တေးရေးဆရာ လူမောင် (ဆေး- ၁) စီစဉ်တဲ့ “သိမ်းငှက်ဂီတည” ဂီတ ဖျော်ဖြေပွဲကို မတ်လ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော် ဂီတလောကကနေ နားနေတာ ၁၅ နှစ်လောက်ရှိသွားပါပြီ။ ဒီပွဲကို ဖန်တီးခွင့်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ မတ်လဆိုတာကတော့ ကျနော်တို့နိုင်ငံမှာ စာမေးပွဲကာလပေါ့နော်။ စာမေးပွဲအပြီးမှာ မိဘပြည်သူတွေ ကျောင်းသားကျောင်းသူတွေကို ဖျော်ဖြေမှုလေးတခု ဖြစ်ချင်တဲ့အတွက်ပါ” လို့ တေးရေးဆရာ လူမောင် (ဆေး-၁) က ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲတွင် Rဇာနည်၊ ဖြိုးပြည့်စုံ၊ စောလားထော်ဝါး၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဝိုင်းလေးတို့က ပါဝင် သီဆိုဖျော်ဖြေကြမှာဖြစ်ပြီး တီးဝိုင်းကတော့ Evening Star အဖွဲ့လို့ သိရပါတယ်။ ဒါ့အပြင် Uranium Dancer Group ကလည်း အကများဖြင့် ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။
ဒီပွဲမှာပါဝင်ဖျော်ဖြေမယ့် တေးသံရှင်ဝိုင်းလေးက “ဒီ ပွဲလေးမှာဖျော်ဖြေရမှာကို အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကိုယ့်ရဲ့စီနီယာ အဆိုတော်အစ်ကိုတွေအစ်မတွေနဲ့ သီဆိုရမှာဆိုတော့ ဒီ ပွဲလေးအတွက် ဝိုင်းလေးအများကြီး ပြင်ဆင်ထားပါတယ်။ သီချင်းပိုင်းဆိုင်ရာရော Performance ရောပေါ့” လို့ ဆိုပါတယ်။
“သိမ်းငှက်ဂီတည”ဖျော်ဖြေပွဲရဲ့ လက်မှတ်တစောင်ကို ၅ ထောင်ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။