Lifestyle

လွတ်လပ်ခွင့်နဲ့ သူ၏တန်ဖိုး

လွတ်လပ်မှုဆိုတဲ့ လူအပြောအများဆုံးစကားလုံးတလုံးကို မကြာခဏလည်း တွေ့နေကြားနေရပါတယ်။ ဒါ ပေမယ့်လည်း အဲဒီလွတ်လပ်မှုဆိုတဲ့စကားနောက်မှာ ဘယ်လို လွတ်လပ်တာလဲ၊ ဘယ်လောက် လွတ်လပ်တာလဲဆိုတဲ့ မေး ခွန်းသဘောမျိုးတွေ မေးလာနိုင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃မှာတော့ “လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်ခွင့်နှင့် လုံခြုံ စိတ်ချခွင့် ရှိသည်”လို့ လူတယောက်ရဲ့လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့အမြင်ကို အတိအလင်း ထည့်သွင်းပြဌာန်းထားပါတယ်။

ယခုစာအုပ်ရေးသားသူ ဆောင်းဝေ(နတ်မောက်) ရဲ့စာအုပ်မျက်နှာဖုံးခေါင်းစီးအဖြစ် တပ်ထားတဲ့စကားလုံးက လွတ်လပ်မှု တန်ဖိုးဖြစ်ပါတယ်။ မလွတ်လပ်မှ လွတ်လပ်မှုတန်ဖိုးဆိုတဲ့စကားတခွန်းကိုလည်း ကြားဖူးထားတော့ လွတ်လပ်မှုမှာလည်း တန်ဖိုးအနဂထိုက်တဲ့သဘောဖြစ်ပါတယ်။

စာအုပ်မှာ ဆောင်းပါး၂၁ ပုဒ်ပါဝင်ပြီး နေ့စဉ်ထုတ်သတင်းစာကြီးမှာ ရေးသားခဲ့တဲ့ဆောင်းပါးများဖြစ်ပါတယ်။ အိပ်မက်များ၊ လွတ်လပ်ခွင့်တန်ဖိုး၊ သန့်ရှင်းသောလေ၊ အပြုအမူကောင်းကို သင်ယူခြင်း၊ မိတ်ဆွေများ၏ တန်ဖိုး၊ အကောင်းမြင်စိတ်၊ စိမ်းလန်းသော အနာဂတ်ကမ္ဘာ၊ စကားလုံးတန်ဖိုးများနဲ့ မနက်ဖြန်၊ ဒုက္ခများနှင့်နေထိုင်ခြင်း၊ မေတ္တတရား၊ ပတ်ဝန်းကျင်ကို အလေးထားခြင်း၊ နေရာ၊ ဆင်းရဲခြင်း၏နောက်ကွယ်၊ အတွေးများ၊ အချိန်ကို အသုံးချခြင်း၊ သည်းခံခြင်း၊ လမ်းလျှောက် ခြင်း၊ အတတ်ပညာအရင်းအနှီး၊ သတင်းများ၊ အိမ်၊ အရှက်နှင့် အကြောက်တို့ပဲဖြစ်ပါတယ်။

ဆောင်းပါး ၂၁ပုဒ်လုံးက ဆောင်းပါးလို့အမည်တပ်ထားသော်ငြား ကဗျာအရိပ်အငွေ့တွေစွက်နေတဲ့ အက်ဆေးများလို့ဆိုချင် ပါတယ်။

“လူမျိုး၊ ဘာသာမရွေး၊ နိုင်ငံမရွေး မည်သူမဆို အိပ်မက်ကိုယ်စီ မက်ခွင့်ရှိပါသည်။ ဘဝမှာ မည်သူမဆို ဖြစ်ချင်လိုသော ဆန္ဒကိုယ်စီ ရှိနေကြမည်ထင်ပါသည်။ မာတင်လူသာကင်းကတော့ ‘ကျွန်တော်မှာ အိပ်မက်တစ်ခုရှိတယ်’ ဟု ပြောသွား ခဲ့ပါသည်။ လူသားအားလုံးအတွက် ကိုယ်ပိုင်အိပ်မက် မက်ခွင့်ရှိရာ ကျွန်တော်မှာလည်း အိပ်မက်တစ် ခုရှိပါသည်”လို့ အဖွင့်ဆောင်းပါးဖြစ်တဲ့ အိပ်မက်များဆိုတဲ့ အပုဒ်မှာ ခုလိုဖတ်ရပါတယ်။

