နှစ်စဉ် မတ်လ ၈ ရက်နေ့တိုင်း ကမ္ဘာတဝှမ်း ကျင်းပလေ့ ရှိတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ (International Women’s Day) မှာ အမျိုးသမီးထု တရပ်လုံးကို တွန်းအားပေး စိတ်ဓာတ်မြှင့်တင်ဖို့ လှုံ့ဆော်လိုက်တဲ့ ဆောင်ပုဒ်က Be Bold for Change (အပြောင်းအလဲ အတွက် ရဲရင့်ပါ) ဖြစ်ပါတယ်။
ကမ္ဘာ့ဒေသအမျိုးမျိုးက လူမျိုးမရွေး ဘာသာမရွေး အသားအရောင်မရွေး အမျိုးသမီး တွေဟာ အဲဒီ ဆောင်ပုဒ်နဲ့ အညီ မိမိတို့ ရပ်ရွာ ဒေသ နိုင်ငံမှာ ဖြတ်သန်းကြုံတွေ့နေရတဲ့ လူမှုရေး စီးပွားရေး နိုင်ငံရေးတွေနဲ့ ဆက်စပ်ပြီး အပြောင်းအလဲ အတွက် ရဲရဲရင့်ရင့် လုပ်ဆောင်ကြဖို့ တိုက်တွန်းထားတာပါ။ မြန်မာ အမျိုးသမီး အနေနဲ့ ဘာတွေ ရဲရင့်ကြရမှာလဲ။ မြန်မာနိုင်ငံ အမျိုးသမီးထု အနေနဲ့ ဘာတွေ ရဲရင့်ကြရမှာလဲ ဆိုတာ တင်ပြပေးချင်ပါတယ်။
ခေတ်အဆက်ဆက် အမျိုးသမီးတွေကို ဒုတိယ အဆင့် သို့မဟုတ် အမျိုးသားတွေထက် တဆင့်နိမ့်တယ်လို့ အသတ်မှတ် ခံထားရတာတွေ၊ တနည်းအားဖြင့် အမျိုးသားတွေက ပိုပြီး ကြီးကျယ် မြင့်မြတ်တယ် ဆိုတဲ့ ယုံမှတ်မှား နေတာတွေ ရှိနေပါတယ်။ တကယ်တမ်း ပြောရရင် မြင့်မြတ်တယ်၊ မမြင့်မြတ်ဘူး ဆိုတာ လိင်ကွဲပြားမှုနဲ့ မပတ်သက်ပါ။ အမျိုးသမီး ဖြစ်ဖြစ် အမျိုးသား ဖြစ်ဖြစ် မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ မြင့်မြတ်တဲ့ အလုပ်ကို လုပ်ဆောင်မှသာ မြင့်မြတ်သူ ဖြစ်မှာပါ။
အမျိုးသားတဦး ဖြစ်နေပေမယ့် သူ့နိုင်ငံ သူ့လူမျိုးအတွက် အမျိုးသမီးတဦးလောက် စွန့်လွှတ်အနစ်နာလည်းမခံ၊ ဘာကောင်းကျိုးမှ ရည်ရွယ် လုပ်ဆောင်မှုလည်း မရှိဘူး ဆိုရင် အမျိုးသမီးက ပိုပြီး မြင့်မြတ်တယ် ဆိုတာ လူတိုင်း သိရှိနိုင်ပါတယ်။ ဒါကြောင့် ကျား-မ လိင်သဘာဝက လူတွေကို မြင့်မြတ်စေတာ မဟုတ်ဘူးဆိုတာ အသေအချာပါ။
ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်နဲ့ လက်ရှိအာဏာရလာတဲ့ NLD အရပ်သား ပြည်သူ့အစိုးရ တာဝန်ယူ ဦးဆောင်လာတာ သက်တမ်း ၁ နှစ် မပြည့်တပြည့် ကာလ အတွင်း အစိုးရရဲ့ အပြောင်းအလဲ အတွက် ဦးတည် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ရဲရဲရင့်ရင့် ပါဝင်ကြဖို့ IWD ရဲ့ ၂၀၁၇ ခုနှစ်အတွက် လှုံ့ဆော် ဆောင်ပုဒ်နဲ့ ပတ်သက်ပြီး တင်ပြပါမယ်။
