ဘီယာပုလင်းကို လက်တဖက်က ကိုင်ရင်း ဆောင့်ကြောင့်ထိုင် ထိုင်နေကြတဲ့ ယောဂကျင့်သူတွေဟာ ထိုင်းရင်း ခြေဖျားထောက်လိုက်၊ မတ်တတ်ရပ်လိုက်၊ မတ်တပ်ရပ်ရင်း ခြေဖျားထောက်လိုက်၊ ဦးခေါင်းပေါ်မှာ ဘီယာပုလင်းကို တင်လိုက်၊ ဒါမှမဟုတ် ကွေးထားတဲ့ ဒူးခေါင်းပေါ် ဘီယာပုလင်းကို တင်လိုက်၊ တခါတခါ ဘီယာနည်းနည်း စုပ်ယူသောက်လိုက်နဲ့ ဘီယာယောဂ လေ့ကျင့်ခန်းတွေ လေ့ကျင့်နေပါတယ်။
“ဘီယာယောဂ ကျင့်စဉ်က ပျော်ရွှင်စရာပါ။ ရယ်စရာ မဟုတ်ပါဘူး။ ယောဂလေ့ကျင့်မှု ဆိုင်ရာ အတွေးအခေါ်နဲ့ ဘီယာသောက်ခြင်းကို ပေါင်းစပ်ပြီး သင့်ရဲ့ ခန္ဓာကိုယ်၊ ဦးနှောက်၊ အသိဉာဏ်တွေကို လှုပ်ရှားမှုနဲ့ ထိန်းညှိ၊ ညီညွတ်မျှတမှုတွေ အခြေခံပြီး လေ့ကျင့်ရတာပါ” လို့ Bieryoga ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဘီယာနဲ့ ယောဂကျင့်စဉ် ပေါင်းစပ်ထားတဲ့ အဲဒီ Bieryoga ရဲ့ အစက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဘာလင်မှာ စတင်ခဲ့တာပါ။ ယောဂကျင့်တာကို ဝါသနာပါပြီး ဘီယာကိုလည်း နှစ်သက်ကြတဲ့ ယောဂဆရာ ၂ ဦးဖြစ်တဲ့ Emily နဲ့ Jhula တို့က စတင်ခဲ့တာပါ။
သြစတြေးလျ၊ အမေရိကန် အပါအဝင် ကမ္ဘာတဝှမ်းက နိုင်ငံတွေမှာ လူသိများလာနေတဲ့ ဘီယာသောက်ရင်း ယောဂကျင့်တဲ့ လေ့ကျင့်ခန်းကို နမူနာကြည့်ချင်ရင်တော့ ဖေ့စ်ဘုတ်မှာ Bieryoga လို့ ရှာကြည့်လိုက်ပါ။ အုပ်စုလိုက်ရော တဦးတည်းရော လေ့ကျင့်သောက်သုံးနေပုံတွေ တွေ့ရမှာပါ။
ဒီ Bieryoga ကျင့်စဉ်ကို သင်ကြားလေ့ကျင့်ပေမယ့် အစီအစဉ် တခုလည်း ထိုင်းနိုင်ငံ ဘန်ကောက်က Soi Naradhiwas Rajanagarindra Road 4 မှာ ရှိတဲ့ Ommo စတူဒီယိုကိုလည်း ရောက်ရှိလာပါပြီ။ မတ်လ ၂၅ ရက်နေ့ ညနေ ၇ နာရီ၊ Ommo စတင်မယ့် ဘီယာယောဂ လေ့ကျင့်ခန်းကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ဖို့ အွန်လိုင်းကနေ ဖိတ်ခေါ်ထားပါတယ်။ ပုံမှန် သင်တန်း အတွက် ဘတ် ၆၅၀ ဖြစ်ပြီး၊ မတ် ၂၁ ရက်နေ့ မတိုင်မီ အမည်စာရင်း ပေးထားသူတွေကို ဘီယာယောဂ သင်တန်းအတွက် ထိုင်းဘတ် ၄၅၀ အထိ လျှော့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဘီယာပုလင်းတွေ သောက်ရမယ့် အဲဒီ သင်တန်းကို တက်ဖို့ ယောဂကျင့်တဲ့ အတွေ့အကြုံရှိဖို့ မလိုဘူးလို့လည်း ပြောပြထားပါတယ်။
ကဲ – မိတ်ဆွေ…၊ သင့်ကျန်းမာရေး အတွက် ဘီယာ သောက်မလား၊ ယောဂကျင့်မလား။ နှစ်ခုစလုံး လုပ်မယ် ဆိုရင်တော့ Bieryoga (ဘီယာယောဂ) ကျင့်ကြစို့။ ။
ရည်ညွှန်း – khaosodenglish.com