ဒုက္ခများနဲ့နေထိုင်ခြင်းဆိုတဲ့အပုဒ်မှာ စာရေးသူရဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမြင်တခုကိုလည်း တွေ့ရပါတယ်။ “ယနေ့ ခေတ်မှာ ဒီမိုကရေစီခေတ်ဟု ပြောနေကြသော်လည်း ခေတ်နှင့်လိုက်လျောညီထွေဖြစ်သော ဆင်းရဲဒုက္ခများကိုလည်း အလိုက် သင့် ခံစားနေကြရသည်သာ ဖြစ်ပါသည်။ ဆင်းရဲဒုက္ခဆိုသည်မှာ လူတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ခံနိုင် ရည်နှင့်ကြံ့ခိုင်မှုကို စမ်းသပ်သောအရာဖြစ်မည်ဟု ထင်ပါသည်”လို့ပါရှိပါတယ်။

အဲဒီဆောင်းပါးမှာပဲ ဘုရင်တပါးနဲ့ လင်းယုန်ငှက်နှစ်ကောင်ပုံပြင်မှာ ဘုရင်ကြီးဟာ သူ့လင်းယုန်ငှက်တကောင် မပျံသန်းလို့ ပျံသန်းနိုင်အောင် ပြုလုပ်ပေးနိုင်သူကို ဆုချမည်လို့ လူသိရှင်ကြား ကြေငြာအပြီး ရှေ့လူတွေက မပျံတဲ့လင်းယုန်ငှက်ကို ပျံဖို့ မလုပ်ဆောင်နိုင်ပေ။ ထိုစဉ် လူတယောက်ရောက်လာပြီး သူလုပ်ပေးနိုင်ကြောင်းပြောပြီး လင်းယုန်ငှက်ကို ပျံသန်းနိုင် အောင် လုပ်ပေးလိုက်နိုင်ပါတယ်။ ထိုသူပြောတဲ့စကားက “ကျွန်တော် ဘာမှမလုပ်ပါဘူး။ သူနားနေတဲ့ သစ်ကိုင်းကို အားနဲ့ခုတ်ချ လိုက်တာပါ။ သတ္တဝါတွေက ကိုယ့်ဒုက္ခကြုံတဲ့အခါ ကိုယ့်လွတ်မြောက်ရာကို ရှာကြတာ သဘာဝပါပဲတဲ့”။

မေတ္တတရားဆိုတဲ့ဆောင်းပါးမှာ ဓမ္မဆန်ဆန်အတွေးအခေါ်မျိုးကိုလည်း အခုလို ဖတ်ရပါတယ်။

“မေတ္တာတရား ခေါင်းပါး လာတဲ့အခါ တစ်ယောက်နှင့် တစ်ယောက်အကောင်းမမြင်တော့ဘဲ အဆိုးမြင်၊အပြစ်မြင်ကာ အချင်းချင်းယုံကြည်မှုမဲ့ကြ လာပါသည်။ခိုက်ရန်ဖြစ်ပွားမှု၊မညီညွတ်မှုကွဲပြားမှုတွေအထိပင် ဖြစ်လာနိုင်ပါသည်။ တစ် ယောက်နှင့်တစ်ယောက်ကြားက ခိုင်မြဲသော ဆက်ဆံရေးကို မေတ္တာတရားနှင့်ကြားခံကာ ဆက်ဆံရမည်ထင်ပါသည်”။

“ပညာများ မည်မျှပင် တတ်မြောက်ထားသည်ဖြစ်စေ မေတ္တာတရားမရှိလျှင် ထိုပညာသည် လူ့အဖွဲ့အစည်းကို ဆိုးကျိုး ပင် ပေးနိုင်ပါသေးသည်။ ဦးနှောက်စွမ်းရည်ကို တိုးတက်အောင်လုပ်သလို နှလုံးသားစွမ်းရည်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်ပါသည်”။ စဉ်းစားချိန်ညှိစရာကောင်းသော အက်ဆေးများလို့ပင်ဆိုချင်ပါတယ်။

ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး ဗုဒဘာသာစာပေများလာ တတိယသင်္ဂါယနာတင် အသောကမင်းလက်ထက် နိဂြောဓသာမ ဏေကို သင့်တော်သောနေရာတွင် ထိုင်ခိုင်းမှုနဲ့ ပတ်သက်ပြီး နန်းတော်တခုလုံး ၎င်းနဲ့သင့်တော်တဲ့နေရာဆိုလို့ ဘုရင် ထိုင် လေ့ရှိသော ရွှေပလ္လင်သာဖြစ်သည်ဆိုကာ ထိုင်လိုက်ပုံကို သာမဏေ အပေါ် စာရေးသူအမြင်နဲ့ ချီးကျူးရေးသားထားပါ တယ်။

“နေရာတစ်ခုမှာ လူတစ်ယောက်ထိုင်ဖို့အတွက် နေရာလွတ်နေလျှင်ထိုင်ချလိုက်ဖို့သာ ရှိပါသည်။ ဒါပေမယ့် ထိုသာမဏေ ငယ်သည် နန်းတော်ထဲမှာ နေရာလွတ်များစွာ ရှိသော်လည်း မထိုင်ခဲ့ပါ။ ကိုယ့်ရဲ့ဂုဏ်သိက္ခာတန်ဖိုးနှင့် ညီမျှသော နေရာ တွင်သာ ထိုင်ခဲ့ပါသည်။ နေရာဆိုသည်မှာ ဂုဏ်သိက္ခာနှင့်လည်း ဆက်စပ်နေနိုင်သည် ဟု ယူဆမိပါသည်”လို့ ရေးသား ထားပါတယ်။

ယနေ့လူအဖွဲ့အစည်း၊ လူ့ယဉ်ကျေးမှုများနှင့် ပတ်သက်ပြီးလည်း အရှက်နှင့်အကြောက် ဆောင်းပါးမှာ “အရှက်နှင့်အ ကြောက်ဆိုသော ဝေါဟာရမှာ အဓိပ္ပာယ်တူသယောင် ရှိသော်လည်း အလုံးစုံမတူညီဟုထင်ပါသည်။ ကျမ်းဂန်စာပေများ တွင် အရှက်ကို ပါဠိဘာသာဖြင့် ဟီရိဟု ဖော်ပြပြီး အကြောက်တရားကို သြတ္တပ္ပဟုတွေ့ရပါသည်။ အရှက်ဆိုသည်မှာ မ ကောင်းမှုပြုလုပ်ရမှာ ရှက်ရမှာဖြစ်ပြီး အကြောက်ဆိုသည်မှာလည်း မကောင်းမှုပြုလုပ်ရမှာ ကြောက်သလို ထိုမကောင်းမှု ရဲ့ရရှိလာမည့် အကျိုးတရားကို ကြောက်ခြင်းမျိုး ဖြစ်ပါသည်။ အရှက်နှင့် အကြောက်တရားသာမရှိလျှင် ကမ္ဘာကြီးတွင် လူ တိုင်း လူတိုင်း မကောင်းမှုပြုလုပ်ဖို့ ဝန်လေးကြတော့မည် မထင်ပါ”လို့ ဆင်ခြင်စဉ်းစားနိုင်စရာများဖတ်ရပါတယ်။

အနှစ်ချုပ်ရရင် ဆောင်းပါး ၂၁ပုဒ်လုံးဟာ လူမှုဘဝပတ်ဝန်းကျင်က အဖြစ်အပျက်များကိုပဲ စာရေးသူအမြင်ရှုထောင့်များနဲ့ ကဗျာအငွေ့အသက်ပါဝင်တဲ့ အရေးအသားဖြစ်လို့ အက်ဆေးချစ်သူများ ဖတ်ရှုနှစ်သက်နိုင်မယ်လို့ ဆိုလိုက်ရပါတယ်။

Loading