စာနယ်ဇင်း သရုပ်ဖော်ဆရာ တဦးဖြစ်သလို ကာတွန်းဆရာလည်း ဖြစ်တဲ့ ပန်းချီမိုးထက်မိုးရဲ့ SPACE (ကွက်လပ်) လို့ အမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော် ပန်းချီ ပြပွဲကို ယုဇနဥယျာဉ်မြို့တောာ်ရှိ Eternal Art Gallery မှာ မတ် ၁ က ၂၈ ရက်နေ့အထိ ခင်းကျင်း ပြသထားပါတယ်။ သူ့ရဲ့ ပန်းချီ ကားတွေကို လေ့လာကြည့်တဲ့ အခါ အလင်း Space လေးတွေကို ရိုးရာဟန်နဲ့ ပုံဖော်ပြထားတာ တွေ့ရပါတယ်။ သူ အထူးပြု တင်ပြချင်တဲ့ အလင်း Space နေရာနဲ့ Figure ကို အရောင်တောက်တောက်၊ ဒီဇိုင်း အားကောင်းကောင်းနဲ့ ရေးဆွဲတင်ပြထားပြီး ပန်းချီကားရဲ့ ကျန်တဲ့ အပိုင်းကို အမှောင်သဘော ကိုယ်စားပြု ရေးဆွဲထားပါတယ်။ အဲဒီလို ရေးဆွဲဖန်တီးတာက သူ့ရဲ့ သီးခြားဟန် ဖန်တီးမှုပါပဲ။
“ကျနော် တင်ပြတာက အလင်းဗျ။ အမှောင်ထဲမှာ ပေါ်လာတဲ့ အလင်းသေးသေးလေးတွေကို ကျနော် သဘောကျ တယ်။ အဲဒီ အလင်းနဲ့ ထိတွေ့နေတဲ့ အရာဝတ္ထု သက်ရှိ သက်မဲ့တွေရဲ့ အစိတ်အပိုင်း အလှ တချို့တဝက်ကို ကျနော် တွေ့မြင်မိရာက အခုလို အလင်း နည်းနည်း အလှလေးတွေကို ပြချင် ရေးချင်လာပြီး ခုလို အလင်း စီးရီး ရေးဖြစ်ခဲ့တာ ပါ။ အဲဒီ အလင်း သေးသေးလေး ရခဲ့တဲ့ ကွက်လပ်နေရာလေးကို space လို့ ကျနော် သတ်မှတ်ခဲ့ပြီး နာမည် ပေးဖြစ်ခဲ့တာပဲ” လို့ မိုးထက်မိုးက ပြောပြတယ်။
ကာတွန်း၊ သရုပ်ဖော်ပန်းချီ၊ ရသ ပန်းချီ စတဲ့ အနုပညာ ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး “အမျိုးအစား ၃ ခုစလုံး အာရုံကျမှု မတူဘူးဗျ။ ခု ပန်းချီရေးနေတဲ့ တောက်လျှောက် ကာတွန်းရေးလို့ မရဘူး။ သတင်းတွေက idea တွေ ချပေးတယ်။ စိတ်ထဲ ရှိပေမယ့် လက်က ရေး မရဘူး။ ဘာဖြစ်လဲ ဆိုတော့ ပန်းချီ မှာ ခံစားသက်ဝင် စိတ်၊ ပုံဖော်ဖန်တီးနေတဲ့ စိတ်က ကြီးကြီးမားမား လှုံ့ဆော်နေလို့ပဲ။ ဒါဟာ ကာတွန်း မဟုတ်ဘူး၊ ကျနော်မြင်တဲ့ အလှ၊ ကျနော် ရခဲ့တဲ့ ခံစားမှုကို စုတ်ချက်တင် ဖန်တီးနေတဲ့ အချိန်ဖြစ်နေတယ်” လို့ သူက ဆက်ပြောတယ်။
“သရုပ်ဖော်ပုံကျတော့ စာရေးသူရဲ့ ခံစားချက်ကို ဝိုင်းဝန်းထောက်ပံ့ပေးရတဲ့ ဒုတိယအသက်၊ စာမူကို အထောက်အပံ့ ဖြစ်စေမယ့် အားအကူ ဖြစ်စေမယ့် ရုပ်ပုံတွေကို ပံ့ပိုးရေးဆွဲရခြင်းပဲ။ ကိုယ့် ရေးအားကောင်းရင် ကောင်းသလောက် ဝတ္ထုကလည်း ကြွတက်လာမှာပဲ။ ဒီ ၃ ခုစလုံးကို ဖန်တီးဖို့က အမျိုးအစား မတူတဲ့ တင်ပြမှုနဲ့ ခံစားချက်မတူတဲ့ စိတ်တွေကို ပြောင်းယူနိုင်လို့ ဖြစ်မယ် ထင်ပါတယ်။ ပန်းချီ ကို စိတ်ရှိတဲ့ အတိုင်း ရေးဆွဲပြီးလို့ အခု ကျနော်ရဲ့ အဓိကလိုင်း ဖြစ်တဲ့ ကာတွန်းကို ရေးဖို့ကျတော့ ကျနော်သိနေတဲ့ ကာတွန်းခံစားမှုစိတ်ကို ပြန်နှိုးဆော်နေရပြန်တယ်။ ဘယ်ကိစ္စမဆို လက်လွတ်စပယ်တော့ ဘယ်တော့မှ ကျနော် မလုပ်ပါဘူး” လို့ မိုးထက်မိုးက ပြောပါတယ်။
