Lifestyle

ရုပ်သံဇာတ်ဝင်တေး ဖန်တီးနေတယ်ဆိုတဲ့ အဆိုတော် ဝိုင်းလေး

၂၀၁၄ ခုနှစ် Miss World Myanmar တယောက်လည်းဖြစ် အဆိုတော်လည်းဖြစ်တဲ့ ဝိုင်းလေးက “ဆုံဆည်းခြင်းမိုးတိမ်” ဆိုတဲ့ ရုပ်သံဇာတ်ဝင်တေး တပုဒ်ကို ဖန်တီးရေးသားနေတယ်လို့ ဧရာဝတီကိုပြောပါတယ်။

“သီချင်းရေးဖြစ်တာဆိုရင် မေမြတ်နိုးအတွက်ရေးဖြစ်တယ်။ နောက်ပြီး MRTV-4 က ရုပ်သံဇာတ်လမ်း ဆုံဆည်းခြင်းမိုးတိမ်ဆိုတဲ့ ဇာတ်ဝင်တေးတပုဒ် ရေးပေးထားပါတယ်။ ပထမဆုံးအတွေ့အကြုံ ဖြစ်တဲ့အတွက် ပရိုဂျူဆာကလည်း ယုံယုံကြည်ကြည်နဲ့အပ်တယ်။ ထိုင်းအဖွဲ့ကလည်း သူတို့လိုချင်တဲ့ပုံစံကို ပြောပြတယ်။ မင်းသမီးရဲ့နေရာက ခံစားချက်ကိုရေးရတယ်။ ခက်ခက်ခဲခဲ စိစစ်ပြီးတော့မှ ရေးဖြစ်သွားတာပါ” လို့ ဝိုင်းလေးက ပြောပါတယ်။

သီချင်းရေးတဲ့အခါမှာ ကိုယ်ပိုင်ခံစားချက်နဲ့ လွတ်လွတ်လပ်လပ်ရေးရတာကို နှစ်သက်ပြီး ခေါင်းစဉ်တခုအောက်မှာ ရေးရတာကို သဘောမကျဘူးလို့လည်း ပြောပါတယ်။

ဝိုင်းလေးက အလှမယ်တယောက်အနေနဲ့ အနုပညာလုပ်ငန်းတွေလုပ်နေသလို အဆိုပိုင်းကိုလည်း သေချာလုပ်ဆောင်ဖြစ်နေပြီး သူ့ရဲ့ပထမဆုံး တကိုယ်တော်အခွေဖြစ်တဲ့ Selfie ဆိုတဲ့ တေးစီးရီးထွက်ရှိထားကာ ဒုတိယအခွေကိုလည်း ဖန်တီးနေပြီလို့ သိရပါတယ်။

အဲဒီ တေးစီးရီးထဲက ဝိုင်းလေးကိုယ်တိုင် ရေးသားထားတဲ့ “လက်ခံပြီးသား” ဆိုတဲ့ တေးသီချင်းဟာ ပရိသတ်တော်တော်များများရဲ့ ကြိုက်နှစ်သက်မှု ရရှိခဲ့ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ဝိုင်းလေးက “သရုပ်ဆောင်ဘက်ကိုတော့ သွားဖို့မရှိပါဘူး။ ကိုယ်ရူးသွပ်တာက ဂီတဆိုတော့ အနုပညာနဲ့ပတ်သက်ရင် ဂီတကိုလုပ်ဖြစ်တယ်။ သရုပ်ဆောင်လုပ်ဖြစ်ရင်လည်း Music Video မှာ သရုပ်ဆောင်ဖြစ်မယ်။ ဂီတနဲ့ပတ်သက်နေတဲ့အတွက် သရုပ်ဆောင်ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

Loading