အားကောင်းစေဖို့

Want create site? Find Free WordPress Themes and plugins.

ကျနော်တို့ ဦးနှောက်မှတ်ဉာဏ်အပိုင်းမှာ Short Term Memory (မှတ်ဉာဏ်တို)နဲ့ Long Term Memory (မှတ်ဉာဏ်ရှည်) ဆိုပြီး နှစ်ပိုင်းခွဲနိုင်တာ တွေ့နိုင်ပါတယ်။

ဒီနေရာမှာ လေ့လာစမ်းသပ်သူတွေရဲ့အဆိုအရ မှတ်ဉာဏ်တို စွမ်းရည်ဆိုတာ ခဏတာအချိန်တိုအတွင်းမှာ မှတ်သားစရာ တွေကို မှတ်သားထားနိုင်ခြင်းဖြစ်ပြီးအချိန်ကြာလာတာနဲ့အမျှ အဆိုပါ မှတ်ဉာဏ်တိုမှာ မှတ်သားထားသမျှဟာ ပြန်လည် မေ့ပျောက်သွားတာမျိုးပါ။ ဒါပေမယ့် မှတ်ဉာဏ်ရှည်ကတော့ အမြဲတမ်းမမေ့လျော့အောင် မှတ်သားထားနိုင်တာမျိုး ဖြစ်ပြီး မှတ်သားထားဖို့ရာလည်း လေ့ကျင့် မှတ်သားစွဲမြဲအောင် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

အခုတော့ ဆယ်တန်းစာမေးပွဲလည်း နီးလာတဲ့အချိန်နဲ့အတူ မှတ်ဉာဏ်တို စွမ်းရည် ဘယ်လို ကောင်းမွန်အောင်လုပ် ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။ ဒါပေမယ့် ဆယ်တန်းစာမေးပွဲဖြေဆိုမယ့် ကလေးတွေအပြင် မှတ်ဉာဏ်တိုစွမ်းရည်ကျဆင်းနေတဲ့၊ မေ့လျော့တတ်သူတွေ အတွက်လည်း အဆင်ပြေစေနိုင်မှာပါ။

အရင်ဆုံး မှတ်ဉာဏ်တိုအကြောင်းကို သဘောတရားနည်းနည်းလောက် ပြောပြချင်ပါတယ်။ မှတ်ဉာဏ်တိုဟူသည် ပမာဏအနည်းငယ်သောအချက်အလက်ကိုအချိန် ခဏတာပဲ မှတ်သားထားနိုင်ခြင်းကို ဆိုလိုပါတယ်။

မှတ်ဉာဏ်တိုမှာ မှတ်သားထားသမျှဟာ နောက်ထပ် အားစိုက်မှတ်သားမှု မရှိဘူးဆိုရင် အချိန်ခဏတာအတွင်းမှာ မေ့ လျော့သွားမှာ ဖြစ်ပြီး မှတ်ဉာဏ်ရှည် မှတ်သားမှုထဲကို မရောက်တော့ပါဘူး။ ဟုတ်ပါပြီ။ ဒါက မှတ်ဉာဏ်တိုရဲ့သဘော တရားပါ။

ဆက်ပြီးတော့ ဘာကြောင့် မှတ်ဉာဏ်တို မှတ်သားနိုင်မှု လျော့ကျ အားနည်းစေနိုင်တာလည်း ကြည့်ရအောင်ပါ။

မှတ်ဉာဏ်တိုအားနည်းမှု ဆိုတာ ဥပမာသင် ရုံးတက်ဖို့ အိမ်ကထွက်လာခဲ့တယ်၊ မနက်စာ စားတယ်၊ ပြီးတော့ သင့်ရဲ့ရုံး ခန်းသွားဖို့ ပြင်ဆင်ချိန် သင့် ရုံးခန်းသော့ ဘယ်မှာ ထားမိခဲ့တာလဲ မေ့လျော့သွားတာမျိုးပါ။