ဘက်လိုက်ခြင်း၊ မညီမျှခြင်း တွေကို ရဲရဲရင့်ရင့် ဆန့်ကျင်ပါ
အမျိုးသားတွေသာ ဦးစီးဦးဆောင်ပြုဖို့ ပုံဖော်ထားတာတွေကို မေးခွန်းထုတ်ပါ၊ သမားရိုးကျ ပုံစံခွက် ဖြတ်သန်းမှုကနေ ဖောက်ထွက်ပါ၊ အမျိုးသမီးတွေကို အရာမသွင်းတာမျိုးတွေမှာ အမျိုးသမီး အခွင့်အရေး တောင်းဆိုပါ၊ နေရာတိုင်းမှာ ရှိနေတတ်တဲ့ ကျား-မ ခွဲခြား ဆက်ဆံခံနေရမှုကို စောင့်ကြည့်ပါ၊ မှတ်တမ်းပြုပါ၊ အဆင့်ဆင့် တောင်းဆို တင်ပြပါ။ မတရားမှု အားလုံးကို ဆန့်ကျင်ပါ။
အကြမ်းဖက်မှု ကို ဆန့်ကျင်ပါ
ငယ်ရွယ်သူတွေကို ငြိမ်းချမ်းစွာ အတူတကွ ပူးပေါင်းနေထိုင်ခြင်းရဲ့ အပြုသဘော အမြင်တွေရှိအောင် သင်ကြားပေးပါ၊ တဖက်သတ် အမြင်နဲ့ တဖက်သတ် နှိမ်ချပြောဆို လုပ်ဆောင်မှုတွေကို ဆန့်ကျင်ပါ၊ အိမ်တွင်း မိသားစု အကြမ်းဖက်မှု မှ ဒေသတွင်း၊ နိုင်ငံတွင်း လူမျိုးရေး ဘာသာရေးနဲ့ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စတဲ့ အကြမ်းဖက်မှုအားလုံးကို ဆန့်ကျင်ပါ၊ အကြမ်းဖက် ခံရသူများရဲ့ ခံစားရမှုကို ဖော်ထုတ် မြှင့်တင်ပါ။
မမျှတတဲ့ ဥပဒေတွေဖျက်သိမ်းဖို့၊ အသက်မဝင်သေးတဲ့ ဥပဒေတွေ အသက်ဝင်ဖို့နဲ့ အများပြည်သူ အတွက် အမှန်တကယ် လိုအပ်ပြီး ရေရှည်မှာ အကျိုးရှိစေမယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့လည်း ထုတ်ဖော် ပြောဆိုပါ။
နိုင်ငံတခု ဖွံ့ဖြိုးဖို့ အမျိုးသားတွေချည့် လုပ်ဆောင်လို့ မဖြစ်နိုင်သလို၊ အမျိုးသမီးတွေချည်းလည်း မဖြစ်နိုင်ပါ။ ထို့အတူ လူမျိုးစု တစုတည်း လုပ်ဆောင်လို့ မရဘဲ တိုင်းရင်းသား အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လည်း လိုပါတယ်။
နိုင်ငံကို လျင်လျင်မြန်မြန် ပြောင်းလဲတိုးတက်စေဖို့ အတွက် မြန်မာ အမျိုးသမီးထု အနေနဲ့ အမျိုးသားတွေနဲ့ တန်းတူ ရင်ပေါင်တန်း ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ပါဝင်ဆောင်ရွက်ရာမှာ တဖက်သတ် နှိမ်ချဆက်ဆံ ခံရတာတွေ၊ အမျိုးသမီး အခွင့်အရေး အချိုးဖောက် ခံရတာတွေ၊ တရားမျှတမှု မရှိတဲ့ လုပ်ဆောင်မှုနဲ့ ဥပဒေတွေကို ဆန့်ကျင်လှုပ်ရှားဖို့ အမျိုးသမီးတွေ ရဲရင့်သတ္တိ ရှိကြဖို့ လိုနေပါပြီ။ ။