တောင်အာဖရိကတိုက်၊ ကင်ညာနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ “Global Entrepreneurship Congress & Study Tour” (တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ညီလာခံနှင့် လေ့လာရေးခရီး) ရက်သတ္တပတ်ကို တက်ရောက်ရန် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်လူငယ်များ သွားရောက်နေတယ်လို့ သိရပါတယ်။
အဆိုပါ ညီလာခံသို့ စွန့်ဦးတီထွင်သူ လူငယ်တဦးအဖြစ် တနှစ်ပတ်လုံး ပညာသင်ဆုရရှိကာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်နေသူကတော့ အသက် ၂၂ နှစ် အရွယ်၊ “Kargo” လုပ်ငန်းရဲ့COO (Chief Operating Officer) ကိုထွန်းခိုင်လင်း ဖြစ်ပါတယ်။
“Kargo” လုပ်ငန်းဟာ ရန်ကုန်မြို့တွင်း မြို့ပြင်ပစ္စည်းများအလွယ်တကူ ပြောင်းရွှေ့သယ်ဆောင်နိုင်ရန် Light Truck, Hi-jet ကားများ အလွယ်တကူ ငှားရမ်းနိုင်တဲ့ အွန်လိုင်း Platform တခု ဖြစ်တယ်လို့ သိရပါတယ်။
ကိုထွန်းခိုင်လင်းကို အဆိုပါ ညီလာခံ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ Global Entrepreneur Network (GEN) နဲ့ Genuis Coffee တို့မှ ပညာသင်ဆုပေးကာ သွားရောက်လေ့လာခွင့်ပေးခြင်းဖြစ်ပြီး ပညာသင်ဆု လျှောက်ထားသူ ၁၀၀ ကျော်ထဲမှ တဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။
The Global Entrepreneurship Congress (GEC) ဟာ နှစ်စဉ်နှစ်တိုင်း နိုင်ငံပေါင်း ၁၆၀ ကျော်မှ စွန့်ဦး တီထွင်သူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ သုတေသီများ၊ ဥပဒေရေးဆွဲသူများနှင့် လုပ်ငန်း စတင်လုပ်ကိုင်သူများကို ဖိတ်ခေါ်လျက်ရှိပြီး GEC ရက်သတ္တပတ်အတွင်း နိုင်ငံကိုယ်စားပြု လာရောက်ကြသူများမှ အသိပညာ ပိုမို တိုးပွားမှု၊ သုတေသန အသစ်အဆန်းများ စတဲ့ လေ့လာမှုများကို ပြုလုပ်ကြတယ်လို့ သိရပါတယ်။
“ဒီ ပညာသင်ဆုကို ရရှိတဲ့အတွက် ကျနော် ဂုဏ်ယူပါတယ်၊ ပျော်လည်းပျော်ပါတယ်။ ကျနော် မြန်မာနိုင်ငံအတွက် အသုံးဝင်မယ့် အကျိုးပြုမယ့် အကြောင်းအရာတွေကို လေ့လာပြီး ပြန်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့လို့ လုပ်ငန်း စလုပ်နေသူတွေကိုလည်း အသိပညာတွေ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ GEC ကနေ နိုင်ငံတကာက စီးပွားရေးတွေကို နားလည်သဘောပေါက်အောင် လေ့လာမယ်။ သူတို့ စီးပွားရေးတွေ ဘယ်လို လုပ်ကိုင်နေလဲဆိုတာကို လေ့လာမယ်။ ပြီးရင် မြန်မာနိုင်ငံက စီးပွားရေးစလုပ်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ သူတို့နိုင်ငံရဲ့လုပ်ကိုင်ပုံတွေနဲ့ သေချာကွဲပြားအောင် လေ့လာပါမယ်” လို့ ကိုထွန်းခိုင်လင်းက ပြောပါတယ်။
“Global Entrepreneurship” ညီလာခံသို့ သွားရောက်သူများဟာ တောင်အာဖရိကတိုက်၊ Johannesburg နိုင်ငံသို့ ရန်ကုန်မြို့မှ မတ်လ ၁၁ ရက်နေ့က စတင် ထွက်ခွာသွားခဲ့တာဖြစ်ပြီး လက်ရှိ GEC ဆွေးနွေးဟောပြောပွဲကို ၄ ရက်တာ တက်ရောက်လျက်ရှိပါတယ်။
ဟောပြောပွဲကို ၄ ရက်တာ ကျင်းပပြီးနောက် GEN Myanmar အနေနဲ့ Global Entrepreneurship Study Tour ကို တောင်အာဖရိကတိုက် Johannesburg မြို့နဲ့ ကင်ညာနိုင်ငံမှ Nairobi မြို့တို့မှာ မတ်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
“ကျနော်တို့က မြန်မာနိုင်ငံက စွန့်ဦးတီထွင်သူတွေကို နိုင်ငံတကာ အလုပ်အကိုင်တွေ ရရှိအောင် ကူညီပေးချင်တာပါ။ ဒီလို အာဖရိကကို သွားပြီးတက်ရောက်ရမယ်ဆိုတာက တသက်မှာ တခါသာ ရမယ့် Global Entrepreneurship လှုပ်ရှားမှုတွေကို လေ့လာရမယ့် အခွင့်အရေးတခုပါ။ မြန်မာနိုင်ငံက စွန့်ဦးတီထွင်သူတွေ နိုင်ငံတကာ ပညာရှင်တွေဆီကနေ ပညာတွေသင်မယ်၊ ဗဟုသုတတွေ၊ အတွေ့အကြုံတွေကို မြန်မာနိုင်ငံမှာ ပြန်အသုံးချနိုင်မှာပါ” လို့ Genius Coffee တည်ထောင်သူ၊ ဦးငွေထွန်းက ပြောပါတယ်။
Global Entrepreneur Network အဖွဲ့အနေနဲ့ Nairobi, Kenya သို့ မတ်လ ၁၉ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး Nairobi မှာ ၂ ရက်တာ Study Tour ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့သို့ မတ်လ ၂၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာဖြစ်ပြီး Global Entrepreneurship Network Myanmar ကို Building Markets မှ ဦးဆောင်ကျင်းပတာ ဖြစ်ပြီး USAID မှ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။