ဒီဇိုင်းဖွဲ့စည်းမှုဟာ အနုပညာမှာတင်မက နယ်ပယ်အားလုံးမှာ အကျုံးဝင် အသုံးတည့်တဲ့ ပညာရပ်တခုဖြစ်ပြီး အထားအသို နေရာချထားမှု မှန်ကန်တဲ့ ပညာရပ်ပါ။ ဒီဇိုင်းကို ပန်းချီ ခေတ်ဦး ကတည်းက အသုံးပြုခဲ့ကြတာလို့ မှတ်သားရပါတယ်။ ၁၉၇၆ ခုနှစ်ဖွား မိုးထက်မိုးက သူ့ရဲ့ ပန်းချီ ဖွဲ့စည်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျနော် ချစ်တဲ့ မြန်မာ့ရိုးရာအငွေ့အသက်တွေ ပါဝင်နိုင်အောင် ထည့်သွင်းထားပေမယ့် ကျနော် ပေးချင်တဲ့ အနေအထားလေးကိုပဲ အလင်း သက်ရောက်မှု အနေအထားနဲ့ လိုက်ပြီး ရေးထားခဲ့တာပါပဲ။ ကာတွန်းရေးဆွဲသူ၊ သရုပ်ဖော်ပုံရေးဆွဲသူ၊ မျက်နှာဖုံးဖန်တီးသူ၊ ပန်းချီ ရေးဆွဲသူတယောက်အတွက်တော့ ဒီဇိုင်းပညာကို ကောင်းကောင်း သိထားဖို့တော့ လိုပါတယ်။ ကျယ်ပြန့်တဲ့ ဒီဇိုင်းအကြောင်းကို အားလုံး မသိနိုင်ပေမယ့် ကိုယ်ဖန်တီးချင်တဲ့ အနုပညာ အတွက်တော့ အတတ်နိုင်ဆုံး အချိန်ယူပြီး ဒီဇိုင်းကို အကောင်းဆုံးလုပ်ခဲ့ရတာပါပဲ”
ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးက အနုပညာရှင်တွေဟာ မိမိတို့ရဲ့ ကိုယ်ပိုင်လက္ခဏာ အမှတ်အသား (Identity) ကို အလေးထားကြပြီး မိမိတို့ရဲ့ အနုပညာကို ပေါင်းဆင့်မြှင့်တင် ဖန်တီးကြတာ တွေ့ရပါတယ်။ ဒီသဘောကို အိန္ဒိယ၊ တရုတ်၊ ဂျပန် နိုင်ငံက ပန်းချီ တွေမှာ အထင်အရှားတွေ့နိုင်ပါတယ်။
“ကျနော့်ရဲ့ပန်းချီ မှာ အဓိက ပေးချင်တာက အလင်း။ အလင်းမှာ အဓိပ္ပာယ် အများကြီး ရှိတယ်လို့ ကျနော် သိထားပါတယ်။ အလင်း မရှိဘဲ အမှောင်တခုလုံးကို ကျနော် ဖန်တီးနိုင်ပေမယ့် အမှောင်မှာ အလင်းတခုရဲ့ အရေးပါမှုကို ကျနော် အဓိကထား ရေးဆွဲခဲ့တယ်။ မြန်မာ့ရိုးရာ အငွေ့အသက်ပါရမယ် လို့ အတင်းအကျပ် သတ်မှတ် မထားပါဘူး။ ကမ္ဘာမှာ ဘယ်နေရာမှာမှ မရှိတဲ့ မြန်မာ့ရိုးရာ အလှအပ သဘာဝတွေကိုတော့ မြန်မာပြည်က ပန်းချီ ရေးဆွဲ ဖန်တီးသူ တယောက်အနေနဲ့ ရေးဆွဲဖန်တီးချင်တဲ့ စိတ်နဲ့ ဂုဏ်ယူစွာ ရေးဆွဲခဲ့တာပါ။ အနောက်တိုင်း အယူအဆတွေနဲ့ အနောက်တိုင်းယဉ်ကျေးမှု အတိုင်း ရေးဆွဲတာမျိုးတော့ ကျနော် မလုပ်ချင်ဘူးလေ။ မြန်မာ့အလှ သဘာဝတွေကို မြန်မာနိုင်ငံက အနုပညာရှင် တယောက်အနေနဲ့ ရေးဆွဲဖန်တီးခွင့် ရနေတာကိုပဲ ကျနော် ကျေနပ် ဝမ်းသာရပါတယ်” လို့ ပန်းချီ မိုးထက်မိုးက ပြောပါတယ်။
ပန်းချီ မိုးထက်မိုးဟာ တိုက် ၉၊ မြေညီထပ်၊ ၁၀ လမ်း၊ အေဘလောက်၊ ယုဇနဥယျာဉ်မြို့တော်မှာ မိသားစုနဲ့ အတူနေထိုင်လျက် အနုပညာအလုပ်တွေ လုပ်ကိုင်လျက်ရှိပါတယ်။ သူ့ရဲ့ ဖုန်းနံပတ်က ၀၉ ၅၄၀ ၁၁၆၁၊ ၀၉ ၇၉၈ ၁၂၁ ၇၄၉ ဖြစ်ပါတယ်။ ။