Balance Fitness အားကစားခန်းမရဲ့ ၄ ကြိမ်မြောက် “Balance’s 4th Charity Sports Day” ကို မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေ ပန်းခြံမှာ ကျင်းပခဲ့ပြီး မိဘမဲ့ကျောင်း ၇ ကျောင်းမှ မိဘမဲ့ ကလေးငယ်ပေါင်း ၃၅၀ နဲ့အတူ ဂိမ်းကစားခြင်းများ ပြုလုပ်ခဲ့ပါတယ်။
၄ ကြိမ်မြောက် “Balance’s 4th Charity Sports Day” ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိဘမဲ့ ကျောင်းများမှ ကလေးငယ်များကို လှူဒါန်းမှုပြုလုပ်ရင်း ကလေးများအတွက် ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်ရေး အရေးပါပုံကို သိရှိစေရန်နဲ့ ကလေးများရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ကလေးငယ်များနဲ့အတူ ဖြတ်သန်းခဲ့တဲ့ “Charity Sports Day” တနေ့တာအတွင်းမှာ ကလေးများ အတွက် Balance Fitness မှ ဦးစီးတဲ့ အားကစား လုပ်ဆောင်မှုများ၊ ကိုမောင်မောင်အေး Dream Boat အဖွဲ့နဲ့အတူ ပျော်စရာ ဂိမ်းကစားခြင်း အစီအစဉ်များ၊ ကျန်းမာရေး အခမဲ့ စစ်ဆေးပေးခြင်းများနဲ့ ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ခဲ့တာ တွေ့ရပါတယ်။
ဖျော်ဖြေရေး အစီအစဉ်များအနေနဲ့ နိုင်ငံကျော် အဆိုတော်များဖြစ်ကြတဲ့ စန္ဒီမြင့်လွင်၊ ဂျင်းနီ၊ Little ကောင်းမြတ်၊ AR-T၊ ရွှေထူး၊ ခင်စုစုနိုင်၊ သအို၊ Too Big (စောညီညီ)၊ Xbox၊ Super Models၊ Project K၊ လွန်းဇောင်း၊ Lဂျာဆိုင်းပန်၊ ဆော်လ်မွန် စတဲ့ အနုပညာရှင်များက တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေ ခဲ့ကြပါတယ်။
Balance Fitness နဲ့အတူ လှူဒါန်းမှုများ ပြုခဲ့ကြတဲ့ ကုမ္ပဏီများကတော့ Main Sponsor အဖြစ် OPPO၊ Co-sponsor များအဖြစ် Dutch Lay နဲ့ မုဒုံမောင်မောင် Auto Parts Sale Center၊ Gold Sponsor အဖြစ် Ve Ve အချိုရည်နဲ့ Silver Sponsor များအဖြစ် CB Bank, 100 plus နဲ့ အခြား ကုမ္ပဏီများ၊ Location Sponsor အဖြစ် စိမ်းလန်းစိုပြေ ပန်းခြံက ပံ့ပိုးကူညီပေးထားတယ်လို့ သိရပါတယ်။
Balance Fitness နဲ့အတူ အဆိုပါ စပွန်ဆာ ကုမ္ပဏီများနဲ့ Business Partner များမှ အလှူငွေများ၊ Charity ပွဲနေ့မှ ရောင်းချရရှိတဲ့ ရံပုံငွေများကို မိဘကျောင်း (၇) ကျောင်းသို့ ငွေသား ရာခိုင်နှုန်း အချိုးကျ လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။