ပထမအကြိမ်ပြုလုပ်မယ့် Duwun ရဲ့ Food Carnival 2017 ကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့များတွင် ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
“ဒီ ပွဲလေးကတော့ duwun အနေနဲ့က ပထမဆုံးပဲပေါ့။ နောက်ပိုင်းမှာ ဘယ်သူမဆို လာရောက်နိုင်ပါတယ်။ ကလေးပိစိလေးကအစ အသက်ကြီးတဲ့ အဘိုးအဘွားတွေအထိ လာရောက်လို့ရတယ်။ ပညာပေးရော ဖျော်ဖြေပွဲရော ပါပါမယ်။ အန်ကယ်ဦးသိန်းတန်လဲပါမယ်။ အနုပညာရှင်များစွာပါမယ်” လို့ Duwun မှ တာဝန်ရှိသူတဦးဖြစ်သူ မမြပြည့်စုံ ကပြောပါတယ်။
Duwun ရဲ့ Food Carnival 2017 မှာ ဆိုင်ခန်း တရာကျော် ပါဝင် ခင်းကျင်းပြသရောင်းချမှာဖြစ်ပြီး ဆိုင်ခန်း နေရာတွေရဲ့ ၉၅ ရာခိုင်နှုန်းကို နာမည်ကျော် စားသောက်ဆိုင်တွေကလည်း ခင်းကျင်းပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အထူးအစီအစဉ်အဖြစ် ဝိုင်နဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်အဖြစ် မြန်မာပြည်သိန်းတန်၊ ရဲလေး၊ ဇွဲပြည့်၊ ဖြိုးပြည့်စုံ၊ ခင်စုစုနိုင်၊ ဝိုင်းလေး၊ Project- K အကအဖွဲ့နဲ့ Kingsman မျက်လှည့်အဖွဲ့တို့ ပါဝင်ပြီး ကလေးငယ်များအတွက်လည်း Carnival Walk Performance နဲ့ ဆန်းပြားတဲ့ အစီအစဉ်တွေ ပါဝင်မယ်လို့လည်း သိရပါတယ်။
“ထူးခြားချက်က ဘာလဲဆိုရင် Jacob’s Creek ဆိုတဲ့ ဝိုင်က စပွန်ဆာပေးထားတယ်။ ပြီးတော့ ဝိုင်နဲ့ ပတ်သက်တဲ့ ပညာပေးလုပ်မယ်။ ဝိုင်ကိုတိုက်ဖို့ပြောတာမဟုတ်ဘူး။ ဝိုင်မတိုက်ဘဲနဲ့ ဝိုင်ဆိုတာကို အရက်အနေနဲ့ မမြင်ဘဲနဲ့ သောက်စရာ အအေးပုံစံမျိုးမြင်ပြီးတော့ ဒါကိုဘယ်ကထုတ်တာလဲ။ ဘယ်လိုကြောင့် ဘယ်လိုအရောင်ကို ပြောင်းသွားလဲဆိုတဲ့ ဝိုင်ယဉ်ကျေးမှုတခုကို ပညာပေးတဲ့သဘောမျိုးပါဝင်သွားဖို့ရှိတယ်”လို့ မမြပြည့်စုံက ဆက်ပြောပါတယ်။
ဒီပွဲမှာ ထူးခြားမှုတခုအနေနဲ့ အခုလတ်တလောတွင် နာမည်ကြီးနေတဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ “အန်ကယ်ကတော့ No ပါ” ဆိုတဲ့ ပြောစကားနဲ့အတူ မြန်မာပြည်သိန်းတန်က ထူးခြားတဲ့ ပါဖောမန့်စ် တခု ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။