Lifestyle

အဆိုတော် အိမ့်ချစ်က အမျိုးသမီးအသုံးအဆောင်တွေ ထုတ်လုပ် ရောင်းချမယ်

Pop အဆိုတော် အိမ့်ချစ်ဟာ မိန်းကလေးတွေနဲ့ ပတ်သက်တဲ့ အဝတ်အထည်၊ အသုံးအဆောင်တွေ အများအပြား ထုတ်လုပ် ရောင်းချသွားဖို့ ရှိတယ်လို့ ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိမှာတော့ သူ့ပုံပါတဲ့ အကျီတွေ၊ chockers တွေ၊ ဦးထုပ်တွေကို Emily by Eint Chit နာမည်နဲ့ ထုတ်လုပ် ရောင်းချနေတာဖြစ်ပြီး အမျိုးသမီးဝတ် Underwear တွေကိုပါ ထပ်မံ ထုတ်လုပ် ရောင်းချနေတာပါ။

“အမမှာ ဒီစိတ်ကူးက လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက ရှိတယ်။ ဖက်ရှင်နဲ့ ပတ်သက်တာ တခုခု လုပ်မယ်လို့ စဉ်းစား ထားတယ်။ နောက်ပြီးတော့ အမက သီချင်းဆိုတာကို ဦးစားပေးနေရတော့ မလုပ်ဖြစ်ဘူး။ ဒါပေမယ့် အခုကတော့ အမလည်း အကောင်အထည် ဖော်ရမယ့်အချိန်ကို ရောက်လာပြီဆိုပြီးတော့ ထုတ်ဖြစ်တာပါ။ အဓိကကတော့ ကိုယ့်ပရိသတ်တွေကို ရည်ရွယ်ပါတယ်။ ပြီးတဲ့အခါမှာ တခြားသူတွေလည်း ဝတ်စေချင်တယ်။ အဲဒီလို ဆန္ဒနဲ့ ထုတ်ဖြစ်ခဲ့တာပါ” လို့ အိမ့်ချစ်က ပြောပြပါတယ်။

သူ့အနေနဲ့ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အသုံးအဆောင် အကုန်လုံးကို ထုတ်လုပ်သွားမှာဖြစ်ပြီး အခု underwear အပြင် မိန်းကလေးတွေအတွက် အသုံးတည့်မယ့် အမျိုးသမီးသုံးပစ္စည်းထည့်တဲ့အိတ်တွေ၊ အသုံးအဆောင်တွေ ထပ်မံ ထုတ်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။

“အခု underwear ပြီးရင် နောက်ထပ် အနီးဆုံးအနေနဲ့ အမျိုးသမီးတွေအနေနဲ့ ကျောင်းသူဘဝတည်းက ကြုံရတဲ့ အခက်အခဲတခုကို ဖြေရှင်းနိုင်မယ့် ပစ္စည်းတခု ထုတ်သွားမှာပါ။ မိန်းကလေးတွေအနေနဲ့ ဓမ္မတာလာတဲ့အချိန်မှာ အမျိုးသမီးသုံးပစ္စည်းကို ကျောင်းခန်းထဲကနေ အိမ်သာထဲကို ယူသွားတာ အရမ်းဒုက္ခရောက်တယ်။ ဟိုလူမြင်မှာစိုးရ၊ ဒီလူမြင်မှာစိုးရနဲ့လေ။ အဲဒီတော့ အဲလိုပစ္စည်းထည့်ပြီး အလွယ်တကူ လက်ထဲမှာ ကိုင်သွားလို့ရမယ့် အိတ်ကလေးတွေ ထုတ်ပါမယ်။ ကျောင်းသွားသွား၊ ရုံးသွားသွား ဘယ်နေရာဖြစ်ဖြစ် ထည့်သွားလို့ ရမယ့်ဟာမျိုးပေါ့။” လို့ အိမ့်ချစ်က သူမရဲ့ နောက်ထပ်ထုတ်မယ့် ပစ္စည်းအကြောင်းကို ပြောပါတယ်။

“အမကိုယ်တိုင် ကိုယ်စွမ်းကိုယ်စလေးနဲ့ လုပ်ဖြစ်နေတဲ့အတွက်တော့ ဂုဏ်ယူတယ်၊ ကျေနပ်တယ်။ ဘယ်မိန်းကလေးမဆို မိန်းကလေး တယောက်အနေနဲ့ ကိုယ်စွမ်းကိုယ်စနဲ့ ရတဲ့နေရာမှာ အမြဲတမ်း ကြိုးစားနေစေချင်တယ်။ ကိုယ်တိုင်ကလည်း အရာရာကို ဦးစီးဦးဆောင် လုပ်နေရတယ်။ မိသားစုမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ဘဝအတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ဦးစီး ပြီးတော့ ကိုယ့်ဉာဏ်စွမ်းရှိသလောက်နဲ့ ကြိုးစားနေရတဲ့ သူတယောက် ဖြစ်တဲ့အတွက်ကြောင့် ဘဝမှာ ကျေနပ်စရာတွေ အများကြီးရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အဆိုတော် အိမ့်ချစ်အနေနဲ့ “အိမ့်ချစ်ဟု ခေါ်သည်” တေးအယ်လ်ဘမ်ကို MTV စရိုက်နေပြီ ဖြစ်ပြီး သီချင်း တပုဒ်ရိုက်ကူးထားပြီး ဆက်လက်ရိုက်ကူး သွားဖို့ရှိကြောင်း၊ လာမယ့်သင်္ကြန် ဘားအံမှာရှိမယ်လို့ အိမ့်ချစ်က ပြောပါတယ်။

Loading