ဒီလိုမျိုးအခြေအနေကတော့ သင့်ရဲ့ မှတ်ဉာဏ်တိုစွမ်းရည် အထူးကျင်ဆင်းနေပြီဆိုတာသိသာနိုင်စေမယ့် ဥပမာပါ။ ပုံမှန် ထက် မှတ်ဉာဏ်တိုကျဆင်းမှုတွေကတော့ ချိန်းဆိုထားတာ မေ့လျော့တာမျိုးတွေ၊ ရုံးသွား၊ ဈေးသွားချိန်တွေ ယူဆောင်၊ ဝယ်ယူဖို့ မေ့ကျန်ခဲ့တာမျိုးတွေ ဖြစ်ပါတယ်။ အရင်ဆုံး မှတ်ဉာဏ်တိုစွမ်းရည် ကျဆင်းစေနိုင်တဲ့ အဓိကအချက်တွေကို ကြည့်ရအောင်ပါ။

အရက်အလွန်အကျွံသောက်သုံးမှုကြောင့်၊ ဦးနှောက် အမြှေးရောင်ရောဂါ အစပြုခြင်းကြောင့်၊ အစာအဆိပ်သင့်မှုကြောင့်၊ အာရုံကြောအားနည်းမှုကြောင့်၊ အာရုံကြောဆိုင်ရာဆက်စပ် ရောဂါတစ်ခုခုကြောင့်၊ အဝလွန်မှုကြောင့်၊ စိတ်ဖိစီးမှုများပြား ခြင်းကြောင့်၊ စိတ်ဓါတ်ကျခြင်းကြောင့်၊ မူးယစ်ဆေးစွဲလမ်းမှုကြောင့်၊ ဦးခေါင်းထိခိုက် ဒဏ်ရာများကြောင့်၊ AIDSရောဂါ ကူး စက်ခံရမှုကြောင့်၊ စိတ်ခံစားမှု များပြားခြင်းကြောင့်၊ အဖျားအနာမကင်းခြင်း(ချူချာခြင်း)ကြောင့်၊ အိပ်စက်ချိန် နည်းခြင်း ကြောင့်၊ ဆေးလိပ်သောက်သုံးခြင်းကြောင့်၊ ဆစ်ဖလစ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့်၊ ဗိုက်တာမင် B12ချို့ တဲ့ခြင်းကြောင့် မှတ်ဉာဏ်တိုစွမ်းရည် ကျဆင်းစေနိုင်ပါတယ်။

ဒီအချက်တွေနဲ့ မှတ်ဉာဏ်တိုစွမ်းရည်ကျဆင်းခြင်းဟာ တိုက်ရိုက်အနေနဲ့ရော သွယ်ဝိုက်အနေနဲ့ပါ ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။

ကောင်းပါပြီ၊ အထက်မှာပြောခဲ့တဲ့ မှတ်ဉာဏ်စွမ်းရည် ကျဆင်းစေတဲ့ အချက်တွေ သင့်မှာရှိနေပြီဆိုရင်တော့ ပြင်ဆင်ဖို့ လိုအပ်သလိုလက်ရှိကျဆင်းနေပြီ ဖြစ်တဲ့ မှတ်ဉာဏ်တိုစွမ်းရည်ကို ပြန်လည် မြင့်တက်လာအောင် လုပ်ဆောင်ဖို့အတွက် ရာ နည်းလမ်းတွေ ဆက်ပြောချင်ပါတယ်။

အလွယ်ဆုံးမှတ်ဉာဏ်တိုစွမ်းရည် ကျဆင်းမှုနဲ့ အတူ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုဖြေရှင်းတဲ့ နည်းလမ်း ကသင့်ရဲ့ လုပ်ဆောင်စရာမှန်သမျှကိုမှတ်စုရေးပြီးကိုယ်နဲ့ မကွာထားရှိ ကြည့်ရှု လုပ်ဆောင်တာအကောင်းဆုံးပါ၊ ဒါက လက်ရှိမှတ်ဉာဏ်တိုစွမ်းရည်ကျဆင်းမှု (မေ့လျော့ခြင်း)ကို ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် မှတ်ဉာဏ်တိုစွမ်းရည် ပြန်တက် လာအောင်တော့ မလုပ်ပေးနိုင်ပါဘူး။

မှတ်ဉာဏ်တို ပြန်ကောင်းလာဖို့ကိုတော့ ဦးနှောက်ပြန်ပြီး လေ့ကျင့်မှတ်သားပေးရမယ်၊ မှတ်သားနည်းစနစ်တွေ အကူညီ ရယူရမယ်၊ မှတ်သားနိုင်မှု အထောက်အကူပြု အကူပစ္စည်းတွေ သုံးရမှာပါ။ ဒီအချက် သုံးချက်ကို ပြန်ရှင်းပြရရင် အရင်ဆုံး ဦးနှောက်ကို ပြန်ပြီးအလေ့အကျင့် လုပ်ပေးရမှာပါ။

ပြေးနေကျ လူတယောက်ဟာ အကွာအဝေး တခုထိ ပြေးပြီးသည့်တိုင်အောင် မမောမပန်းရခြင်းက အလေ့အကျင့် ရှိနေ လို့ပါ။ အမောဒဏ်ကို ခံနိုင်နေတဲ့ သဘောပါ။ ဒီလိုပဲ သင့်ရဲ့ ဦးနှောက်ကိုလည်း ဒီအတိုင်းထားရင် စွမ်းရည် ကျဆင်းစေ တတ်ပါတယ်။ လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် အခုလို မှတ်ဉာဏ်တိုစွမ်းရည် ကျဆင်းနေပြီဆိုရင် ပိုပြီး လေ့ကျင့်ပေးရပါမယ်။ ဘယ်လို လေ့ကျင့်ရမှာပါလဲ၊ ခုလို မေးခွန်းလေးတွေ ဖြေမယ်၊ ပဟေဠိတွေ ဖြေဆိုမယ်၊ စာဖတ်မယ်၊ ပြန်တွေးမယ်၊ ပြန်ရေးမယ်၊ စကားလုံးအသစ်၊ ဘာ သာစကားသစ် တခုခုကို အနည်းနဲ့ အများလေ့လာနိုင်သလောက် လေ့လာမယ်ဆိုရင် သင့် ဦးနှောက်ကို လေ့ကျင့်ပေးနေ တာနဲ့ အတူတူပါပဲ။

နောက်ပြီး ဦးနှောက်လန်းဆန်းစေမယ့် အဓိကအချက် ဖြစ်တဲ့ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းအောင်လည်း အပြေးလေ့ကျင့်မှု၊ လမ်းလျှောက်မှု၊ အားကစားတခုခုအမြဲလုပ်ဆောင်မှု စတဲ့ ကိုယ်ခန္ဓာ လေ့ကျင့်ခန်းတခုခုအမြဲလုပ်ပေးပါ။ Lumosity လို Online ကနေ လေ့လာကစားနိုင်တဲ့ Game မျိုးကို ကစားပါ၊ ဒါဟာသင့်ရဲ့ ဦးနှောက်ကို လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။

ဒုတိယတချက် မှတ်ဉာဏ်တိုစွမ်းရည် တိုးတက်စေနိုင်မယ့် မှတ်သားနည်းစနစ် အကူအညီတွေ ရယူပါမယ်။  ဆိုလိုရင်းက မှတ်သားပုံတွေ ဖြစ်ပါတယ်။ အဓိကအနေနဲ့ နှစ်ချက်ပဲရှိပါတယ်။ ပထမတချက်က ခွဲခြားမှတ်သားနည်းပါ။

ဥပမာဖုန်းနံပါတ် တခု 091093427983 ကို မှတ်သားတဲ့ နေရာမှာ တဆက်တည်းမမှတ်ပါနဲ့၊ အကောင်းဆုံးမှတ်သားနည်း က သုံးလုံး တဖြတ် မှတ်နည်းပါ။ 091-093-427-983 ဆိုပြီး မှတ်သားနိုင်ပါတယ်။ တကယ်လို့ နောက်ဆုံးတဖြတ်မှာ စာ လုံး၊ ဂဏန်း သုံးလုံးထက် ပိုနေရင်လည်း တဆက်တည်းမှတ်သားပါ၊ ဥပမာ 091-093-427-9835 ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကခွဲခြား မှတ်သားနည်းပါ။

နောက်တချက်က နည်းပညာပစ္စည်းအကူအညီနဲ့ သတိပေးစေတဲ့ အချက်ပါ။ အရင်ကဆိုရင် ကျနော်တို့မှာ နှိုးစက်နာရီ လောက်ပဲရှိခဲ့ပါတယ်။ အခုတော့ Smartphone တွေမှာ ကိုယ့်ရဲ့ နေ့စဉ် လုပ်ဆောင်စရာတွေကို အချက်ပေး စေနိုင်ပါပြီ။

အချိန်တိုင်း၊ နာရီတိုင်းသင့် အနီးမှာ ဖုန်းရှိနေရုံနဲ့ လုပ်ဆောင်စရာတွေကို မှတ်သားထားပြီး အချက်ပေးနေပါလိမ့်မယ်။ အ ချိန်ကြာလာရင် သူ့ အလိုလို ကျင့်သားရသလို မှတ်ဉာဏ်တိုစွမ်းရည်လည်း ပိုမိုကောင်းမွန်လာနိုင်တာ တွေ့ရပါတယ်။

ကျနော်တို့ နောက်ဆုံးမှတ်ဉာဏ်တိုစွမ်းရည် ပြန်လည် ကောင်းမွန်စေနိုင်ဖို့ အတွက် ရယူအသုံးပြုရမယ့် ကျန်းမာရေးဆိုင် ရာအထောက်အကူပစ္စည်းတွေကို ကြည့်ရအောင်ပါ။

တခါတလေမှာ သင့်ရဲ့အစာစားသုံးမှု ပုံစံမှားယွင်းမှုက သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည် ကျဆင်းစေတတ်ပါတယ်။ ဆေးပညာ ရှင်တွေကတော့ အစားအစာ အများအပြားစားသုံးခြင်းထက် လိုအပ်တဲ့ ဗိုက်တာမင် ဟန်ချက်ညီအောင် စားသုံးခြင်းက ပိုမိုကောင်းမွန်တယ်လို့ ဆိုကြပါတယ်။

အကြောင်းကတော့ ခန္ဓာကိုယ် လည်ပတ်သွားလာနိုင်ဖို့အတွက်တင် မဟုတ်ဘဲ ဦးနှောက်ပုံမှန် အလုပ်လုပ်ဖို့ အတွက်ပါ ဗိုက်တာမင်လိုအပ်တာကြောင့် ဖြစ်ပါတယ်။

နောက်ဆုံးတွေ့ရှိထားတဲ့ လေ့လာစမ်းသပ်ချက်တွေအရ ဦးနှောက်ရဲ့မှတ်ဉာဏ်အတွက် အဓိကလိုအပ်တဲ့ ဗိုက်တာမင်တွေက တော့ ဗိုက်တာမင် B, C, E နဲ့ Omega-3 fatty acids တွေပဲ ဖြစ်ပါတယ်။

အဆိုပါ ဗိုက်တာမင်ဓာတ် ပါရှိတဲ့ ဆေး၊ အစားအစာတွေကို ဦးနှောက် မှတ်ဉာဏ်စွမ်းရည် ကောင်းမွန်ဖို့ လုံလောက်အောင် စားသုံးပေးသင့်တာ ဖြစ်ပါတယ်။

Ref: www.improve-memory-skills.com

Did you find apk for android? You can find new Free Android Games and apps.
Loading